ArticleFeature

အမှောင်ကမ္ဘာထဲက စစ်ကောင်စီကင်းစင် သံတွဲမြို့

“မြို့ကလူတွေနဲ့ အဆက်အသွယ်ရကြလားဝေ”

“သံတွဲကို ပြန်လို့ရပြီလား”

ဒီမေးခွန်း ၂ ခုဟာ လွန်ခဲ့တဲ့ ၂ လနီးပါးကတည်းက ဒီနေ့အချိန်အထိ သံတွဲသူ၊ သံတွဲသားတွေကြားမှာ အရေးအပါဆုံး နှုတ်ဆက်စကားဖြစ်လာခဲ့ပါတယ်။

သံတွဲဒေသအတွင်း ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် သံတွဲမြို့ပေါ်ဟာ မေလ ၁၇ ရက်နေ့မှာ လျှပ်စစ်မီး၊ ဇူလိုင် ၁၄ ရက်နေ့မှာ တယ်လီဖုန်းလိုင်းတွေ မရရှိတော့ဘဲ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။

ငပလီကမ်းခြေမြို့နဲ့ သံတွဲမြို့ပေါ်တွေမှာ အာရက္ခတပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တို့ကြား စတင် တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇွန်လဆန်းကနေ ဇူလိုင်လလယ်အတွင်းမှာ ရာပေါင်းများစွာသော ပြည်သူတွေ ဟာ သံတွဲမြို့ရဲ့ တောင်ဘက်ခြမ်းက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိတဲ့ ဂွမြို့နယ်တဝိုက် ကျေးရွာတွေ ဆီကို ကစဉ့်ကလျားနဲ့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်။

သံတွဲချောင်းနှင့် ဒွါရာဝတီတံတား

တိုက်ပွဲတွေ ပြင်းထန်လာတော့မယ်၊ အမြန်တိမ်းရှောင်ကြလို့ ကြိုတင်အသိပေးချက်တွေရ ပေမယ့် သိန်းနဲ့ချီနဲ့ စစ်ရှောင်စရိတ်တွေ မတတ်နိုင်တဲ့ အခြေခံလူတန်းစားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်းသူတွေ အပါအဝင် အခြေအနေအကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဘဲ အသက်နဲ့ရင်းပြီး ပေကပ်ကျန်နေခဲ့ကြရတဲ့ သူတွေလည်းရှိကြပါတယ်။

မိုင် ၈၀ ကျော်အကွာအဝေးရှိတဲ့ သံတွဲ-ဂွလမ်းမ တလျှောက်က ကျေးရွာတွေမှာ ခိုလှုံနေကြချိန်မှာ လက်နက်ကိုင်နှစ်ဘက် ထိတွေ့တိုက်ပွဲမရှိပါဘဲနဲ့ စစ်တပ်က ရမ်းသမ်းပစ်ခတ်နေတဲ့ လက်နက်ကြီး ကျည်တွေနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားတွေ၊ စစ်ရှောင်တွေ သေဆုံးထိခိုက်တဲ့ အဖြစ်အပျက်တွေ ဆက် တိုက်ဖြစ်လာခဲ့တယ်။

တချို့က ပိုဝေးတဲ့အရပ်တွေကို ဆက်ပြီးထွက်ခွာကြတယ်။ စစ်ရှောင်ပြည်သူတချို့ကတော့ စစ်ကောင်စီ ကင်းစင်နေပြီး တိုက်ပွဲသံတိတ်ဆိတ်လာတဲ့ သံတွဲမြို့ထဲကို ပြန်ဝင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

