
ဒွါရာဝတီ၊ ဒီဇင်ဘာ ၂၉၊ ၂၀၂၄။
လက်နက်ကြီး၊ လက်နက်ငယ်သံ၊ အမြောက်သံ၊ ဗုံးသံတွေနဲ့ အငတ်ဘေးကြားထဲက ပြေးမထွက် နိုင်ဘဲ သံတွဲမြို့မှာ ကျန်နေခဲ့ကြတဲ့ ဦးလေးအရင်း၊ ဦးလေးဝမ်းကွဲနဲ့ အဒေါ်ဝမ်းကွဲတွေဆီကို ပြီးခဲ့တဲ့တပတ်လောက်က စေတနာ့ဝန်ထမ်း မိတ်ဆွေတွေရဲ့ အကူအညီနဲ့ တတ်နိုင်သလောက် အသုံးစရိတ်လေး လှမ်းပို့ဖြစ်တယ်။
စစ်မဖြစ်ခင်၊ စစ်ရိပ်စစ်ငွေ့ကို ကြိုတင်ခံစားမိချိန်ကတည်းက စစ်ရဲ့ အနိဌာရုံတွေနဲ့ စစ်ကြောင့် ကြုံလာရမယ့် ဘေးဒဏ်တွေကနေ သင့်တော်ရာကို တိမ်းရှောင်ဖို့ အချင်းချင်းသတိပေးခဲ့ကြပေမယ့် သူတို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် မြို့ကနေ မစွန့်ခွာနိုင်ကြသူတွေပေါ့။
ဦးလေးအရင် ၂ ယောက်ဆိုရင် အသက် ၇၀ တန်းတွေ။ လူကြီးသူမ အများစုရဲ့ ထုံးစံအတိုင်း အိမ်ကနေ မခွာချင်ကြဘူး။ သေရင်တောင် အိမ်မှာပဲသေမယ်ဆိုတဲ့ အတွေးတွေရှိကြသူတွေ။ နောက်တခုက ဘုရားသုံးဆူကြားက ငါတို့မြို့လေး ဆိုးဆိုးရွားရွား ဘာမှမဖြစ်ဘူးဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေခဲ့ကြတဲ့ လူကြီးတွေ။

ပုံ-စစ်ကောင်စီလေကြောင်းဗုံးကြဲခြင်းကြောင့် ပျက်စီးသွားသည့် သံတွဲမြို့က စစ်ဘေးရှောင် အဆောက်အအုံ တခု။
နောက်ထပ် အဒေါ်ဝမ်းကွဲဆိုရင် အသက် ၆၀ ကျော်အရွယ်။ ကျန်းမာရေးမကောင်းလို့ အိပ်ယာထဲ လဲနေတဲ့ အစ်မအပျိုကြီးကိုထားပြီး သူဘယ်ကို ထွက်သွားနိုင်မလဲတဲ့။ စစ်ရိပ်စစ်ငွေ့တွေ အနီးကပ်ဆုံး အချိန်ကို ရောက်နေခဲ့တဲ့ အချိန်တုန်းက စစ်ဘေးကနေ တိမ်းရှောင်ဖို့ အကြံပေးချိန်မှာ သူပြန်ပြောတဲ့စကားကို ဖြေနိုင်တဲ့အဖြေမရှိခဲ့။
ဦးလေးဝမ်းကွဲကတော့ တနေ့ရှာ၊ တနေ့စား လက်လုပ်လက်စားရုန်းကန်နေရတဲ့ မိသားစုဖြစ်လို့ ရွှေ့ဖို့ပြောင်းဖို့ အတွက် ငွေကြေးအပို မရှိသလို၊ ရက်အတန်ကြာ အလုပ်မလုပ်ဘဲ ထိုင်စားနေနိုင်တဲ့ အခြေအနေမရှိကြသူတွေ ဖြစ်တဲ့အခါ သေနေ့စေ့ရင် သေမယ်ဆိုတဲ့ အတွေးနဲ့ သူတို့အိမ်ကလေး ကနေ မခွာနိုင်ဘဲ ကျန်ခဲ့ကြရတာ။
