ဂွမြို့နယ်အတွင်း စစ်ရေးတင်းမာလာ၍ ဒေသခံပြည်သူများ စစ်ရှောင်ကြလေပြီ
ဂွ၊ ဩဂုတ် ၁၀၊ ၂၀၂၄။
သံတွဲမြို့နယ်အတွင်းမှ ဆုတ်ခွာထွက်ပြေးသွားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတွဲမြို့တောင်ဘက်ရှိ ဂွမြို့နယ်အတွင်း၌ ထပ်မံ၍ အထိုင်ချစခန်းများတည်ဆောက်ပြီး ခံစစ်များပြင်ဆင်ထားလျက်ရှိရာ၌ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဩဂုတ်လ ပထမပတ်အတွင်း လက်နက်ကြီးပစ်ခတ်မှု၊ ပင်လယ်ပြင် စစ်သင်္ဘော များ၏ ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရမှု ပိုမိုများပြားလာနေသည်ဟု ဒေသခံပြည်သူများက ဆိုသည်။
စစ်ကောင်စီတပ်ထိုင်စခန်းများမှ ယင်းသို့ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများ ရှိနေခြင်းကြောင့်နှင့် အဆောက်အဦပျက်စီးမှုများလည်း ရှိလာသည့်အတွက် အရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှု ပိုမိုပြုလုပ်လာခြင်းဖြစ်သည်။
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲမဖြစ်သေးသော်လည်း စစ်ကောင်စီ တပ်ဖွဲ့များသည့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ဂွမြို့ကြားရှိ ကျေးရွာများသို့ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပစ်ခတ်ခြင်းများကြောင့် ဒေသခံများ သေဆုံးသူများ ရှိလာနေပြီး ဘေးလွတ်ရာသို့ အလုံးအရင်းနှင့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
ဂွမြို့နယ်၊ ဘိုကလေး၊ စေတီကွင်း၊ ချင်းကွင်း၊ ကျောက်ခေါင်းကွင်းစသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ် ရာသို့ တိမ်းရှောင်နေကြရပြီး၊ ပိန်းတောကြီး၊ ပိန်းတောလေးနှင့် ကုလားဖန်းရွာမှ ဒေသခံများကို စစ်ရှောင်ခိုင်း ထားကြောင်း ဒေသခံများထံမှ သိရသည်။
“မနက်က စေတီကွင်းဘက်နဲ့ ပိန်းတောကြီးဘက်က ပစ်သံကြားတယ်၊ နေ့ခင်း ၃ နာရီလောက်က မြဝဘက်ကလို့ထင်တယ်၊ လက်နက်ကြီးနဲ့ထုသံကြားနေရတယ်၊ ပစ်သံတွေဟာ ပတ်လည်ဝိုင်းနေတယ်၊ ကျမတို့ရွာက ကြားမှာ၊ မရှောင်ခိုင်းသေးသရွေ့တော့ ဒီမှာပဲ နေကြရဖို့” ဟု ပုစွန်ဖြေ ကျေးရွာမှ ဒေသခံတဦးက ယမန်နေ့ ညနေပိုင်းက ဒွါရာဝတီသို့ ပြောသည်။
ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်အတွင်းရှိ သာသနိက အဆောက်အဦများ၊ အများပြည်သူပိုင် နေရာများတွင် တပ်စွဲကာ လက်နက်ကြီးများ အထိုင်ချထားသည့် စစ်ကောင်စီတပ်တို့သည် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် နေ့ရောညပါ ပစ်ခတ်ခြင်း၊ ဘင်္ဂလားပင်လယ်အတွင်း အထိုင်ချထားသည့် စစ်သင်္ဘောမှ ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်မှာ ရက်သတ္တတပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။
အလားတူ ဩဂုတ် ၈ ရက်နေ့က သံတွဲမြို့တောင်ဘက် သံတွဲ-ဂွကားလမ်းပေါ်ရှိ ဒေသခံများ၊ သံတွဲမြို့တဝိုက်မှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်လျှက်ရှိသည့် ညောင်ပင်ကွင်းကျေးရွာ၊ ကျောက်ခေါင်းကွင်းကျေးရွာနှင့် စေတီကွင်းကျေးရွာများကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးပြီး၊ သာသနိကအဆောက်အအုံများ၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။
