EssayLifestyle

သတိတရ သံတွဲ

ဒွါရာဝတီ၊ ဩဂုတ် ၂၂၊ ၂၀၂၅။

သံတွဲကို သတိရတယ်။ အထူးသဖြင့် သံတွဲက မိတ်ဆွေတွေရဲ့ ဓာတ်ပုံတွေကိုမြင်ရတဲ့အခါ သတိရခြင်း ဝေဒနာက ပိုတိုးလာတတ်တယ်။ အခုဆိုရင် သူတို့ဘာတွေများလုပ်နေမလဲ၊ ဘယ်များရောက်နေမလဲစသဖြင့် တွေးတောမိတယ်။ သံတွဲမှာ ရှိနေစဉ်တုန်း အမှုမဲ့အမှတ်မဲ့နေခဲ့တာတွေကို အခုချိန်မှာ တခုတ်တရကို သတိရနေ မိတယ်။

သံတွဲကနေ ထွက်ခွာခဲ့တာ အခုဆိုရင် ၂ နှစ်ကျော်သွားပြီ။ သတိမရတဲ့နေ့ရယ်လို့ မရှိဘူး။ သံတွဲသတင်းတွေကို နေ့တိုင်းလိုလိုနားစွင့်ဖြစ်တယ်။ သံတွဲရဲ့သတင်းတွေဟာ ဖုန်းလိုင်းမကောင်းလို့ လိုင်းကျကျသွားသလိုမျိုး၊ ကြားတချက် မကြားတချက်။ သတင်းအများစုက အဆင်မပြေမှုတွေက များတယ်။ အဲဒီလိုအဆင်မပြေတာတွေ ကြားသိရလေ သံတွဲမြို့ကို ပိုပြီးသတိရလေ၊ အရင်တုန်းက အချိန်တွေကို ပြန်အောင့်မေ့လေပဲ။

မနက်စောစော ဘုရားတောင်ပေါ်က နိဗ္ဗာန်ဆော်ရဲ့ အိပ်ချင်မူးတူး ဘုရားရှိခိုးသံကို နားငြီးခဲ့တယ်လို့ ခံစားရပေ မယ့် အခုက အဲဒီ နားငြီးတာလေးကိုပဲ လွမ်းသလိုလို။ အဲဒီလိုအချိန်မျိုးပြန်ရပါ့မလားလို့တောင် တွေးပူမိတယ်။

သံတွဲမှာတုန်းကဆိုရင် မနက်စောစော ဆိုင်ကယ်စီးပြီး ဘုရားတောင်တက်၊ ဘုရားဝတ်ပြု၊ ရှုခင်းကို တဝကြီးကြည့်၊ အသက်ရှုလေ့ကျင်ခန်းလုပ်၊ ပြီးရင် လက်ဖက်ရည်ဆိုင်သွားပဲ။ လက်ဖက်ရည်ဆိုင်မသွားခင် ဘယ်ဆိုင်ထိုင်မလဲ ဆိုတာ အရင်ဆုံး အာရုံခံတယ်။

ထူးကဲလက်ဖက်ရည်ဆိုင်က ကျဆိမ့်တိုင်ကီသောက်မလား၊ ရွှေဟင်္သာဆိုင်က ကျဆိမ့်လောက်မလား၊ ဘဘကြီးဆိုင်က နို့လက်ဖက်ရည်သောက်မလား။ အဲဒီသုံးဆိုင်က လက်ဖက်ရည်အရသာကို အချိန်၊ ခံစားမှုနဲ့ ကိုယ့်ခန္ဓာက တောင်းဆိုမှုအပေါ်မှုတည်ပြီး သောက်ဖြစ်တယ်။

ကျနော့်အတွက်တော့ အဲဒီသုံးဆိုင်က လက်ဖက်ရည်သည်သာ သံတွဲမှာ အကောင်းဆုံး။ သံတွဲမြို့က လက်ဖက်ရည်ဆိုင်အားလုံးနည်းပါးကို လိုက်ထိုင်ဖူးတယ်။ ဒီသုံးဆိုင်ကိုပဲ ထပ်ခါထပ်ခါ ထိုင်ဖြစ်တယ်။ ထူးကဲဆိုင်က လက်ဖက်ရည်ကို ပထမတော့ မကြိုက်ဘူး။ ကိုယ်ကြိုက်တဲ့ ကျဆိမ့်ကို ပုံမှန်ခွက် မှာသောက်ရင် အဆင်မပြေဘူး၊ ဒါပေမဲ့ ကျဆိမ့်တိုင်ကီ မှာသောက်ရင် ကျနော်သောက်ချင်တဲ့အရသာ ကွက်တိ။ အဲဒါနဲ့ ထူးကဲလက်ဖက်ရည်ဆိုင်မှာ ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ နည်းလေးနဲ့ ပုံမှန်ထိုင်ဖြစ်သွားတယ်။