သံတွဲမြို့၏ ရွှေအံတော်စေတီတော်ဩဂုတ်လဆန်းပိုင်းအထိ အဝေးရောက်မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့နဲ့ Kpay ၊ Wave Pay  တွေကနေ ငွေလွှဲငွေထုတ်ဖို့အတွက် အသွားအပြန် ခရီးစရိတ် ကျပ် ၄ သောင်းကျော် အကုန်အကျခံပြီး တယ်လီဖုန်းလိုင်း မိတဲ့ရွာတွေဆီ သွားနိုင်သူတချို့ဆီကနေတဆင့် သံတွဲမြို့ပေါ်အခြေအနေတချို့နဲ့ မိုင် ၂၀ ကျော်အကွာအဝေးက ရွာနဲ့ စစ်ရှောင်စခန်းတွေရဲ့  အခြေအနေတွေရယ်ကို အကြမ်းဖျင်း သိခွင့် ရနေခဲ့သေးတယ်။

သံတွဲမြို့ပေါ်မှာ တိုက်ပွဲတွေမရှိတော့ပေမယ့် ငပလီကမ်းခြေမြို့တောင်ဘက်အစွန်ဆုံး ဂျိတ္တော ရပ်ကွက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ စစ်ကောင်စီက ပြည်သူတွေ စစ်ရှောင်တဲ့လမ်းမပေါ်က တံတားတွေကို မိုင်းခွဲဖျက်ဆီးတယ်။

စစ်ရှောင်တွေခိုလှုံနေတဲ့ကျေးရွာတွေကို ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ သာမာန်အရပ်သားတွေအများအပြားသေဆုံးရတဲ့သတင်းတွေ၊ ဆန်ဈေးတွေကြီးမြင့်လို့ ဆန်ကွဲစားနေရတဲ့ စစ်ရှောင်တွေဟာ ဆန်ကွဲတောင် ဝယ်မရတော့ဘဲ အငတ်ဘေးနဲ့ ရင်ဆိုင်လာရတဲ့ အခြေအနေတွေ၊ တိုက်ပွဲသံတွေကြားမှာ အသက်လုပြီး ကလေးမီးဖွားခဲ့ရတဲ့ မိခင်တွေ၊ ရစရာမရှိအောင် ဖောက်ထွင်းခိုးယူခံ ထားရတဲ့ အိမ်တွေ စတဲ့အကြောင်းတွေကို တစွန်းတစ သိခွင့်ရနေခဲ့သေးတယ်။

အာကာပျံဝဲ မြို့သံတွဲနှင့် ရွှေအံတော်စေတီတော်

စားနပ်ရိက္ခာနဲ့ပတ်သက်လာရင် ခလရ ၅၅ တပ်ကို သိမ်းတဲ့အခါ ရရှိတဲ့ ဆန်တွေနဲ့ သံတွဲထောင်ရဲ့ ဆန်ဂိုဒေါင်နေ သိမ်းဆည်းရမိတဲ့ ဆန်တွေကို ဇူလိုင်နှောင်းပိုင်းမှာ အရပ်သားတွေကို ဝေငှပေးခြင်း၊ အဖိုးနည်းဈေးနှုန်းတခု သတ်မှတ်ရောင်းချပေးခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ အနည်းအကျဉ်း သိခွင့်ရခဲ့တယ်။

ဒါပေမယ့် ဩဂုတ် ၉ ရက်မှာပဲ တယ်လီဖုန်းလိုင်းရနေသေးတဲ့ ကျေးရွာတွေနဲ့ပါ လုံးဝအဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်။ စစ်တပ်သတင်းပေးတွေကြောင့် စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်ဖြစ်နေတာဆိုတဲ့ “စစ်ရေး၊ လုံခြုံရေးအမြင်” အရ စစ်ရှောင်တွေ၊ ဒေသခံတွေရဲ့ တယ်လီဖုန်းတွေကို ရခိုင်တော်လှန်ရေးတပ်ဖြစ်တဲ့ အေအေက သိမ်းဆည်းခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီနေ့ကစပြီး သံတွဲဒေသရဲ့သတင်းတွေကို တစွန်းတစမှ မသိရ၊ သံတွဲဒေသကလူတွေဟာလည်း သတင်းအချက်အလက်တွေကို သိခွင့်မရကြတော့ဘဲ လျှပ်စစ်မီးအမှောင်အပြင်၊  သတင်းအမှောင် ထုထဲကိုပါ ကျရောက်သွားခဲ့တာဖြစ်ပါတယ်။

