BattleNews

ကျိန္တလီမြို့မှာ မှိုရှာထွက်သူတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်

ကျိန္တလီ၊ ဇူလိုင် ၃ ၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့မှ ဒေသခံတစ်ဦး ဇူလိုင် ၂ ရက်က မှိုရှာထွက်ရာမှာ မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။

မိုင်းနင်းမိသူမှာ ချိုတဲ့သူတစ်ဦးဖြစ်ပြီး စားဝတ်နေရေးအတွက် မှိုရှာထွက်ရာမှ ယခုကဲ့သို့ မိုင်းနင်းမိပြီး ခြေထောက်ပြတ်သွားခဲ့ခြင်းဖြစ်ဖြစ်သည်။

၎င်းကို ဆပ်သွားဆေးရုံသို့ ပို့ဆောင်ထားပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိဟု ဒေသခံ တစ်ဦးက ပြောသည်။

“အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ သူ့မှာ မိန်းမနဲ့ ကလေးသေးသေးလေးရှိတယ်။ မိုင်းတွေရှိတယ် ဆိုတာသိပေမယ့် စားဝတ်နေရေးအတွက် မှိုရှာနေကျဆိုတော့ မှိုထွက်ရှာရင်း အခုလိုဖြစ်တာ” ဟု သူက ပြောသည်။

သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများပြင်းထန်နေပြီး စစ်ရှုံး နေသော စစ်ကောင်စီသည် အေအေတပ်ဖွဲ့ဝင်များ ဂွမြို့ဘက်သို့ရောက်မလာစေရန် ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာများ၌ တပ်စွဲအထိုင်ချထားပြီး အနီးအနားတောတောင်များ၌လည်း နင်းမိုင်းများကို ထောင်ထားကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ဂွမြို့နယ် ရဟိုင်ကွင်းကျေးရွာက ဒေသခံတစ်ဦး တောတက်ဝါးခုတ် သွားစဉ် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေထောက်ပြတ်တောက်ပြီး သွေးထွက်လွန်အသက်ဆုံးရှုံးခဲ့ရသေး သည်။

ယင်းဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ တောင်ဘက်အစွန်ဆုံးမြို့နယ်တခုဖြစ်သည့် ဂွမြို့နယ်အတွင်း အရပ်သား တစ်ဦး မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ယခုကဲ့သို့ မြေမြှုပ်မိုင်းများထောင်ထားသည့်အတွက် ဒေသခံများစိုးရိမ်လျက်ရှိသည်။

အရင်နှစ်တွေက (ဂွမြို့အနီးက)စမ်းချောင်းမှာ အပန်းဖြေသွားတဲ့သူတွေရှိတယ်။ ဒီနှစ်တော့ မသွားရဲကြ တော့ဘူး လန့်နေကြတယ်။” ဟု ဂွမြို့ခံတစ်ဦးက ပြောသည်။

ယခုအချိန်သည် သံတွဲမြို့နယ်၊ ဂွမြို့နယ်တွင် မှိုပေါက်သည့်ကာလဖြစ်ကာ ပုံမှန်အချိန်ကာလများ၌ ဒေသခံ များသည် တောထဲသို့သွားကာ မှိုရှာထွက်လေ့ရှိကြပြီး ရှာဖွေရလာသည့် မှိုများကို သံတွဲမြို့၊ ဂွမြို့ပေါ်သို့ သွားရောက် ရောင်းချလေ့ရှိသည်။

ပုံ-ကျိန္တလီမြို့နယ်မှာ မှိုရှာရင်း မိုင်းနင်းမိသူ တစ်ဦး။ ဓာတ်ပုံ-ဒေသခံတစ်ဦးရိုက်ကူးထားသည့် ဓာတ်ပုံ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button