ရွှေဟင်္သာလက်ဖက်ရည်ဆိုင်ကတော့ လက်ဖက်ရည်လည်း အတန်အသင့်ကောင်းသလို ထိုင်ရတဲ့အရသာကလည်း ခေတ်ဟောင်းက လက်ဖက်ရည်ဆိုင်ရဲ့ အရသာမျိုး။ လက်ဖက်ရည်ဆိုင်ထိုင်ရတဲ့အရသာကို အပြည့်အဝ ရစေတယ်။ ဆိုင်ရဲ့အရှေ့မှာ ဆင်ခေါင်းကားဂိတ်လေးရှိနေတာကတော့ အပိုဆုလေးပေါ့။ ကားဂိတ်လေးကို ငေးရင်းထိုင်ရတဲ့အရသာကို အတော်လွမ်းတယ်။

လက်ဖက်ရည်ကို အဝသောက်ချင်တဲ့အခါ၊ ငယ်ငယ်တုန်းက ကျနော့်ဦးလေးမင်္ဂဆောင်မှာ သောက်ရတဲ့ လက်ဖက်ရည်အရသာမျိုးသောက်ချင်တဲ့အခါ ဘဘကြီးလက်ဖက်ရည်ဆိုင်ကိုသွားတယ်။ သူတို့ဖျော်ပေးတဲ့ လက်ဖက်ရည်ကို သောက်ရတာ မဝတဲ့အခါ တိုင်ကီခွက်ကြီးမှာတယ်။ အဲဒီတိုင်ကီကိုလည်း သောက်ရတာ မဝတဲ့အခါ ၁၀၀၀ ဖိုးဖျော်ခိုင်းရတယ်။

ကျနော်ဟာ လက်ဖက်သောက်ချင်တာလား၊ လက်ဖက်ရည်ဆိုင်ထိုင်ချင်တာလားဆိုတဲ့အပေါ်မှုတည်ပြီး အဲဒီဆိုင်သုံးဆိုင်မှာ ထိုင်ဖြစ်လေ့ရှိတယ်။

လက်ဖက်ရည်ဆိုင်ထိုင်ပြီးရင်တော့ ကျနော်ဟာ ဈေးထဲဝင်ကြည့်တယ်။ ဒီနေ့ ဘာငါးတွေပေါလဲ၊ ဘာချက်စားရင် ကောင်းမလဲ၊ ရာသီပေါ်သီးနှံဘာတွေ ရနေပြီလဲ စသဖြင့် ဒွါရာဝတီဈေးကို တပတ် ပတ်ပစ်လိုက်တယ်။ ဘာမှ မဝယ်ဖြစ်သည့်တိုင်အောင် ဟင်းသီးဟင်းရွက်နဲ့ ငါးတွေကို လိုက်ကြည့်ရတာဟာ တကယ့်အရသာပါ။

ငါးကြိုက်တဲ့ ကျနော့်အတွက် သံတွဲမြို့ကို ရောက်စကဆိုရင် ငါးတန်းဘက်က ငါးတွေကို ကြည့်ရတာဟာ ကြည့်လို့ကို မဝဘူး။ ပင်လယ်ငါးမျိုး အစုံအလင်းပဲ။ အတိုအရှည်၊ အကြီးအသေး၊ ရုပ်ဆိုးဆိုး၊ ရုပ်ချောချော ငါးတွေမှ အစုံအလင်ပဲ။ တချို့ငါးတွေဟာ ကြောက်ဖို့ကောင်းတယ်။ တချို့ငါးတွေဟာ ချစ်ဖို့ကောင်းတယ်။