သံတွဲဒေသကလူတွေဟာ ပြင်ပကမ္ဘာမှာ ဘာဖြစ်နေတယ်၊ တိုက်ပွဲကြားမှာ ဘာတွေ ရှောင်ရ ဆောင်ရမယ်၊ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဘာတွေသတိထားရမယ်စတဲ့ သတင်းမီဒီယာတွေကပေးတဲ့ သတင်းအချက်အလက်ကို သိခွင့် မရကြတော့သလို၊ ပြင်ပကမ္ဘာက လူတွေကလည်း သံတွဲဒေသမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို မသိကြတော့ပါဘူး။

အဆိုးဆုံးကတော့ သံတွဲတဝိုက်မှာ ပိတ်မိနေပြီး အရေးပေါ်စားနပ်ရိက္ခာ ပြတ်တောက်နေတဲ့ဒဏ်ကို ခံနေရသူတွေဟာ အဝေးရောက်မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားတာ ပါပဲ။  သယ်ယူပို့ဆောင်ရေးစနစ်၊ လျှပ်စစ်မီး၊ ဘဏ်စနစ်၊ အင်တာနက်လိုင်းတွေ မရှိတော့တဲ့အခါ ဝင်ငွေမဲ့ စစ်ဘေးသင့် အရပ်သားတွေဟာ အဝေးရောက်မိသားစုတွေနဲ့ မဖြစ်မနေဆက်သွယ်နိုင်မှသာလျှင် ငတ်မှုခေါင်းပါးတဲ့ဘေးကနေ ကင်းလွတ်နိုင်မယ့်အခြေအနေကို ဆိုက်ရောက်နေခဲ့ကြတယ်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းစတဲ့ အများပိုင်အဆောက်အအုံတွေမှာ စစ်ရှောင်စခန်းအဖြစ် ဖွင့်လှစ်ထားပြီး ပုဂ္ဂလိကအလှူရှင်တွေတချို့က  ခက်ခက်ခဲခဲ ဆက်သွယ်ကူညီတဲ့ငွေတွေ၊ အေအေက စီစဉ်ပေးတဲ့ ဆန်၊ စားနပ်ရိက္ခာတွေနဲ့ မျှဝေသုံးစွဲခဲ့ရပေမယ့် ကြန့်ကြာမှု၊ မလောက်ငှမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

သံတွဲမြို့၏ ရွှေအံတော်စေတီတော်။

“ဘုန်းကြီးကျောင်းတွေ၊ စစ်ရှောင်စခန်းတွေမှာနေတဲ့လူတွေကတောင် နပ်မှန်သေးတယ်၊ ရွာထဲက အိမ်တွေမှာ ခိုလှုံနေကြသူတွေက ငတ်နေကြပြီ” ဆိုတဲ့စကားက တယ်လီဖုန်းလိုင်းတွေ မပြတ်ခင် လွန်ခဲ့တဲ့လကတည်းက စစ်ဘေးရှောင်တွေကြားမှာ ပြောနေတဲ့ စကားဖြစ်ပါတယ်။

စစ်ကောင်စီကင်းစင်ပြီး တိုက်ပွဲသံတွေ ငြိမ်သက်နေတဲ့ သံတွဲမြို့ပေါ်နဲ့ အနီးဝန်းကျင်က ပြည်သူတချို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြို့နဲ့ အသွားအပြန် မိုင်ပေါင်း ၇၀ လောက်အကွာအဝေးကို လမ်းစရိတ် ကျပ် ၆ သောင်း ဝန်းကျင်အကုန်ကျခံ သွားရောက်ပြီး အဝေးရောက်မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ခဲ့ ကြတာတွေရှိပါတယ်။

