#ညီညီခိုင်
၁၀ တန်းပြီးခါစ အရွယ် အိမ်ပြေးတစ်ယောက်ရဲ့ မျက်နှာက ဒေါင့်မကျိုး၊ အချိုးမပြေ၊ ပေကပ်ကပ်။
အဲဒီပုံစံမျိုးနဲ့ အိမ်ကနေ ပြေးခဲ့ဘူးပါတယ်။ ဒါပေမဲ့ အလွန်ဆုံး ၁ ပတ်ပေါ့။ အချိန်တန် တော့ အိမ်ပြန်လာခဲ့ရတယ်။
ဒီတခါ အိမ်ကပြေးရတာတော့ ဒီပုံစံမျိုး မဟုတ်တော့ဘူး။ ပြေးမယ်၊ ပြေးမယ်ဆိုပြီး ခေါင်းပူအောင် စဉ်းစားခဲ့တဲ့ ရက်ပေါင်း မနည်းဘူး။ ညတွေမှာ လူးလှိမ့်ပြီး စဉ်းစား ခဲ့ရတာ။
အိပ်ရေးပျက်တဲ့ ညတွေကို အမြှောက်သံ၊ လေယာဉ်သံ၊ သေနတ်သံတွေနဲ့ ကျော်ဖြတ်ခဲ့ရတာဟာ ထုံးစံလို ဖြစ်လို့။
ဒီနေ့တော့(ဇွန် ၂၄) အိမ်ကပြေးရပါပြီ။ အိမ်က ထွက်ခါနီး ချွေးနဲ့စာနဲ့ဆောက်ခဲ့ရတဲ့ အိမ်လေးကိုကြည့်ပြီး ထွက်ခွာတော့မယ့် ခြေလှမ်းတွေ တွန့်ဆုတ်နေလေရဲ့။ သားသမီးရှေ့ရေး၊ မိသားစု ဘေးကင်းရေး က ခြေလှမ်းတွေကို ရှေ့ဆက်သွားစေခဲ့ တယ်။
သံတွဲမြို့အထွက်လမ်း ၁ မိုင်လောက်ဝေးတဲ့ မောင်းတံဂိတ်အထိ လူတန်းက လူတန်းစား စုံလို့။
ကား၊ သုံးဘီး၊ တုတ်တုတ်၊ ဆိုင်ကယ်နဲ့ လမ်းလျှောက်သူတွေကလည်း မနည်းပဲ။
ကလေးနဲ့ မိန်းမကို ဆိုင်ကယ် ပေါ်တင်ရင်း၊ ရင်တွေကွဲပြီး ငိုလိုက်ရတာ၊ တော်သေး တယ် အလိုက်တသိနဲ့ ရွာချပေးလိုက်တဲ့ မိုးကလည်း သည်းသည်းမည်းမည်း။
ရှေးလူကြီးတွေ ပြောတာ ကြားဖူးတယ်။
“ပြန်မလာချင်တဲ့နေရာကို ဘယ်တော့မှ ပြန် မလှည့်ကြည့်မိစေနဲ့” တဲ့။
ဒါပေမဲ့ ဆံတော်၊ နံတော်၊ အံတော် ဘုရားသုံးဆူကို ကျနော်တို့ မိသားစု ပြန်လှည့်ကြည့်ပြီး ပူဇော်ခဲ့မိတာ အကြိမ်ကြိမ်။ နေရစ်ခဲ့ဦးတော့ သံတွဲရေ………။
ကားလမ်းတစ်လျောက် ကားတွေပေါ်မှာ အိုးခွက်၊ ပန်းကန်အစုံအလင် ပလပ်စတစ် ခွက်လည်း အပါအဝင်ပေါ့။
တချို့တွေက သုံးဘီးကားပေါ်မှာ မိုးကာ မပါ၊ ထီးမပါတဲ့ ကျောင်းနေအရွယ် ကလေးတွေ လည်း တွေ့ရ။
ဖိနပ်ကို ခါးထိုးပြီး လမ်းလျှောက်ခရီးသည် တွေလည်း တွေ့ရ။
သား၊ သမီးတွေကို ခါးထစ်ခွင်ချီ၊ ချွေးကို မိုးရေထင်ပြီး လမ်းလျှောက်နေတဲ့ မိသားစုတွေနဲ့ လူတန်းစား အစုံအလင်ရဲ့ မျက်နှာမှာ ပြုံးရယ်ခြင်းကင်းလျက်။
အားလုံးရဲ့ ရင်ထဲမှာ ငိုနေကြတယ်လေ။
၁၀ တန်းပြီးစအရွယ် အိမ်ကနေပြေးတော့ အိမ်ပြန်ရောက်မယ်ဆိုတာ သေချာသိနေ ခဲ့တယ်။
ဒါပေမဲ့ အခုတခါ အိမ်က ပြေးရတာက
……………………….။
ဇွန် ၂၅၊ ၂၀၂၄။