ဒါပေမဲ့ အနေကြာလာတဲ့အခါ ဘယ်ငါးက ချက်စားလို့ကောင်းတယ်၊ ဘယ်ငါးကဖြင့် ကြော်စားလို့ကောင်း တယ်ဆိုတာကို ပိုပြီး ဂရုပြုမိသွားတယ်။ တချို့ငါးတွေဟာ အကောင်လှပေမယ့် အရသာ မရှိဘူး။ တချို့ငါးတွေကြတော့ ရုပ်ဆိုးပေမယ့် သောက်ဆမ်းလုပ်မလား၊ ဆီပြန်ချက်မလား ရှယ်ကောင်းပဲ။ ငါးစင်းစင်းချောချောကြီးတွေဟာ ချက်စားလိုက်ရရင်ဖြင့်လို့ တွေးမိပေမယ့် ကိုယ်ထင်သလို စားလို့မရဘဲ သူ့နည်းသူ့ဟန်နဲ့ ချက်စားရတဲ့ နည်းတွေလည်းရှိသေးတယ်။ ငါးပေါ်မူတည်ပြီး ချက်နည်းသိတဲ့အခါ အရသာရှိရှိ စားနိုင်တယ်။ အဖိုးတန်တယ်။

တချို့ငါးတွေဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ငါးတန်းမှာ တကြိမ်တခါနဲ့ ကြည့်လို့မဝတဲ့အခါ နောက်တခေါက် ခြေထောက်အပေခံပြီး ထပ်လျှောက်ကြည့်ရတယ်။ ကျနော့်အတွက် ခြေထောက်ပေတာထက် ဈေးသည်က သူ့ငါးဝယ်မယ်အထင်နဲ့ အထိုးရောင်းတာကို အားနာရတာ။ တချို့ငါးတွေဆိုရင် အခုမှ ဖမ်းပြီး ဈေးမှာလာရောင်းတာဖြစ်လို့ ရွံတသောသောနဲ့ ရေတောင် မဆေးရသေးဘူး။ သံတွဲငါးတွေလတ်ဆတ်တာကို အခုလို အဝေးရောက်မှ တန်ဖိုးထားမိတယ်။

တနယ်တကျေးမှာ ဖြူဖတ်ဖြူလျှော်ငါးတွေကို စားနေရတဲ့အခါ သံတွဲဈေးငါးတန်းက လတ်လတ်ဆတ်ဆတ် ငါးတွေရဲ့ အရသာကို တမ်းတမိတယ်။ အပုပ်နံ့ထွက်စပြုတဲ့နေတဲ့ ရေရှူး၊ ရေကျက်တွေကို မြင်ရ၊ စားရတဲ့အခါ သံတွဲဈေးထဲက ဖြူဖြူဖွေးဖွေး ရေကျက်၊ ရေရှူးတွေကို တောင်းတမိတယ်။ ပြုတ်စားစား၊ ချက်စားစား၊ ကင်စားစား ချိုမွှေးလတ်ဆတ်နေတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသားငါးတွေ။ ဒါတွေဟာ လူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပြီး သံတွဲမြို့မှာ မတောင်းတဘဲ အလိုလိုရနေတဲ့ လတ်ဆတ်တဲ့ အရင်းအမြစ် တွေပါ။ အခုတော့ ဒါတွေအားလုံးကို လွမ်းရုံမျှသာပါပဲ။

ငါးဝယ်တဲ့အခါ အလေးခိုးတဲ့ သူတွေကိုလည်း ကျနော်သိတယ်။ ဘယ်သူက အလေးခိုးတတ်တယ်၊ ဘယ်သူက အလေးမှန်တယ်။ ဘယ်သူကတော့ ကျနော့်အပေါ် စေတနာထားတယ်ဆိုတာသိတယ်။ ငါးကို ချိန်ခွင်ထဲ ထည့်လိုက်ကတည်းက အလေးမပြည့်သလို သူတို့ချိန်ခွင်တွေရဲ့ အဖျားတွေကို ကောက်ထားတတ်တယ်၊ ချိုးထားတတ်တယ်။ ဒါပေမဲ့ သူတို့ကို ကျနော် စိတ်မဆိုးဘူး။ နည်းနည်းပါးပါးလိုတာလောက်နဲ့ ကျနော် ပြန်မပြောဘူး။ သူတို့မြင်သာအောင် တခြားတယောက်ဆီမှာ ပုံမှန်လေး ဝယ်ပေးလိုက်တယ်။ သူတို့လည်း ရိပ်စားမိတဲ့အခါ နောက်ပိုင်းဝယ်ရင် ကျနော့်ကို အလေးပြည့်ပြည့်ပေးကြတယ်။ စေတနာထားတယ်။

