//ဆောင်းပါး//
လင်းမြရည်
ဒွါရာဝတီ၊ အောက်တိုဘာ ၂၈၊ ၂၀၂၄။
မြန်မာပြည်၊ အနောက်ဘက်ကမ်းရိုးတန်းက စစ်ပွဲတွေကြားမှာ ကျန်နေခဲ့တဲ့ မိသားစုနဲ့ ရခိုင်ရိုးမ အရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ မခင်လေး(အမည်လွှဲ) တယောက် တယ်လီဖုန်းက တဆင့် အဆက်အသွယ်ပြန်ရခဲ့တယ်။
“တခြားအပိုဆာဒါးတွေ အများကြီးပြောလို့ မရဘူး၊ ဒီဘက်က ပြောတာပဲ နားထောင်” ဆိုပြီး ရေးကြီးသုတ်ပြာနဲ့ ပြောပြနေတဲ့ တဖက်က စကားတွေထဲမှာ အငတ်ဘေးနဲ့ရင်ဆိုင်နေရတဲ့ အိမ်နီးချင်းတွေနဲ့ မိသားစုဝင်တွေရဲ့ အခြေအနေတွေက အဓိက အနှစ်ချုပ်ပါပဲ။
“အပိုင်းကလူတွေမှာ စားစရာ မရှိကြတော့ဘူး၊ အားလုံးငတ်နေကြပြီ၊ နေမကောင်းရင်တောင် ဆေးဝယ်သောက် စရာ ငွေမရှိကြဘူး၊ အကူအညီပေးနိုင်တဲ့သူတွေရှိရင် လုပ်ပေးပါဦး” ဆိုတဲ့ စကားက မခင်လေးရဲ့ နားထဲ စွဲကျန်ခဲ့ ပါတယ်။
မြန်မြန်ပြော၊ မြန်မြန်ဖုန်းချသွားတော့ ကိုယ်သိချင်တာတွေ မေးခွင့် မရ၊ ဆက်ပြီး အတွေးပွား ကျန်ခဲ့ရတဲ့ မခင်လေးတယောက် ရှိသမျှအားအင်တွေ ကုန်ခမ်းသွားသလို ရင်ထဲမှာ နွမ်းဖတ်ကျန်ခဲ့တယ်။
ဒါနဲ့တင် ပြီးသွားပြီလားဆိုတော့ မပြီးသေးပါဘူး။ နောက်ထပ် ၂ ရက်လောက် အကြာမှာ သူ့လိုပဲ သံတွဲနဲ့ အဆက်အသွယ်ရတဲ့ သူငယ်ချင်းဆီက သတင်းစကားတခု ထပ်ရတယ်။
“အပိုင်းထဲက ဦးလေး(…) ထမင်းမစားရလို့ အာဟာရပြတ်ပြီး မူးလဲတယ်” တဲ့။
မူးလဲတဲ့ ဦးလေးတို့မိသားစုမှာ ကလေးတွေအများကြီးရှိတယ်။ အလုပ်လုပ်နိုင်တဲ့အရွယ်တွေလည်း ရှိတယ်။ သူတို့ မိသားစုဟာ တနေ့မှာ ဆန် ၂ ပြည်နီးပါး ကုန်တဲ့ မိသားစုကြီးပါ။
စစ်ပွဲတွေနီးလာလို့ မြို့ကနေ စစ်ရှောင်ထွက်ကြဖို့ အာရက္ခတပ်တော်(အေအေ)က သတိပေးချက် ထုတ်ပြန်ချိန်မှာ သူတို့မိသားစုဟာ စစ်ရှောင်ဖို့စရိတ် နေနေသာသာ လောက်လောက်ငှငှ စားသောက်စရာ ဝင်ငွေမရှိခဲ့ကြဘူး။
အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းတွေက သူတို့ ဝင်ငွေနဲ့ ဘယ်လိုမှ လိုက်လို့ မမီတဲ့အခါ စစ်ရှောင်ဖို့ထက် စစ်ထဲမှာ ငတ်မသေအောင်ဘယ်လို နေမလဲဆိုတာကို သူ့တို့ စဉ်းစားကြတယ်။ အိမ်ခေါင်မိုးပေါ်တည့်တည့် ကျရင်တော့ သေရမှာပေါ့ ဆိုတဲ့ အတွေးပဲ သူတို့မှာရှိခဲ့တယ်။
သံတွဲမြို့ကို တိုက်ပွဲတွေ ရောက်မလာခင် စစ်တပ်က ကုန်သွယ်ရေးတွေ အားလုံးပိတ်ဆို့ထားတဲ့ အချိန်တုန်းက အဲဒီဦးလေးရဲ့ မိန်းမဟာ မြို့ထဲက ဆံပင်အဝယ်ဒိုင်ဆီကိုသွားပြီး သူ့ဆံပင်ကို အရင်းကနေ ဖြတ်ရောင်းလိုက် တယ်။ ငွေ ကျပ် ၂ သိန်းကျော်ရတယ်။ ရလာတဲ့ငွေနဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေ ဝယ်ပြီး သူ့အိမ်ကို ပြန်လာခဲ့တယ်။
