တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၏ အခြေအနေနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများအကြောင်းကို တောင်ကုတ်မြို့ရှိ စေတနာ့ဝန်ထမ်းလုပ်ပေးနေသည့် ဒေသခံတစ်ဦးအား ဒွါရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
//အင်တာဗျူး//
မြကလေး
ဒွါရာဝတီ၊ ဇွန် ၂၀၊ ၂၀၂၄။
ဒွါရာဝတီ။ ။တောင်ကုတ်မြို့နဲ့အနီးဝန်းကျင်က ကျေးရွာတွေက လူနာတွေအခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ။တောင်ကုတ်ဆေးရုံအနေနဲ့ တနေ့က (၁၅ ရက်နေ့ညက) လက်နက်ကြီးထိထားမိတဲ့လူနာ ၁၅ နှစ် သားခန့်အရွယ်အမျိုးသားလူနာကို ညတွင်းချင်းအရေးပေါ်ခွဲစိတ်မှုလုပ်ခဲ့ပေမယ့် အဆင်မပြေဘူးပေါ့နော်၊ ၁၆ ရက်နေ့ နံနက်ပိုင်းမှာ ဆုံးသွားတယ်လို့ သိရတယ်။ ကျန်တဲ့လူနာတွေက ဒီအတိုင်း ရိုးရိုးဖျားနာလူနာတွေ၊ တိုက်ပွဲမဖြစ်မီကတည်းက ဆေးရုံတက်နေတဲ့လူနာတွေပဲ ရှိပါတယ်။
ဒွါရာဝတီ။ ။တောင်ကုတ်မြို့ ဆေးရုံအတွက် ဆေးဝါးရရှိနိုင်မှု အခြေအနေသိပါရစေ။
ဖြေ။ ။ လက်ရှိမှာ လမ်းမပိတ်မီကာလထဲက တောင်ကုတ်ဆေးရုံကလွှဲပြောင်းထားခဲ့တဲ့ နေ့စေ့လစေ့မွေး လူနာတွေ၊ ကင်ဆာ ဆေးသွင်းဖို့ အရေးပေါ်လိုအပ်နေသူတွေနဲ့ ကိုယ်တွင်းကလီစာထိခိုက်ထားသူတွေ အခက်အခဲ တွေ့လျက်ရှိနေပါတယ်။ တောင်ကုတ်ဆေးရုံမှာ နေရပ်ပြန်ဖို့ အချိန်မှီမရရှိလိုက်တဲ့ ဆရာ၀န်တွေနဲ့ လက်ကျန်သူနာပြုတွေပဲရှိလို့ ဆေးဝါးပစ္စည်းအနည်းငယ်နဲ့သာ လည်ပတ်နေရပါတယ်ခင်ဗျ။
ဒွါရာဝတီ။ ။ တောင်ကုတ်မြို့ပေါ် ဒေသခံတွေအတွက် ဆေးဝါးရရှိနိုင်မှု အခြေအနေသိပါရစေ။
ဖြေ။ ။ လက်ရှိအနေထားနဲ့ မျှော်လင့်ရန် မရှိပါခင်ဗျ။ မြို့လူထုအနေနဲ့ နာတာရှည်ရောဂါသည်တွေနဲ့ အခြား အထွေထွေ ရောဂါသည်တွေပါ မကျန် ဆေး၀ါးပြတ်လတ်မှုကို ကြုံတွေ့နေရပါတယ်။
ဒွါရာဝတီ။ ။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ မိုးတွင်းကာလ အခုလိုပိတ်ဆို့ခံရမှုမှာ ကာလရှည်ကြာလျှင် ၁ လအတွင်း အငတ်ဘေးကြုံရပါမယ်။ ဇွန်လ ၁၆ ရက်နေ့ကစပြီး အုပ်စုလိုက် နေအိမ်ဖောက်ထွင်းခံရမှုတွေတောင် ရှိနေပါပြီ။
ဒွါရာဝတီ။ ။လက်ရှိအချိန်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေအတွက် အခက်အခဲဆုံးစိန်ခေါ်မှု တွေက ဘာတွေဖြစ်နေပါသလဲ။