ဆက်သွယ်ရေးစနစ်တွေပြတ်တောက်နေခဲ့တဲ့အတွက် သူတို့တွေနဲ့ တိုက်ရိုက်အဆက်အသွယ် မရှိတာ လပေါင်းများစွာကြာမြင့်ခဲ့ပါပြီ။ တယ်လီဖုန်းလိုင်းမိတဲ့နေရာတွေဆီ ဖုန်းသွားဆက်ဖို့ ဆိုတာကလည်း သူတို့အတွက်တော့ စွန့်စားခန်းပါပဲ။
စစ်မဖြစ်ခင်ကတည်းက အာဏာသိမ်းစစ်တပ်ရဲ့ ကုန်းလမ်းဖြတ်တောက်ခြင်း ခံထားရလို့ အလူးအလဲ ခံစားခဲ့ရတဲ့ စားဝတ်နေရေးအကြပ်အတည်း၊ ဆုံးရှုံးခဲ့ရတဲ့ ဆေးဝါးကုသမှု ခံယူပိုင်ခွင့်တွေ၊ စစ်ဖြစ်လာ ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထား လေကြောင်း တိုက်ခိုက် ခံရမှုတွေကြားမှာ သူတို့ ကံကောင်း ထောက်မစွာ အသက်ဆက်ရှင်နေကြသေးတယ်လို့ ဆိုရမှာပါ။
စစ်ဇုန်ပြင်ပကို ခပ်စောစောကတည်းက ကြိုတင်တိမ်းရှောင်လာနိုင်ခဲ့ပြီး ဝင်ငွေရ အလုပ်တွေ ဆက်လက် လုပ်ကိုင်နေနိုင်တဲ့ ကျမဆီကပေးပို့လိုက်တဲ့ငွေတွေကို လက်ခံရရှိတဲ့နေ့က (ကူညီပေးတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ ကျေးဇူးနဲ့) သူတို့ရဲ့ မျက်နှာတွေကို ဗီဒီယိုဖိုင်လေးကနေတဆင့် ပထမဆုံး ပြန်မြင်ခွင့်ရခဲ့တယ်။
အိမ်အဝင်လမ်း မြေကြီးပေါ်မှာ ဖိနပ်ကိုချွတ်၊ ကျုံ့ကျုံ့လေးတွေထိုင်ပြီး ကင်မရာကို ကြည့်နေကြတဲ့ သူတို့မျက်နှာကို မြင်လိုက်ရတာ ရင်ထဲမှာ ဝမ်းနည်းဝမ်းသာဖြစ်ရတယ်။ သူတို့ခန္ဓာကိုယ်တွေဟာ သိသိသာသာ ပိန်လှီနေတယ်။ နွမ်းဖတ်နေတဲ့ အဝတ်အစားတွေက ပွယောင်းယောင်းနဲ့ ဖရိုဖရဲ တွဲကျနေတယ်။ သူတို့ရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို ဗီဒီယိုဖိုင်ကနေတဆင့် မြင်ရတယ်။
ကင်မရာသမားက ငွေပို့လိုက်တဲ့ ကျမ ကြားစေမြင်စေချင်တဲ့စေတနာနဲ့ လူကြီးတွေကို စကားတခုခုပြောဖို့ တိုက်တွန်းလိုက်ပေမယ့် မြေပြင်ပေါ်မှာ တန်းစီထိုင်နေတဲ့ သူတို့ဆီက အသံထွက် မလာ။ ဖုန်းတွေ၊ ကင်မရာတွေနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မျိုးဆက်မဟုတ်တဲ့အခါ သူတို့ကို ချိန်ထားတဲ့ ဖုန်းကင်မရာရှေ့မှာ သူတို့ မလှုပ်ရဲ။