ဆံပင်ဖြတ်ရောင်းလို့ရလာတဲ့ ငွေ ၂ သိန်းကျော်ဟာ စစ်ကောင်စီ ရဲ့ ပိတ်ဆို့မှုဒဏ်ကို မခံရခင်အချိန်က ငွေတသိန်းလောက်တောင် တန်ဖိုးမရှိတော့ပေမယ့် သံတွဲမြို့သိမ်းတိုက်ပွဲ ဒဏ်ကိုရင်ဆိုင်ဖို့ ပြည်သူတယောက် အနေနဲ့ သူလုပ်နိုင်စွမ်းရှိသမျှ အဲဒါအကုန်ပါပဲ။
သူတို့မိသားစုဟာ မြို့မှာ ဘယ်လိုမှ နေလို့မရအောင် တိုက်ပွဲပြင်းထန်ချိန်မှာ မြို့နဲ့မလှမ်းမကမ်း ရွာလေး တရွာကို ထွက်ပြေးကြရတယ်ဆိုတဲ့သတင်းစကားက မခင်လေး တယောက် နောက်ဆုံး သိထားခဲ့တာပါ။
အခုတော့ သူတို့အိမ်ကိုပြန်ရောက်နေကြပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေအသစ်ကို ထပ်ပြီးသိခွင့်ရ လိုက်တာပဲဖြစ်ပါတယ်။
စစ်ကောင်စီကင်းမဲ့ဇုန်ဖြစ်သွားတာ ၃ လနီးပါး ကြာမြင့်လာပြီဖြစ်တဲ့ သံတွဲမြို့မှာ ပြီးခဲ့တဲ့ လတုန်းက စစ်လေယာဉ်တွေ လေကြောင်းဗုံးကြဲလို့ အနီးဝန်းကျင်ကျေးရွာတွေကနေ မြို့ပေါ်တက်ပြီး စစ်ရှောင်နေကြတဲ့ စစ်ဘေးသင့်ပြည်သူအမြောက်အများ သေဆုံးကြတယ်။
ဗုံးတွေ၊ ကျည်တွေ တည့်တည့်မထိသေးလို့ မသေသေးသလို ဝင်ငွေရော အလုပ်အကိုင်ပါ မရှိကြဘဲ နေအိမ်တွေမှာ နေထိုင်ရင်း ငတ်မွတ် ခေါင်းပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ တမြို့တည်းသားချင်း ကျောမွဲတွေရဲ့ အကြောင်းတွေကို မခင်လေးတယောက် မကြာမကြာ ကြားသိနေရတယ်။
ကိုယ်တိုင်ကလည်း စစ်ဘေး၊ အသက်ဘေးကနေ တိမ်းရှောင်နေကြရတဲ့အခါ ကိုယ့်ခွန်ကိုယ့်အားနဲ့ မကူညီနိုင်ပေမယ့် ကိုယ့်ဒေသကို ဝိုင်းကူညီချင်တဲ့ အဝေးက မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေကို အကြိမ်ပေါင်းများစွာ ကြားခံကူညီပေးဖူးတဲ့အတွက် မြေပြင်က အခြေအနေတွေကို ဆက်သွယ်ရေးတွေ မပြတ်တောက်ခင်အချိန် တောက်လျှောက်သိနေခဲ့တယ်။
မခင်လေးတယောက် သံတွဲကနေထွက်မလာခင်တုန်းက လုံခြုံတဲ့တနေရာမှာ ချန်ထားခဲ့တဲ့ ဆိုင်ကယ်အဟောင်းလေးတစီးကို ရရာဈေးနဲ့ ရောင်းချပြီး လိုအပ်တဲ့ စားနပ်ရိက္ခာ ဝယ်ခြမ်း စားသောက်ကြဖို့ မိသားစုဝင်တွေကို စီမံပေးခဲ့ဖူးတယ်။ အဲဒါက မခင်လေးတို့ရဲ့ နောက်ဆုံး လက်ကျန် ပိုင်ဆိုင်ပစ္စည်းလို့လည်း ဆိုနိုင်ပါတယ်။