ဖြေ။ ။ အခုက မြို့အဝင်အထွက်အားလုံးကိုပိတ်ထားတဲ့အတွက် နယ်တွေမှာ(ကျေးရွာတွေမှာ) တခုတခုဖြစ် လို့ လူတစ်ဦး တစ်ယောက်ဒဏ်ရာရလို့ ဒီတောင်ကုတ်မြို့ဘက် ဆေးရုံပို့မယ်ဆိုရင်တောင် ကျွန်တော်တို့ သွားရောက်ယူလို့မရတဲ့အခက်အခဲတွေရှိတယ်။ ပြီးတော့ အခုကာလကြီးက ဘာနဲ့တူလဲဆိုတော့ ကိုဗစ်တုန်းက လိုမျိုး လေလှိုင်းထဲကပြန့်တဲ့ရောဂါပိုးတစ်ခုတည်းကိုပဲ ကြောက်နေရတာမျိုးမဟုတ်ဘဲ၊ အခုက မြေပြင်ရော၊ လေပေါ်ကပါ ကြောက်နေရတာဖြစ်တဲ့အတွက် နည်းနည်း အခြေအနေကို ကြည့်ပြီးတော့ ကူညီကယ်ဆယ်ရေး တွေ လုပ်ရတာဖြစ်တဲ့အတွက် နည်းနည်းအခက်အခဲတော့ ရှိတာပေါ့။
ယခုလက်ရှိအချိန်ထိ မြို့တွင်းလမ်းကြောင်းတွေကို နေ့စဥ်နဲ့အမျှ လမ်းကြောင်းအလိုက် လူနာပို့ဆောင်နေရ တာကြောင့် အရေးပေါ်လူနာတင်ကားတွေမှာ ဖြည့်တင်းဖို့ 92 စက်သုံးဆီတွေ လိုအပ်နေပါတယ်။ နောက်ပြီး မိသားစုနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေ၊ အိမ်က ဆေးရုံဝန်ထမ်း၊ မိသားစုဝင်တွေ၊ ဘော်လန်တီယာတွေရဲ့ မိသားစုဝင်တွေကလည်း စိုးရိမ်ကြောင့်ကြမှုတွေ ကိုယ်စီကိုယ်စီ ရှိကြတာဖြစ်တဲ့အတွက်လည်း အိမ်နဲ့ အတိုက်အခံလုပ်ပြီးတော့ကို ကူညီကယ်ဆယ်ရေးတွေ လုပ်နေရတာတော့ အခက်အခဲတစ်ခုလို့ပဲ ပြောရမှာပေါ့။ ဒီအချိန်မှာ တိုက်ပွဲတွေ အဲလောက်အထိ ပြင်းထန်တာ မရှိသေးတဲ့အတွက် အခက်အခဲက အများကြီး မရှိသေး ပါဘူး။
ဒွါရာဝတီ။ ။လက်ရှိအချိန်မှာ ဒေသခံတွေအတွက် အခက်အခဲဆုံးစိန်ခေါ်မှုတွေက ဘာတွေဖြစ်နေပါသလဲ။
ဖြေ။ ။ ကင်ဆာအဆင့်(၃) ဆေးသွင်းဖို့လိုတဲ့သူတွေ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာလူနာတွေ အတွက်ကတော့ ကင်ဆာဆေးသွင်းဖို့ အချိန်မီလိုအပ်တဲ့အတွက် အခုလို လမ်းပိတ်ချလိုက်တဲ့အချိန်တွေမှာ လူနာတွေအတွက် အရမ်းကို အခက်အခဲဒုက္ခကြီးရောက်တာပေါ့။ ဒေသခံတွေအတွက်ကတော့ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက လမ်းကပိတ်ချထားတာဆိုတော့ စီးပွားရေးက သိပ်အဆင်မပြေဘူး။
နောက်ပိုင်းအခု နောက်ဆုံးဖြစ်သွားတဲ့ အခြေအနေကတော့ ပထမ လမ်းတွေပိတ်ထားကတည်းက အဆင်ပြေသလိုလေး ရသလောက် ကုန်စည်စီးဆင်းမှု နည်းနည်းရှိနေတော့ အဆင်ပြေသေးတယ်ဆိုရမယ်။ အခုက ဆေးဝါးပစ္စည်းကအစ ဘာတခုမှမရှိတော့ဘူး။ ပြီးတော့ ကုန်စည်စီးဆင်းမှုလည်း တခုမှ မရှိတော့တဲ့ အခြေအနေမှာကျတော့ အရမ်းကို ခက်ခဲဒုက္ခရောက်ကျတာပေါ့။ ပုံမှန်ဆိုရင် သံတွဲဘက် လမ်းကြောင်းတို့ ဘာတို့က ကုန်စည်စီးဆင်းမှု ရှိသေးတယ်။
အခုက သံတွဲဘက်ကလည်း တိုက်ပွဲဖြစ်နေတယ်ဆိုတော့ တောင်ကုတ်မြို့ကို ဝင်တဲ့ကုန်စည်စီးဆင်းမှုက အကုန်လုံး ပြတ်တောက်သွားတဲ့ အခြေအနေပေါ့နော်၊ အဲဒါက ကြီးမားတဲ့ စိန်ခေါ်မှုလို့ ပြောရမှာပေါ့။
ဒွါရာဝတီ။ ။ ဒေသခံတွေအနေနဲ့ အစိုးရိမ်ဆုံးအချက်က ဘာလဲ။
ဖြေ။ ။လက်ရှိမှာ အစိုးရိမ်ဆုံးအချက်က ဒေသခံတွေအနေနဲ့ဆိုရင်တော့ တိုက်ပွဲဖြစ်မှာကို အစိုးရိမ်ဆုံးပေါ့။ ဒုတိယအနေနဲ့ကတော့ စားနပ်ရိက္ခာ၊ ဆေးဝါးပါ။ ဒါက ဒေသခံတွေရဲ့ အစိုးရိမ်ဆုံးအချက်ပါ။
