EssayLifestyle

အဏ္ဏဝါရိပ်သာ၊ ငပလီကမ်းခြေနှင့် ငယ်ဘဝအမှတ်တရများ

ငပလီကမ်းခြေတိုက်ပွဲတွေပြင်းထန်နေတာ ၁ လကျော်ကျော်မှာ ရခိုင်ပြည်နယ်ရဲ့ တခုတည်းသော စစ်အာဏာရှင် တော်လှန်ရေးတပ်ဖြစ်တဲ့ အာရက္ခတပ်တော် (အေအေ)က ငပလီလမ်းဆုံနားက ခလရ(၅၅)နဲ့ အဏ္ဏဝါရိပ်သာကို သိမ်းနိုင်ပြီလို့ တရားဝင်ထုတ်ပြန်လိုက်တယ်။

ထုတ်ပြန်ချက်တွေ၊ ဓာတ်ပုံတွေကိုကြည့်ပြီး ငယ်ငယ်တုန်းက ငပလီမှာ ကြုံခဲ့ဖူးတဲ့ ငယ်ဘဝအမှတ်တရတွေ တန်းစီပြီး ပေါ်လာတယ်။

အခု အေအေက သိမ်းလိုက်တဲ့ အဏ္ဏဝါရိပ်သာဆိုတာဟာ အင်မတန် စိတ်ဝင်စားစရာ၊ ကိန်းကြီးခမ်းကြီးနိုင်လွန်း တဲ့နေရာအဖြစ် ကလေးပီပီသိခဲ့ရတယ်။ အရပ်စကားတွေအရ အဏ္ဏဝါရိပ်သာထဲက ထိုင်ခုံကြီးတွေဟာ ဘယ်လောက်ခန့်ငြားကြောင်း၊ ဝေလငါးကြီးရဲ့ အရိုးတွေနဲ့ လုပ်ထားတဲ့ထိုင်ခုံမျိုးတွေပါ ရှိတဲ့အကြောင်း၊ ရိပ်သာကြီးဟာ ဘယ်လောက် ထယ်ဝါတဲ့အကြောင်း ဟုတ်လေလား၊ မဟုတ်လေလားမသိ လူကြီးသူမတွေက မစားရ ဝခမန်း ခဏခဏ ပြောခဲ့လို့ ကြားဖူးခဲ့တာ မှတ်မိတယ်။

ငပလီရဲ့ အထင်ကရ အမှတ်အသားတခုဖြစ်တဲ့ ရေသူမရုပ်တုဟာ အဏ္ဏဝါရိပ်သာရဲ့ အရှေ့တည့်တည့်မှာ ရှိတာ။ အင်မတန်လှပကျော့ရှင်းတဲ့ အမျိုးသမီးကြီးတယောက်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်း၊ မျက်နှာအကျအလှကို သေသေချာချာထုထားတဲ့ ပန်းပု ရုပ်တု။ ငယ်ငယ်ကတော့ အဲ့ပန်းပုရုပ်တုက ကြေးရုပ်လို့ ထင်တယ်။ အခုလို ဘိလပ်မြေ မံထားတဲ့ အမျိုးသမီးတယောက်ပုံ မဟုတ်ဘူး။ ပါးပါးလျလျနဲ့ ကျကျနန ထိုင်နေတဲ့ အနေတော် ကိုယ်ခန္ဓာနဲ့ သတ္တုတမျိုးမျိုးနဲ့ ထုထားတဲ့ အမျိုးသမီးတယောက်ပုံ။

အဲ့ဒီ ရေသူမရုပ်တုဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မိန်းမတွေထဲက တယောက် ဖြစ်တဲ့ နိုင်ငံကျော် ရုပ်ရှင်မင်းသမီးကြီးတယောက်ရဲ့ ပုံတူကို ထုထားတာလို့လည်း ပါးစပ်ရာဇဝင် ပြောစမှတ်ရှိတာ ကြားဖူး သိဖူးခဲ့တယ်။ ဟုတ်ခြင်း၊ မဟုတ်ခြင်းကတော့ ထုခိုင်းသူနဲ့ ထုဆစ်သူပဲ သိမယ်။

ငပလီကိုရောက်ပြီဆိုရင် အဏ္ဏဝါရိပ်သာရှေ့ သဲသောင်ပြင်အဆုံးက ကျောက်ဆောင်ပေါ် မှာ ကျော့ကျော့ မော့မော့လေး ထိုင်နေတဲ့ ရေသူမဆီကို အပြေးသွားချင်ခဲ့ရတာ အမော။ ရေသူမထိုင်နေတဲ့ ကျောက်ဆောင် ပေါ်ကိုတွယ်တက်၊ ရေသူမ ရင်ခွင်ထဲဝင်ထိုင်၊ ရေသူမ လက်မောင်းကိုတွဲလွဲခိုပြီး အကြည်ဓာတ်ကလေးတွေ ရစေခဲ့ဖူးတဲ့ ငပလီရောက် ငယ်ဘဝဟာ တကယ့်အမှတ်တရပါ။