အဲဒီလိုဈေးဝယ်တဲ့အခါ “ကောင်လေး ဒီမှာနော် အသာကြီး၊ ရော့ အင့် ထည့်ပေးလိုက်ပြီ၊ အဲ မှတ်ကရော” ဆိုတာက ပါသေးတယ်။ လက်ထဲ တဆုတ်ကြီးကောက်ကိုင်ပြီး တကောင်၊ နှစ်ကောင်လောက် ပိုထည့်ပေးတတ်တဲ့သူကို လည်း ကြုံဖူးတယ်။ အိမ်ရောက်လို့ ပြန်ချိန်ကြည့်ရင် ငါးကျပ်သားလောက်ကတော့ လိုနေသေးတာပဲ။ ခဏခဏ ဝယ်ရလေတော့ နောက်ပိုင်း မပြည့်ရင် ကျနော်သေချာလေး ရှင်းပြပြီး ဝယ်တယ်။ ဆိုင်ကို ချိန်ခွင်ယူသွားပြီး ချိန်ပြတယ်။ အဲတော့ ကျနော့်ဆိုရင် သီးသန့်ပြန်ချိန်ပေးတယ်။ သီးသန့်ချိန်ခွင်နဲ့ ရောင်းပေးတယ်။ သူတို့ကို သတိရတယ်။ သူတို့နဲ့ ဆုံခဲ့၊ ကြုံခဲ့ရတာ ဝမ်းသာတယ်။

သံတွဲမှာ အသီးအရွက်တွေဆိုရင်လည်း ညက ခူးထားပြီး မနက်ဈေးထဲမှာ ချရောင်းကြတာ။ အသီးအရွက်တွေ ဆိုရင် ဘယ်ရွာက အသီး၊ ဘယ်နယ်က အသီးဖြစ်တယ်ဆိုတာ ရွေးစားလို့ရတယ်။ နန်းချောင်းအသီး၊ ချောင်းဖျား အသီး၊ ဗမာပြည်အသီးဆိုတာ ကိုယ်ကြိုက်ရာ ရွေးစားနိုင်တယ်။ ကိုင်းခရမ်းသီးပေါ်ချိန်၊ မျှစ်ပေါ်ချိန်၊ မှိုပေါ်ချိန် ဆိုရင် တကယ့်ပျော်စရာ။ သူ့ရာသီအလိုက်ပေါ်တဲ့အသီးအနှံတွေကို စားရတယ်၊ ဝယ်လှောင်ထားရတယ်။

ငပိပေါ်ချိန်၊ ငခြောက်ပေါ်ချိန်၊ ငနီတူပေါ်ချိန်၊ မကျည်းသီးမှည့်ပေါ်ချိန် စသဖြင့် သူ့ရာသီနဲ့သူ မပျင်းရဘူး။ ငသိန်းတုတ်ပေါ်ချိန်ဆိုရင်လည်း ငသိန်းတုတ်မို့ မြို့သူမြို့သားတွေမှာ အလုအယက်ဝယ်ကြရတယ်။ ကိုယ်တိုင် တောင် မစားရက်ဘဲ တနယ်တကျေးရောက်နေတဲ့ အမျိုးအဆွေတွေဆီ ရာသီစာ၊ ဒေသစာအဖြစ် တခုတ်တရပို့ ကြတယ်။

မနက်ပိုင်းမှာ အခုလို ဈေးဝယ်ပြီးပြီဆိုရင် အိမ်မှာ ပြန်ချက်၊ ပြီးရင် ငါးမျှားထွက်။ အလွယ်တကူဆိုရင် ချောင်းထဲမှာ သွားမျှားတယ်။ အချိန်ပေးနိုင်တယ်၊ ချိန်းဆိုထားတယ်ဆိုရင်တော့ ပင်လယ်မှာ သွားမျှားတယ်။ ကျနော်က ဝါသနာရှင်အဆင့်ပါ။ ပင်လယ်ကမ်းနား၊ ချောင်းကမ်းနားလောက်မှာ မျှားတတ်တယ်။ ငါးတွေရလာပြီဆိုရင် တခါတည်းကိုင်ပြီး သောက်ဆမ်းလုပ်စားပစ်လိုက်တယ်။