ဒွါရာဝတီ။ ။ခုနောက်ပိုင်း အခက်အခဲတွေကြားထဲကနေ ဘာတွေကို အောင်အောင်မြင်မြင်လုပ်နိုင်ပါသလဲ။
ဖြေ။ ။ ဇွန်လ ၁၈ ရက်နေ့က တက္ကသိုလ်ခြံဝန်းထဲကို လက်နက်ကြီးကျတဲ့နေ့က အဲဒီမှာပိတ်မိနေတဲ့ ဝန်ထမ်း မိသားစုတွေကိုတော့ လက်နက်ကြီး ပစ်ချပြီး နောက်ပိုင်းမှာ အောင်အောင်မြင်မြင်တော့ ကယ်ထုတ် ပေးလိုက်နိုင်တယ်။ ဇွန်လ ၁၉ ရက်နေ့မှာ တောင်ကုတ်ဆေးရုံအနေနဲ့ ဆေးဝါးပစ္စည်း၊ ဆရာဝန်မလုံလောက်တဲ့ အခြေအနေမှာတောင်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို မီးဖွားပေးနိုင်ခဲ့ပါတယ်။
ဒါတွေက လုံးဝခက်ခဲနေတဲ့ အခြေအနေတွေ ကြားထဲက လုပ်နိုင်ခဲ့တဲ့အရာတွေပေါ့။ အခုလောလောဆယ် အခြေအနေမှာတော့ မြို့က တည်ငြိမ်မှုရှိနေပါတယ်။
ဒွါရာဝတီ။ ။အများပြည်သူ ဘေးကင်းစွာ ဆေးကုသမှုတွေခံယူနိုင်ဖို့ ကူညီပေးနေတဲ့အဖွဲ့အနေနဲ့ နှစ်ဘက်လက်နက်ကိုင် အဖွဲ့တွေကို ဘာမက်ဆေ့ချ်ပေးချင်တာရှိလဲ။
ဖြေ။ ။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ကတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာမျိုးကိုတော့ ကျွန်တော် Message ပေးစရာမလိုတော့ပါဘူး။ နှစ်ဖွဲ့လုံးပဲဖြစ်ဖြစ်၊ အဖွဲ့ပေါင်းစုံပဲဖြစ်ဖြစ် ပြည်သူကိုအမှန်တကယ် ဗဟိုပြုတယ်ဆိုရင်တော့ ပြည်သူကိုနည်းနည်း ငဲ့ညှာပေးဖို့အကြောင်းလောက်ပဲ ပြောချင်ပါတယ်။
ဒွါရာဝတီ။ ။ကျေးရွာတွေဘက်က အခက်အခဲတွေကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။တိုက်ပွဲကြား ဆေးကုဖို့လိုအပ်နေတဲ့သူတွေကတော့ ပန်းတင်းတိုက်နယ်ဆေးရုံမှာတော့ ရှိနိုင်မယ် ထင်တယ်။ တနေ့က ကျွန်တော်တို့ ဖုန်းနဲ့လှမ်းဆက်သွယ်ပေမယ့် မရလိုက်ဘူးပေါ့နော်။ တကယ်လို့ သူတို့နဲ့ အဆက်အသွယ် ရမယ်ဆိုလို့ရှိရင် တောင်ကုတ်ဆေးရုံကို ရွှေ့ပြောင်းမယ်ဆိုလည်း ကျွန်တော်တို့ဘက်က လိုအပ်တာအကုန်လုံး လုပ်ပေးဖို့အတွက်ကို ချိတ်ဆက်ခဲ့ပေမယ့် လုံးဝချိတ်ဆက်လို့ မရခဲ့ပါဘူး။
ဒွါရာဝတီ။ ။ဖြည့်စွက်ပြောချင်တာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ကျွန်တော်တို့အခု လူမှုကူညီရေးလုပ်နေတာကတော့လေ ဘယ်အဖွဲ့အစည်းမှ လုံးဝလုံးဝမပတ်သက်ဘဲ ပြည်သူကို ဗဟိုပြုပြီး လှုပ်ရှားနေတာဖြစ်တဲ့အတွက် နှစ်ဖက်အဖွဲ့အစည်းတွေပဲဖြစ်ဖြစ်၊ အဖွဲ့စုံတွေပဲဖြစ်ဖြစ် ဘယ်လိုနိုင်ငံရေးအထင်မှားမှုကိုမှ မထင်ကြ စေလိုဘူးပေါ့နော်။ အဲဒီတချက်ကိုတော့ လက်နက်ကိုင်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးကို တောင်းပန်ချင်တယ်။