ငပလီရောက်လို့ ရေသူမဆီကိုမှ မရောက်ရရင် ရင်ထဲမှာ ဟာတာတာဖြစ်တာ ကိုယ်အပါအဝင် လူတိုင်းခံစားမိ မယ်ဆိုတာ ယုံတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀လောက်က ရေသူမနားကို ကပ်နိုင်ဖို့ဆိုတာ တော်ရုံတန်ရုံ အခွင့်အရေးမဟုတ်ဘူး။

“အဏ္ဏဝါရိပ်သာမှာ လူကြီးတွေရောက်နေတယ်”ဆိုတဲ့ စကားကြားရရင် “ရေသူမဆီ မရောက်ရ တော့ဘူး” ဆိုတဲ့အသိနဲ့ မကျေနပ်စိတ်တွေဟာ ငယ်ဘဝကတည်းက ကိန်းဝပ်ခဲ့တယ်။

အဲ့အဏ္ဏဝါရိပ်သာမှာ လူကြီးတွေရောက်တဲ့ကိစ္စဟာ ဒေသခံတွေအတွက်ကတော့ တကယ့် စိတ်ပျက်စရာ စိတ်အမာရွတ်ပဲ။ အဏ္ဏဝါရိပ်သာမှာ လူကြီးတွေရောက်ပြီဆိုရင် ဘယ်ခွေးတကောင်၊ ကြောင်တမြီးမှ အနားကပ်ခွင့်ရမယ်မထင်နဲ့။

“မည်သူမျှ ဖြတ်သန်းသွားလာခွင့်မပြု” ဆိုတဲ့ ဆိုင်းဘုတ်ကို ရေသူမဆီသွားတဲ့ ကမ်းခြေအလယ်မှာ ထိုးစိုက်လိုက် ကြတယ်။ လက်နက် တကားကားနဲ့ ကမ်းနားမှာ တလွှားလွှား သွားနေတဲ့အစိမ်းဝတ်တွေဟာ ရေသူမကို မောင်ပိုင်စီးလိုက်ကြတယ်။

ဒေသအခြေအနေမသိတဲ့ ငပလီရောက်ဧည့်သည်တယောက်ယောက်က ရေသူမဆီကို ဦးတည်မိပြီဆိုလို့ကတော့ ပြည်သူကို ခွေးမောင်းသလို အော်ဟစ်မောင်းထုတ်ပြီး မထီမဲ့မြင်လုပ်ခဲ့ကြတာကို ဒီတသက်မမေ့ဘူး။ ရေသူမ နားကို ကပ်ခွင့်မရတဲ့ “လူကြီးရောက်နေ့စွဲ”တွေကို သိပ်ကို မုန်းခဲ့တယ်။

လူကြီးဆိုတဲ့ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ မိန်းမတွေ၊ သားသမီးတွေ ငပလီကို လာလည်ကြတိုင်း၊ သူတို့ရောက် မယ်ဆိုရင် အဏ္ဏဝါရိပ်သာဘေးအနီးတဝိုက်က ငပလီကမ်းခြေတလျှောက်မှာ ဒေသခံတွေ ဝမ်းရေးအတွက် ရောင်းချကြတဲ့ ခရုပန်းခိုင်၊ အုန်းရည်ဆိုင်က အစ အားလုံး တံခါးပိတ်၊ ဂျိတ်ပဲ။ ဘာမှ ရောင်းချဖို့ မစဉ်းစားနဲ့။ ဆိုင်တွေဆောက်ထားရင် ဆိုင်တွေပါဖျက်။

ကမ်းခြေမှာ စည်ကားလေ့ရှိတဲ့ ပွင့်လင်းရာသီကို မှီတည်အသက်မွေးကြရတဲ့ ဈေးသည်၊ ဆိုင်သည်တွေ အတွက်တော့ လူကြီးလမ်းကြောင်းဆိုတာ မုန်းစရာကောင်းတဲ့ စကားလုံးပဲ။ ရပ်ကျိုးရွာကျိုးသယ်ပိုးဖို့ လာတဲ့လမ်းကြောင်း မဟုတ်၊ သူတို့ကိုယ်ရေးကိုယ်တာ အပျော်အပါးအတွက် အပျော်ခရီးထွက်လာတဲ့ကိစ္စမှာ ပြည်သူတွေက ပြားပြားဝပ်နေရမယ်၊ ငြိမ်သက်နေရမယ်။

