Editorial

မည်သည့်အာဏာရှင်လုပ်ရပ်ကိုမျှ လက်ခံမည်မဟုတ်

ဒွါရာဝတီ၊ ဇွန် ၂၅၊ ၂၀၂၅။

ဒွါရာဝတီသတင်းဌာနသည် စစ်တပ်အာဏာသိမ်းမှုကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သလို စစ်ကောင်စီဆန့်ကျင် တော်လှန်သူများဘက်မှလည်း ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ အာဏာရှင်ဆန်သည့်လုပ်ရပ်များ၊ မတရားဖိနှိပ်မှုများကို ရခိုင်ပြည်၌သာမက မြန်မာပြည်အနှံ့ပါ ချုပ်ငြိမ်းသွားစေရမည်ဖြစ်သည်။

ဒွါရာဝတီသတင်းဌာနသည် ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခုအတွက် ရပ်တည်လုပ်ကိုင်နေခြင်းမဟုတ်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ခု ထူထောင်နိုင်ရန်နှင့် ရခိုင်ပြည်အား ရခိုင်ပြည်သူများကိုယ်တိုင် စီမံခန့်ခွဲအုပ်ချုပ်နိုင်ရန်ဆိုသည့် ရပ်တည်ချက်များကို ဆုတ်ကိုင်ထားသည်။

လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီစနစ်အောက်တွင် မည်သည့် ခွဲခြားဖိနှိပ်မှုမျိုးမှ မရှိစေရ၊ ကျဉ်းမြောင်းသည့် အမျိုးသားရေးအယူအဆများနှင့် အာဏာရှင်ဆန်သည့် မည်သည့်လုပ်ရပ်မျိုးကို မဆို ဒွါရာဝတီသတင်းဌာနအနေဖြင့် လက်ခံနေမည်မဟုတ်ဘဲ တရားသောဘက်၊ ပြည်သူများဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

လွတ်လပ်ပွင့်လင်းသည့် ခေတ်ကာလကြီးတွင် မတရားအနိုင်ကျင့်ဖိနှိပ်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းသည် အဆင်အခြင်မဲ့ရာ ရောက်သည်ဟု ရှုမြင်ပါသည်။ ဤသို့သော အဆင်အခြင်မဲ့သည့် လုပ်ရပ်များကို မကျူးလွန်မိ ရန်လည်း တိုက်တွန်းအပ်ပါသည်။

အာဏာရှင်ဆန်သည့် မတရားမှုများကို ပြုလုပ်မည်ဆိုပါက ဒွါရာဝတီသတင်းဌာနအနေဖြင့် မည်သည့်မျက်နှာမှ မထောက်ထားဘဲ ဖော်ထုတ်ရေးသားသွားမည်သာဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။

အယ်ဒီတာ

ဇွန် ၂၅၊ ၂၀၂၅။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button