“ဒီနေ့မနက်အစောကြီးက စစ်တပ် တပ်စွဲထားတဲ့ ချင်းကွင်းဘုန်းကြီးကျောင်းတောင်ကို ဒုံးနဲ့ ပစ်ခံရလို့ စစ်သားလား၊ ရဲလားမသိ တယောက်ကို ဆေးရုံယူတာ သိလိုက်တယ်၊ သိမ်ကတော့ ပျက်သွား ပြီတဲ့၊ ချင်းကွင်းက လူတွေလည်း လွတ်ရာမှာ ရှောင်နေရတယ်၊ ဘုန်းကြီးကျောင်းတောင်က စစ်သားတွေက ရွာထဲဝင်နေတယ်လို့ ပြောတယ်” ဟု ကျိန္တလီမြို့နယ်အပိုင်ကျေးရွာ တခုတွင် နေထိုင်သူ တဦးက ယမန်နေ့ ညနေပိုင်းက ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီသည် ဇူလိုင်လ ကတည်းက သံတွဲမြို့နှင့် မိုင် ၄၀အကြားရှိ စစ်ရှောင်များခိုလှုံနေရာ ကျေးရွာများကို တိုက်ပွဲမရှိဘဲ ကြည်း၊ ရေမှ ပစ်ခတ်တိုက်ခိုက်ခြင်းများကို အခါအားလျော်စွာ ပြုလုပ်နေပြီး ယခု လေကြောင်းမှ တိုက်ခိုက်ခြင်းကိုပါ ထပ်တိုးလုပ်ဆောင်လာခြင်းဖြစ်သည်။
စစ်ကောင်စီရေတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် မဲနယ်ကွင်း၊ သရက်ပင်ကွင်း၊ အဘဲ စသည့် ကျေးရွာ များကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဇူလိုင်လလယ်ကလည်း အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး အဘဲကျေးရွာ နှင့် သရက်ပင်ကွင်းကျေးရွာတို့တွင် မူလတန်းကျောင်းသားအရွယ် ကလေးငယ်တဦး အပါအဝင် စစ်ရှောင်နှင့် ရွာသား အရပ်သား ၆ ဦးသေဆုံးခဲ့ဖူးသည်။
ယမန်နေ့က ကျောက်ခေါင်းကွင်း နှင့် ညောင်ပင်ကွင်းကျေးရွာများမှ ထပ်မံသေဆုံးသူများနှင့် ပေါင်းလျှင် ၈ ဦး အထိ ရှိလာပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူများလည်း တိုးလာနေသည်။
သံတွဲနှင့် ငပလီမြို့များမှ စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီ၏ အရပ်ဘက် ဌာနဆိုင်ရာ များသည် ဂွမြို့နယ်တွင်အထိုင်ချထားပြီး၊ စစ်ရေးပြင်ဆင်မှုများကို သံတွဲ-ဂွလမ်းပေါ်ရှိ ချင်းကွင်းကျေးရွာမှ စတင်ကာ ကျိန္တလီ၊ ရတနာမြိုင်၊ ဆပ်သွား စသည့်ကျေးရွာများ အပါအဝင် ရခိုင်ရိုးမလျှောက် အထိုင်ချ ထားကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၃ရက်လောက်ကတော့ အရင်ဒေါင်းချောင်းဂိတ်မှာ တပ်စွဲတယ်၊ လက်နက်တွေနဲ့ စစ်သားတွေကတော့ ဂွရိုးတလျှောက် အိမ်တွေ၊ တဲတွေမှာ ခပ်စိပ်စိပ်တွေ့ရတယ်၊ ဟိုနားတစု သည်နားတစုနဲ့ မနည်းများတယ်” ဟု ကိုယ်တိုင်မြင်တွေ့ရသူတဦးက ဒွါရာဝတီသို့ ပြောသည်။
ဂွမြို့ပေါ်၌လည်း ရွှေနန်းခိုင်စေတီအနီးတွင် စစ်ဆေးရေးဂိတ်တစ်ခု၊ ဂွမြို့အလယ်ရွာ ခမရ ၅၆၃ တပ်ရင်းရှေ့၌ ဂိတ်တစ်ခု၊ ဂွမြို့ ခမရ ၅၆၂ တပ်ရင်းအနီးတွင် တစ်ဂိတ်နှင့် ဂွတံတားမကျေးငူဘက်ကမ်းတွင် ၁ ဂိတ်စသဖြင့် လုံခြုံရေးကင်းဂိတ်များကို ချထားလျက်ရှိသည်ဟု သိရသည်။
သို့သော် ဂွမြို့တွင် ၎င်းတို့၏ စစ်ဆေးရေးဂိတ်နှင့် စစ်တပ်ဂိတ်များမှ လွဲလျှင် မြို့ပေါ်တွင် စစ်ကြောင်း သွားလာ လှုပ်ရှားမှုများ မတွေ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးလျှင် လွန်ခဲ့သည့်ရက်ပိုင်းကလည်း စစ်သားအပြည့်တင်ဆောင်လာသည့် စစ်ကားသုံးစီး ဧရာဝတီတိုင်းဘက်မှ ဂွမြို့သို့ မောင်းနှင်လာပြီး ဂွမြို့ကို စစ်တပ်အင်အားဖြည့်ထားသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်းနှင့် ကပ်လျက်ဖြစ်သော ရခိုင်ပြည်တောင်ဘက်ဆုံးရှိ ဂွမြို့ကို စစ်ကောင်စီသည် အသည်းအသန် ကာကွယ်မည့် အခြေအနေဖြစ်နေပြီး ရှေ့ဆက်ပြီးတိုက်ပွဲများပြင်းထန်လာနိုင်သည့် အရိပ်အငွေ့များ မြင်တွေ့ နေရသည်ဟု ဒေသခံများက သုံးသပ်ကြသည်။