သံတွဲမြို့မှာ အဲဒီလိုတွေ ပုံမှန်လုပ်နေကြဆိုတော့ အခုနယ်ဝေးကိုရောက်နေတဲ့အခါ မိုးအုပ်လာရင်ဖြစ်စေ၊ လပြည့်၊ လကွယ်ရက်မျိုးဖြစ်စေ ငါးထွက်မျှားဖို့ကို သတိရတယ်။ အခုလောက်ဆိုရင် ငါးမျှားမယ့်သူရှားပါးလို့ ငါးတွေတော့ ကောင်းကောင်းပေါလေဖို့လို့ တွေးမိတယ်။

ညနေစောင်းရင် ပင်လယ်နားသွားပြီး လမ်းလျှောက်မလား၊ ရေကူးမလား။ သံတွဲမြို့ပေါ်မှာပဲ ဘောလုံးကန် မလား။ ညနေစောင်း အဖျော်ယမကာကြိုက်တတ်ရင် လေတဖြူးဖြူးနဲ့ ချောင်းကမ်းနားနဲ့ မြို့အထွက်မှာ ဆိုင်ထိုင်လို့ရသေးတယ်။

ကျနော်ဟာ ဘောလုံးကန်ပြီးလို့ အဖျော်ယမကာလေး မသောက်ဖြစ်ရင် ညချမ်းအချိန်တွေမှာ ဆံတော်တောင် ပေါ်ကို တက်ဖြစ်တယ်။ ထီးတော်က ခေါင်းလောင်သံ တချွမ်ချွမ်ကို နားဆင်ရင်း မီးရောင် မှိတ်တုတ်မှိတ် တုတ်ကြားက အိပ်ရာဝင်ဖို့ ပြင်ဆင်နေတဲ့ သံတွဲမြို့ ကို ငေးကြည့်နေတတ်တယ်။

သံတွဲမြို့က ဘုရားတောင်ပေါ်တွေကို အကြိမ်ပေါင်းများစွာ သွားခဲ့ဖူးလေတော့ အခုလို အဝေးရောက်နေတဲ့အချိန် အရင်က သွားခဲ့မိတာတွေကို ကြံဖန်ပြီး ကျေးဇူးတင်နေမိတယ်။ မနက်စောစောနဲ့ ညခင်းတွေမှာ ဘုရားတောင်ပေါ်တက်၊ ဘုရားရင်ပြင်မှာ မျက်လုံးမှိတ်ပြီး မလှုပ်မယှက်နဲ့ ထိုင်နေရတဲ့ အရသာဟာ အင်မတန်မှ ငြိမ်းချမ်းတယ်။ အဲဒီအေးချမ်းမှု၊ ငြိမ်းချမ်းမှုကို ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားတဲ့အထိ ကျနော်ခံစားပစ်လိုက်တယ်။

သံတွဲမြို့ကို ပြန်ရောက်ခဲ့မယ်ဆိုရင် အဲဒီငြိမ်းချမ်းမှုကို ကျနော် အရင်ဆုံးခံစားလိုက်ချင်တယ်။ ဆံတော်ဘုရား တောင်ပေါ်တက်ပြီး လေကို တဝကြီးရှူပစ်မယ်၊ သံတွဲမြို့ကြီးကိုလည်း တဝကြီးကြည့်ပစ်မယ်။ ပြီးရင် ရခိုင်ရိုးမတောင်တန်းတွေကို ကျော်လွန်ပြီး အရှေ့ အရပ်က တဖြည်းဖြည်းပြုထွက်လာမယ့် နေလုံးကြီးကိုလည်း ငေးကြည့်ချင်တယ်။ တဝကြည့်ပြီးသွားတဲ့အခါ မျက်လုံးတွေကို စုံမှိတ်ထားပြီး ကိုယ့်အသက်ရှုသံကို ကိုယ် ပြန်ကြားရတဲ့အထိ ငြိမ်ငြိမ်လေး နေလိုက်ချင်တယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Check Also
Close
Back to top button