အားလုံး ရှင်းလင်းနေရမယ်။ လူတွေတင်လား ဆိုတော့ မဟုတ်ဘူး။ သံတွဲမြို့က လမ်းဘေးခွေးတွေမှန်သမျှ အဆိပ်ကျွေးပြီး သတ်ပစ်ခဲ့ကြသေးတာ။ တယုတယ မွေးထားတဲ့ခွေးတွေကအစ လမ်းပေါ်ထွက်မိလို့ အဆိပ်မိသေးတဲ့အဖြစ်တွေ ရှိခဲ့တယ်။ ဆယ်နှစ်လောက် မိသားစုဝင်ဖြစ်ခဲ့ဖူးတဲ့ ကိုယ့်အိမ်ကခွေးလေး တောင်ပါခဲ့ဖူးသေးတယ်။

ငပလီသူ၊ ငပလီသားတွေအတွက်ရော၊ ငပလီကို ချစ်တဲ့ ကိုယ့်အတွက်ရော ခွေးလည်း ရှင်း၊ လူလည်းရှင်း နေရတဲ့ ငပလီကမ်းခြေရဲ့ လူကြီးရောက်နေ့စွဲတွေဟာ သိပ်မုန်းစရာ ကောင်းတဲ့နေ့စွဲတွေပဲပေါ့။

လူကြီးတွေ မရောက်တဲ့နေ့မျိုးတွေမှာဆိုရင် အဲ့ အဏ္ဏဝါရိပ်သာရှေ့က လှိုင်းကာနံရံ အဆုံးမှာထိုင်ပြီးဖြစ်စေ၊ ကမ်းခြေနားမှာ ခုံတလုံးချပြီးဖြစ်စေ “ဝင်ကြေးပေးရန်”ဆိုတဲ့ ဆိုင်းပုတ်ထောင်ပြီး ပြည်သူတယောက်ချင်းဆီက ဝင်ကြေးကောက်စားခဲ့တာကလည်း အဲ့ဒီအစိမ်းဝတ်တွေပဲ။

အမေပေးတဲ့မုန့်ဖိုးဟာ ရေသူမဝင်ကြေး ဖြစ်ခဲ့ဖူးတယ်။ တခါတလေ ရေသူမဆီ အရောက်လှမ်းနေတုန်း အသက်ခပ်ကြီးကြီးနဲ့ ယူနီဖောင်း ခပ်မွဲမွဲဝတ်ထားတဲ့ စစ်သား တယောက်ယောက်က “ဟေး..ကလေးမလေးတွေ၊ မဝင်ရဘူး၊ ပိုက်ဆံပေး” လို့ လှမ်းအော်ရင် မသိဟန်ဆောင်ပြီး ခပ်သွက်သွက်လျှောက်ပြီး ဝင်ကြေးမပေးရရေး လူလည်ကျခဲ့ဖူးတာလည်းရှိရဲ့။

ကလေးတွေဆိုတော့ အတင်းအကြပ်မတောင်းတာလည်း ပါတာပေါ့။ နောက်ပိုင်းမှာ ငွေမတောင်းတော့ဘူး။ လွတ်လွတ်လပ်လပ်သွားလာ လို့ရတယ်။ လူကြီးတွေရောက်နေတဲ့အချိန်ကလွဲရင်ပေါ့။

အဏ္ဏဝါရိပ်သာဆိုတာ အရှည်အားဖြင့် ၁၂ မိုင်လောက်ရှိတဲ့ငပလီကမ်းရိုးတန်းရဲ့ အလယ်တည့်တည့်၊ ငပလီလမ်းဆုံနဲ့ ဓားလွယ်ခုတ်လောက်မှာရှိတာ။

လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်၊ သုံးဆယ်၊ ငယ်ငယ်က အဲ့ရိပ်သာဝင်ပေါက်ရှေ့က ဖြတ်ရင် ဆိုင်ကယ်သမားက ဆိုင်ကယ်ဆင်းတွန်းရတယ်၊ စက်ဘီးသမားက စက်ဘီးဆင်းတွန်းရတယ်။ မသိလို့၊ မတော်တဆ ကျော်သွားမိရင် နင်ပဲငဆ အော်တာငေါက်တာခံရပြီး သူခိုးဂျပိုးလို့ ဆက်ဆံခံရမယ်။ ဘယ်လောက်ရွံရှာစက်ဆုတ်ဖို့ကောင်းတဲ့ သခင်အားရ ကျွန်ပါးဝ လူ့အဖွဲ့အစည်းလည်း ဆိုတာ။

ဒါတင်မက စစ်တပ်မြေနဲ့တဆက်တစပ်တည်းရှိတာလည်းမဟုတ်ဘဲ ကမ်းခြေဘေးမှာ စစ်တပ်က သိမ်းထား တဲ့မြေတွေကို အုတ်တံတိုင်းခတ်ပြီး ၅၅ စစ်တပ်က မောင်ပိုင်စီးထားခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။