“သံတွဲကနေ ကျမတို့ဆီကို(ရန်ကုန်ကို) ဖုန်းတခါဆက်ဖို့အတွက် လိုင်းမိတဲ့ရွာကို ဆိုင်ကယ်နဲ့လာရင် ဆီဖိုးက ၆ သောင်းကျော် ကုန်တယ်၊ အိမ်မှာ စားစရာမရှိတော့ဘူး၊ ဒီကနေ ငွေ ၂ သိန်းလွှဲလိုက်တာ လမ်းစရိတ်က ၆ သောင်း၊ ငွေထုတ်ခက ၂ သောင်း၊ စုစုပေါင်း ၈ သောင်းက အလဟသကုန်သွားတယ်” လို့ မကြာသေးခင်က သံတွဲက မိသားစုဝင် တယောက်နဲ့ အဆက်အသွယ်ရရှိခဲ့ပြီး ငွေလွှဲပေးခဲ့တဲ့ ရန်ကုန်ရောက် သံတွဲသူတဦးက ပြောပြပါတယ်။

တိုက်ပွဲတွေ လုံးဝမဖြစ်သေးခင် ၅ လအကြိုကတည်းက ရခိုင်တပြည်နယ်လုံးကို ပြည်မနဲ့ရော ပြည်နယ်တွင်း မြို့ရွာအချင်းချင်းပါ သွားလာဆက်သွယ်ခွင့်တွေကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်ခဲ့ပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေရပ်တန့်ခဲ့တယ်။

ဒေသခံတွေ ဝင်ငွေတွေပြတ်တောက်နေခဲ့ရတယ်။ အခြေခံစားသောက်ကုန်နဲ့ အိမ်သုံးပစ္စည်းတွေကို ၅ ဆကနေ ၁၀ ဆအထိ ပေးပြီးဝယ်ခြမ်း စားသောက်ခဲ့ရသလို စက်သုံးဆီနဲ့ ဆေးဝါးတွေအပါအဝင် ကုန်စည်အများစုကို တရားမဝင်ကုန်ပစ္စည်းတွေအဖြစ် သတ်မှတ်ခဲ့တယ်။  

အဲဒီနောက်မှာ တိုက်ပွဲတွေ နီးကပ်လာတော့ လူဦးရေများတဲ့ မိသားစုတွေအတွက်တော့ ကျပ်သိန်း ဆယ်နဲ့ချီပြီး စစ်ရှောင်စရိတ်အဖြစ် သုံးစွဲခဲ့ကြရတယ်။ ပြည်သူတွေဟာ စစ်ရှောင်စရိတ်တွေ ထုထောင်းတဲ့ဒဏ်၊ ဝင်ငွေတစုံတရာမရှိတော့ဘဲ ကာလကြာမြင့်စွာ နေထိုင်စရိတ်၊ စားသောက်စရိတ်တွေ အဆမဆန် သုံးစွဲခဲ့ရတယ်။

“အခု မြို့ကို လူတော်တော်များများ ပြန်ဝင်လာကြတယ်လို့ပြောတယ်၊ ရပ်ကွက်ဈေးတချို့ ပြန်ဖွင့်နေပြီ၊ ပစ္စည်းပစ္စယတွေလည်း တော်တော်များများ ရောင်းနေကြတယ်တဲ့၊ ဒါပေမယ့် လူတွေမှာ ဝယ်ခြမ်းစားဖို့ ငွေမရှိဘူး” လို့  မိသားစုဝင်တယောက်နဲ့ အဆက်အသွယ်ရခဲ့တဲ့ သံတွဲဒေသခံတဦးက ပြောပြပါတယ်။

ဘာသာပေါင်းစုံတို့ ချစ်ကြည်ငြိမ်းချမ်းစွာနေထိုင်ရာ သံတွဲမြို့။

စစ်ကောင်စီဟာ သူတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ ရခိုင်ပြည်နယ်ထဲက မြို့အချို့နဲ့ ကျေးရွာတွေမှာ ပြန်လည်ဝင်ရောက်နေထိုင်တဲ့ အရပ်သားပြည်သူတွေကိုပစ်မှတ်ထား လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု သင်ခန်းစာတွေရှိခဲ့တဲ့အတွက် အဲဒီအပေါ် မြို့ခံတွေအနေနဲ့ စိုးရိမ်စိတ်တွေရှိနေတာကို သိရပါတယ်။

