Editorial

“Development Media Group(DMG)မှ သတင်းထောက် ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင် တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၅ နှစ်စီ ချမှတ်မှုအပါ် ကန့်ကွက်ရှုတ်ချခြင်း”

DMG ၏ သတင်းထောက်ကိုထက်အောင်နှင့် ရုံးဝန်ထမ်း ကိုစိုးဝင်းအောင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၅နှစ်စီချမှတ်ခဲ့ကြောင်း ‌‌

အဆိုပါသတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အလားတူ သတင်းဌာန၏ အယ်ဒီတာချုပ်နှင့် သတင်းထောက်များကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင်ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူထု၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို အလေးထားဖော်ပြနေသော ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတခုမှ သတင်းထောက်နှင့် ရုံးဝန်ထမ်းတဦးကို အာဏာသိမ်း စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ကာ ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်းအပေါ် ဒွါရာဝတီသတင်းဌာနက ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါသည်။

သတင်းမီဒီယာနှင့် သတင်းသမားများသည် ပြည်သူတို့၏ နားနှင့်မျက်စိဖြစ်ပြီး၊ စစ်ကောင်စီ၏ ယခုကဲ့သို့ ပြုမူခြင်းသည် ပြည်သူ့ နား၊ မျက်စိကို ဖောက်ထုတ်ခြင်းဟု မိမိတို့က ယူဆပါသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း‌များစွာကို ဖုံးကွယ်ဖို့ အစဉ်ကြိုးစားကာ၊ သတင်းမီဒီယာများအား အကြမ်းဖက်ခြင်း၊ ဖမ်းဆီးကာ နှစ်ရှည်ထောင်ချခြင်းသာမက၊ သတ်ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သည့် သာဓကများရှိပြီးဖြစ်ပါသည်။

ရခိုင် ဒေသတွင်းအဖြစ်အပျက်များကို ဖုံးကွယ်ခြင်း၊ လူထု၏ သတင်းသိရှိပိုင်ခွင့်များကို ကန့်သတ်ခြင်းများ၊ ရခိုင်လူထုကို သတင်းအမှောင်ချရန် နည်းမျိုးစုံနှင့် ကြိုးစားနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ သူရဲဘောကြောင်သော ယခုကဲ့သို့လုပ်ရပ်တိုင်းအား မိမိတို့ ရခိုင်ပြည်နယ်တောင်ပိုင်းအခြေစိုက် ဒွါရာဝတီ သတင်းဌာနက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။

မိမိတို့သည် DMG သတင်းဌာန၏ ထုတ်ပြန်ချက်နှင့်အတူ ရပ်တည်‌ကြောင်း သိစေအပ်ပါသည်။

အယ်ဒီတာအဖွဲ့

ဒွါရာဝတီ

ရခိုင်ပြည်နယ်တောင်ပိုင်းအခြေစိုက်သတင်းဌာန

ပုံ- DMG ၏ ထုတ်ပြန်ချက်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button