ငပလီကမ်းခြေတလျှောက်က တမျှော်တခေါ် ပြည်သူပိုင် မြစိမ်းရောင်အုန်းခင်းကြီးတွေကို လက်ညှိုးထိုးပြီး ဓားပြတိုက်၊ ဟိုတယ်ကြီးတွေ ဆောက်ခဲ့ကြတာ၊ ပင်လယ် သောင်ပြင်ထက်ဝက်လောက်အထိ လှိုင်းတားနံရံကြီး တွေကျူးကျော်ဆောက်၊ ငပလီရဲ့ သဘာဝအလှကို စနစ်တကျ ဖျက်ဆီးခဲ့ကြတာ။

စစ်တပ်က သိမ်းခံရတဲ့ ပင်လယ်ဘေးက အုန်းခြံကြီးတွေပေါ်မှာ အစီအရီပေါ်လာတဲ့ ဟိုတယ်တွေမှာ မူလအုန်းခြံပိုင်ရှင်တွေက လုံခြုံရေးတွေ၊ ညစောင့်တွေ ဝင်လုပ်၊ နောက်မျိုးဆက်တွေက အောက်ခြေ ဟိုတယ်ဝန်ထမ်းတွေအဖြစ်နဲ့ သူတို့ ဘိုးဘွားပိုင် မြေတွေပေါ်မှာ မျိုးဆက်နဲ့ချီ စော်ကားမော်ကား လုပ်ခံခဲ့ရတာမဟုတ်လား။

အခုတော့ တော်လှန်ရေးတပ်က အစဉ်အလာကြီးတဲ့ အဲ့အဏ္ဏဝါရိပ်သာကြီးနဲ့ ငပလီ ကမ်းခြေ ၇၀ ရာခိုင်နှုန်း လောက်ကို ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်တော်က သိမ်းပိုက်လိုက်ပြီ ဆိုတဲ့သတင်း ကြားတော့ ငယ်ဘဝ အမှတ်တရတွေဟာ ရုပ်ရှင်အနှေးပြကွက်တွေလို တရစ်ချင်း၊ တကွက်ချင်း ပြန်ပေါ် လာတယ်။

ငပလီလို့ဆိုလိုက်ရင် သဲမှုန်လေးတွေကအစ ချစ်တဲ့ကိုယ့်အတွက်တော့ အတိအကျ ပြောရရင် လွတ်မြောက် သွားသလို ခံစားရတဲ့စိတ်ခံစားချက်က ရင်ထဲကို ထုနဲ့ထည်နဲ့ ဝင်လာတယ်။

စိတ်ထဲမှာ တချိန်တုန်းက ပြည်သူကို နင်ပဲငဆနဲ့ မထေမဲ့မြင်လုပ်ခဲ့တဲ့ အဲဒီအဏ္ဏဝါ ရိပ်သာရှိရာ မြေဧကပေါင်း များစွာကို အများပြည်သူ လွတ်လွတ်လပ်လပ် သွားလာလည်ပတ်လို့ရတဲ့ အများပိုင် ပန်းခြံလို၊ မြေယာဥယျာဉ် အဖြစ် ပြောင်းလဲဖန်တီးပစ်ချင်တယ်။

ငပလီကမ်းခြေတလျှောက်က ပြည်သူပိုင် အုန်းခြံကြီးတွေ ပြည်သူ့လက်ထဲ ပြန်ရောက်ဖို့ မျှော်လင့်တယ်။

စစ်ခေါင်းဆောင်တွေ အပျော်ခရီးထွက်တဲ့အချိန်တိုင်း အရေးကြီးပုဂ္ဂိုလ်တွေတည်းတဲ့ အဏ္ဏဝါရိပ်သာကြီးဆိုပြီး လူတွေအပေါ် နည်းမျိုးစုံနဲ့ အနိုင်ကျင့်ဗိုလ်ကျခဲ့တဲ့ အဲ့နေရာ တဝိုက်ကို ဘယ်အစိုးရတက်တက် အများပိုင်နေရာ အဖြစ် ပြန်ဖန်တီးပေးဖို့ တောင်းဆိုချင်တယ်။

စစ်အာဏာရှင်တော်လှန်ရေးတပ်ဖြစ်တဲ့ အာရက္ခတပ်တော် (အေအေ)က ငပလီ လမ်းဆုံနားက ခလရ(၅၅)နဲ့ အဏ္ဏဝါရိပ်သာကို သိမ်းနိုင်ပြီလို့ တရားဝင်ထုတ်ပြန် လိုက်တဲ့အချိန်မှာ ပထမဆုံး ခေါင်းထဲရောက်လာတာက အာဏာရှင်အငွေ့အသက်တွေကို ကျူငုပ်ကမကျန် တူးထုတ်ပစ်ဖို့ဆိုတဲ့အတွေးပါပဲ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button