အဲဒီဆိုင်ကယ်လေးကိုရောင်းတော့ ငွေကျပ် ၄ သိန်းရတယ်။ ဆန်တအိတ်ကို ငွေတသိန်းခွဲ၊ ဖယောင်းတိုင် တထုတ်ကို ငွေတသောင်းခွဲနဲ့ ပါရာစီတမော တကဒ်ကို ၁၄,၀၀၀ ကျပ် ဖြစ်နေတဲ့အခါ အဲဒီငွေ ၄ သိန်းဟာ မြို့မှာ ကျန်ခဲ့တဲ့ မိသားစုအတွက် ကာလတိုလေးတခုအတွင်း ကုန်သွားပြီဆိုတာ မခင်လေး နားလည်တယ်။
အခုတော့ ကိုယ့်မိသားစုတင်မက ပတ်ဝန်းကျင် ရပ်ကွက်ထဲမှာပါ ကူကယ်ရာမဲ့တဲ့ အခြေအနေတွေ ဖြစ်နေတာကို ဘယ်လိုကူညီပေးရမယ်ဆိုတာ မခင်လေးမှာ အဖြေမရှိပါဘူး။
တိုက်ပွဲတွေမဖြစ်ခင် ၅ လအလို ကာလကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ ပိတ်ဆို့ကန့်သတ်မှု တွေကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ မခင်လေးဟာ ခင်ပွန်းဖြစ်သူ ပုဂ္ဂလိကဝန်ထမ်း တယောက်တည်းရဲ့ မစို့မပို့လစာလေးရယ်၊ တဖြည်းဖြည်းနဲ့ အဆပေါင်းများစွာ မြင့်တက်လာတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြားမှာ မငတ်ရုံတမယ် နေထိုင်ရှင်သန်ခဲ့ရဖူးတယ်။
မခင်လေးတို့ သံတွဲကနေ ထွက်မလာခင်ကတည်းက ဆေးရုံ၊ ဆေးခန်းတွေ မလည်ပတ်တော့ဘူး။ ဘဏ်တွေ အလုပ်မလုပ်ကြတော့ဘူး။ ငွေလွှဲငွေထုတ်ရတဲ့ အခက်အခဲတွေ ရင်ဆိုင်လာရတယ်။ မဖြစ်မနေလိုအပ်တဲ့ အိမ်သုံးဆေးဝါးတွေအလွယ်တကူ ဝယ်လို့ မရတော့ဘူး။ လျှပ်စစ်မီး မရှိဘဲ အမှောင်အတိကျနေတဲ့ကာလဟာ ကြာရှည်လာတယ်။ ဆန်တပြည်ကို ၅ ထောင်ကနေ ၈ ထောင်အထိ မြင့်တက်ခဲ့တယ်။ ကြက်ဥတလုံးကို ကျပ် ၅၀၀ ကနေ ၇၀၀ ကျပ်အထိရှိလာတယ်။ အာဟာရပြည့်ဝဖို့ထက် ဗိုက်တင်းနေဖို့ကို ဦးစားပေး ရွေးချယ်ရတဲ့ အခြေအနေဖြစ်နေခဲ့တယ်။
ဒီလိုအခြေအနေတွေကို ရက်သတ္တပေါင်းများစွာ ဖြတ်သန်းနေရတဲ့ မခင်လေးဟာ “ဒီတိုင်းကြီး ငတ်နေဖို့ အတူတူ လာမယ့်ဘေး ပြေးသာတွေ့ ပစ်ချင်တယ်၊ မြန်မြန်ဖြစ်၊ မြန်မြန်ပြီး၊ မြန်မြန် အေးရော” ဆိုတဲ့ အတွေးကို အကြိမ်ပေါင်းများစွာ တွေးတောနေခဲ့ဖူးတယ်။
တကယ်တမ်းသံတွဲမြို့ကို စစ်ကြီးရောက်လာတဲ့အခါ လူမမယ်ကလေး တဖက်၊ အရွယ်အို မိဘတဖက်နဲ့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေရပြီး နေ့စဉ်စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။ စစ်အာဏာစနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲမှာ လက်နက်မကိုင်နိုင်တဲ့ ပြည်သူတယောက်အနေနဲ့ ဒီလောက်တော့ တောင့်ခံရမှာပဲဆိုတဲ့ အတွေးက အစကတည်းက မခင်လေးမှာ ရှိနေခဲ့ပါတယ်။
ဒီလိုတွေးလို့ သူက နိုင်ငံရေးစိတ်ဝင်စားသူ၊ နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ၊ လက်နက်ကိုင် တပ်တွေနဲ့ ပတ်သက်နီးစပ်သူတော့ မဟုတ်ပါဘူး။ သူ့အလုပ် သူလုပ်ပြီး သူ့ မိသားစုအတွက် ရုန်းကန်နေရတဲ့ သာမန်အိမ်ရှင်မတယောက်ပါပဲ။