သံတွဲနဲ့ အနီးဝန်းကျင်တဝိုက်က ဒေသခံပြည်သူတွေအတွက် သတင်းအချက်အလက် သိရှိနိုင်ခွင့်ဆိုင်ရာ အခြေအနေတွေကို တနည်းနည်းနဲ့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းရှိခြင်း/ မရှိခြင်းနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော်(အေအေ)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဒွါရာဝတီက ဆက်သွယ်မေးမြန်းခဲ့တဲ့ အခါ သူက အခုလို ပြန်လည်ဖြေကြားပါတယ်။

ဖုန်းလိုင်းတိကတော့ခါ ယင်းဖက်ခြမ်းက တိုက်ပွဲတိငြိမ်လားခါ အခြေအနေတခုမှာ ပြန်ပွင့်လာဖို့ စော်ပါရာ”

အဲ့ဖက်ခြမ်းမှာ တိုက်ပွဲတွေငြိမ်သွားတဲ့အခါ အခြေအနေတခုမှာ ဖုန်းလိုင်းတွေ ပြန်ပွင့်လာမှာပါ လို့ ဦးခိုင်သုခက ဒွါရာဝတီသတင်းဌာနကို စက်တင်ဘာလ ၁ ရက်နေ့က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။

“စစ်ဘေးရှောင်နေတဲ့ ကျမမိဘတွေနဲ့ အရွယ်မရောက်သေးတဲ့ မောင်လေးနဲ့တူမလေးတွေ ဘေးကင်းရဲ့ လား၊ ထမင်းကော စားကြရရဲ့လား ဘာမှ မသိရတဲ့ဘဝပါ၊ ကူညီကြပါဦး၊ လူလည်း အဲစိတ်နဲ့ ရူးချင်ချင် ဖြစ်နေလို့ပါရှင်၊ ပိုက်ဆံလည်း မရှိကြဘူး၊ နောက်ဆုံးအဆက်အသွယ်ရတဲ့နေ့က ကိုယ့်ရွာကနေ တခြားရွာကို ပြေးလာတာ ဆန် ၁ ပြည်နဲ့ လက်ထဲမှာ ငွေ ၃ သောင်းပဲကျန်တယ်ပြောပြီး ထပ်အဆက်အသွယ် မရတော့လို့ပါရှင်” လို့ သံတွဲသူ အမျိုးသမီးတယောက်က သံတွဲသူ၊ သံတွဲသားတွေ အများစုရှိကြတဲ့ လူမှုကွန်ရက်စာမျက်နှာတခုမှာ တင်ခဲ့ပါတယ်။

အသွားအပြန် မိုင်ပေါင်း ၇၀ လောက်ဝေးတဲ့ တယ်လီဖုန်းလိုင်းမိရာအရပ်ဆီကို လူတိုင်းသွားလာနိုင်ဖို့ မလွယ်ကူတဲ့ အခြေအနေမှာ တယ်လီဖုန်းလိုင်းတွေ ပြန်မပွင့်ခင် ကာလအတွင်း လုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစားထားတဲ့ အများပြည်သူသုံး တယ်လီဖုန်းသုံးစွဲခွင့်နေရာမျိုး စီစဉ်ပေးစေလို တယ်လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

“ဆက်သွယ်ရေးအတွက် သတ်မှတ်နေရာတခုမှာ CDMA ဖုန်းလို အထိုင်ကြိုးဖုန်းနဲ့ထားပြီး မလိုတဲ့ စကားမပြောရအောင် လုံခြုံရေးထားပြီး ရှိစေချင်တယ်၊  အဓိကတော့ မိသားစုတွေကို အသက်ရှင် ကျန်းမာကြောင်း ပေးသိစေချင်ရုံပါ” လို့ သံတွဲမှာ ကျန်နေခဲ့တဲ့ ဆွေမျိုးသားချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသူတဦးက လူမှုကွန်ရက်မှာ မှတ်ချက်ရေးသားခဲ့ပါတယ်။

ရခိုင်ရိုးမကြီးနှင့် သံတွဲချောင်းအား တွေ့မြင်ရစဉ်။

စစ်ဘေးကလွတ်မြောက်ရာကိုရောက်နေတဲ့ တချို့သက်ကြီးရွယ်အိုတွေဟာ သေသလားရှင်သလား မသိရတဲ့ သူတို့သားသမီးတွေကြောင့် အိပ်ယာထဲလဲတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်တဲ့ ခံစားချက်တွေကို ခံစားနေကြရ တာမျိုးလည်း ရှိနေပါတယ်။

အခုလက်ရှိမှာ သံတွဲကို ပြန်ဝင်ကြသူတွေဟာ ငပလီကမ်းခြေမြို့နဲ့ သံတွဲမြို့ပေါ်တိုက်ပွဲပြင်းထန်စဉ် ကာလမှာ သံတွဲနဲ့ ကျိန္တလီကြားက ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြသူတွေဖြစ်ပြီး၊ ကျိန္တလီမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ရှိနေသေးတဲ့အတွက် ကျိန္တလီရဲ့တဖက်ခြမ်းကို ရောက်ရှိနေကြသူတွေကတော့ သံတွဲကို မပြန်နိုင် သေးဘဲ စောင့်ဆိုင်းနေကြရတုန်းဖြစ်ပါတယ်။

ငပလီကမ်းခြေမြို့ဘက်က ဒေသခံတွေဟာလည်း သံတွဲမြို့ပေါ်မှာပဲ ဆက်လက်ခိုလှုံနေရဆဲဖြစ်ပြီး နေရပ် မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

လက်ရှိအချိန်မှာ တိုက်ပွဲမရှိဘဲ အခြေအနေတည်ငြိမ်နေတာ လနဲ့ချီလာပြီဖြစ်ပေမယ့် မီးအမှောင်နဲ့ သတင်းအမှောင်ထုတွေကြား ပိတ်မိနေတဲ့ သံတွဲဒေသခံတွေဟာ စစ်ဘေးနဲ့ပတ်သက်တဲ့ ပညာပေး ဆိုင်ရာ သတင်းအချက်အလက်တွေရယူနိုင်ခြင်း ဆုံးရှုံးနေကြပါတယ်။

သတင်းအချက်အလက်တွေဟာ စားနပ်ရိက္ခာလိုပဲ အရေးကြီးလှပါတယ်။ မှန်ကန်တိကျတဲ့ သတင်း အချက်အလက်တွေကို မရတဲ့အခါမှာ ကောလဟလတွေနဲ့ အကြောက်တရားတွေ လွှမ်းမိုးတဲ့ အခြေအနေနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ထပ်ဆင့်ပေါ်ပေါက်လာစေနိုင်ပါတယ်။

တိုက်ပွဲကြားမှာ သေသလား၊ ရှင်သလားမသိရဘဲ ရက်သတ္တပေါင်းများစွာ အဆက်အသွယ် ပြတ်တောက်နေတဲ့ မိသားစုဝင်တွေနဲ့ အဝေးရောက်ဆွေမျိုးသားချင်းတွေ အဆက်အသွယ်ရရှိနိုင်ရေးနဲ့ ထောက်ပံ့ကူညီနိုင်ရေးတို့ဟာ သံတွဲဒေသက ပြည်သူတွေရဲ့ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါကကြောင့် သံတွဲမှာ တိုက်ပွဲတွေ ငြိမ်သွားပြီးတဲ့နောက် သံတွဲဒေသခံတွေကြားမှာ

“မြို့ကလူတွေနဲ့ အဆက်အသွယ်ရကြလားဝေ”

“သံတွဲကို ပြန်လို့ရပြီလား”

ဆိုတဲ့ မေးခွန်းတွေဟာ အသိချင်ဆုံးမေးခွန်းတွေဖြစ်လာတာပါပဲ။ 

-End

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button