အခုဆိုရင် စစ်ပွဲတွေဟာ မခင်လေးရဲ့ ဇာတိမြေကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တာဟာ နှစ်ဝက်ကျော်ခဲ့ ပြီဖြစ်ပါတယ်။ သံတွဲမြို့မှာ လျှပ်စစ်မီးမရတာ ၅ လကျော် ကြာမြင့်ခဲ့သလို၊ ဆက်သွယ်ရေးတွေ ပြတ်တောက် သွားခဲ့တာ ၃ လကျော်ကြာမြင့်ခဲ့ပါပြီ။
အခုလို အဆက်အသွယ်တွေပြန်ရချိန် ရိုးမတဖက်ခြမ်းမှာကျန်ခဲ့တဲ့ သံတွဲမြို့က ကိုယ့်ရဲ့ဆွေမျိုးသားချင်း၊ ရပ်ကွက်သတင်းကို ကြားလိုက်ရတာကြောင့် ကိုယ့်ပတ်ဝန်းကျင်အတွက် ကိုယ်တိုင် ဘာကူညီပေးနိုင်မလဲလို့ မခင်လေး ပြန်စဉ်းစားကြည့်တယ်။ ကိုယ်တိုင်ကလည်း စစ်ရှောင် တယောက်ဖြစ်နေသလို မိသားစု ထမင်းမငတ်ရေးအတွက် ဘဝကို သုညကနေစပြီး ရုန်းကန်နေရတဲ့အချိန်မှာ မခင်လေးအတွက် အဖြေက နီးစပ်ရာ မိတ်ဆွေတွေဆီ အကူအညီလှမ်းတောင်းကြည့်တာကလွဲရင် တခြားမရှိဘူး။
“သူတို့လည်း အကြိမ်ကြိမ် ကူညီပြီးကြပြီ၊ ကူရမယ့်လူတွေကလည်း များနေတော့ ထပ်မကူနိုင်ကြတော့ဘူး၊ အခု သူနည်းနည်း၊ ငါနည်းနည်းနဲ့ စုလိုက်တော့ ဆန် ၂ အိတ်ဖိုးလောက်ရတယ်၊ သူတို့ ခွဲဝေစားသောက်လို့ရအောင် လွှဲပေးဖို့ စောင့်နေတယ်၊ နောက်တခေါက် ဖုန်းလာပြောမယ်လို့ ချိန်းထားတာ ရောက်မလာသေးဘူး” လို့ မခင်လေးက ပြောပြတယ်။
တိုက်ပွဲကာလ စစ်ရှောင်နေရတဲ့ ရက်သတ္တပေါင်းများစွာတုန်းကလည်း အဝေးက မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ဝိုင်းဝန်းကူညီလှူဒါန်း ငွေတွေနဲ့ အရေးပေါ်စားနပ်ရိက္ခာတွေ အကြိမ်ကြိမ်ရရှိခဲ့ဖူးတယ်။ ဒါပေမယ့် ဝင်ငွေရ အလုပ်တွေ မလုပ်နိုင် မချင်း ထပ်တလဲလဲ လိုအပ်နေတဲ့အခါ ပြည်သူက ပြည်သူကို ကူညီတဲ့ အခြေအနေတွေနဲ့ ကာလကြာကြာ တောင့်ခံနိုင်ဖို့ ခက်ခဲလာတယ်။
ဖုန်းလိုင်းရတဲ့နေရာအထိရောက်လာပြီး ဖုန်းပြောဖို့ အခွင့်အရေးမရလို့ မလာသေးတာဖြစ်နိုင်တဲ့အတွက် မခင်လေးတယောက် ဆန်အိတ်ဖိုးလေးကို ကျစ်ကျစ်ပါအောင်ကိုင်ရင်း အိမ်ကနေ ဆက်သွယ်လာမယ့်ရက်ကို ထိုင်စောင့်နေမိတယ်။
အခုဆို ၁၀ ရက်ကျော်သွားပါပြီ။ ဒါတော်လှန်ရေးလုပ်နေတာ၊ တောင့်ခံရမယ်လို့ သိပေမယ့် ထမင်းမစားရလို့ မူးလဲသူလဲနေတဲ့အခြေအနေကို သူတို့ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ မသေချာလှသလို၊ ဘယ်လိုရှေ့ဆက်လုပ်ကြမလဲဆိုတဲ့အဖြေအသစ်ကို မခင်လေးတယောက် မစဉ်းစားတတ်သေးပါဘူး။