ကင်မရာသမားက “အဆင်ပြေကြလား” ဆိုပြီး စကားလမ်းကြောင်း စလိုက်တယ်။ “ပြေပါတယ်၊ ပြေပါတယ်” ဆိုပြီး ပြိုင်တူ ခပ်သွက်သွက် ဖြေလိုက်ကြတဲ့ အသံတွေရဲ့နောက်မှာ “အိမ်ခေါင်မိုးပေါ် ဗုံးကြဲချခံရပြီး အသက် မသေသေသရွေ့ အဆင်ပြေနေပါသေးတယ်” ဆိုတဲ့ အဓိပ္ပါယ်ကို ကျမ ကောင်းကောင်း မြင်နေရတယ်။
သံတွဲဒေသမှာကျန်နေခဲ့တဲ့ မိတ်ဆွေတချို့နဲ့ တစွန်းတစ သတင်းစကားရတိုင်း “အဆင်ပြေပါတယ်” ဆို တဲ့စကားကို ကြားနေကျကိုး။
အိပ်ရေးမဝ၊ အာဟာရပြည့်ပြည့် ဝဝလင်လင်မစားသောက်ရတဲ့ ရက်ပေါင်း၊ လပေါင်းများစွာကို ဖြတ်သန်းခဲ့ရ၊ ဖြတ်သန်းနေရတဲ့သူတို့တွေဆီကနေ “အဆင်ပြေပါတယ်” ဆိုတဲ့စကားထွက်လာတာ ဟာ စကားလှအောင်၊ ကြည့်ကောင်းအောင် ပြောလိုက်တာဆိုတာ ကျမသဘောပေါက်တယ်။
စစ်မဖြစ်ခင်က သာမာန်လက်လုပ်လုပ်စား ဦးလေးဝမ်းကွဲဟာ စစ်အကြိုကာလနဲ့ စစ်အတွင်း ကာလကို ကျော်ဖြတ်ပြီးချိန်မှာ စားနပ်ရိက္ခာပြတ်တောက်ပြီး ငတ်မွတ်တဲ့ဘေးကြောင့် မူးလဲကျတဲ့ အထိ ဖြစ်ခဲ့တယ်။
ဒါ့အပြင် ၂ ဘက်တိုက်ပွဲတွေမရှိတော့တာ ၅ လဝန်းကျင်အကြာမှာ နေအိမ်အနီးကို စစ်လေယာဉ်နဲ့ လေကြောင်း ဗုံးကြဲခံရလို့ သူတို့ရဲ့ ဓနိမိုး၊ ထရံကားအိမ်ကလေး ပျက်စီးဆုံးရှုံး လိုက်ရတယ်။ ကံကောင်းထောက်မစွာနဲ့ လူ့အသက်တွေ မသေလိုက်ရပေမယ့် သံတွဲဆောင်း အေးအေးမှာ သူတို့ ဘယ်လို နေထိုင်နေကြသလဲဆိုတာ မသိပါဘူး။ ဓာတ်ပုံနဲ့ ဗီဒီယိုထဲမှာ အဲဒီဦးလေးရဲ့ မျက်နှာနဲ့ အသွင်အပြင်ဟာ အိပ်ရေးအလီလီပျက်ရာက အားတင်းထလာရတဲ့ ပုံစံမျိုးဖြစ်နေတယ်။

ပုံစာ-စစ်ကောင်စီလေကြောင်းဗုံးကြဲခြင်းကြောင့် သေဆုံးခဲ့ရသည့် သံတွဲမြို့မှ စစ်ဘေးရှောင်တဦး။
နှစ်ဘက်တိုက်ပွဲအလွန်ကာလကိုရောက်လာတဲ့အခါ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာကူညီနေတဲ့ စေတနာ့ ဝန်ထမ်းတချို့ရဲ့ မျှဝေမှု မြေပြင်ပကတိ ဓာတ်ပုံတွေကို မြင်ရတိုင်း ကျမ စိတ်ဝင်တစား လိုက်ကြည့်မိတာက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါပဲ။
ရခိုင်ပြည်ပြင်ပက စေတနာရှင်တွေရဲ့ ဝိုင်းဝန်းကူညီမျှဝေကြတဲ့ စားနပ်ရိက္ခာတွေကို မြေပြင်မှာရှိနေတဲ့ ကူညီရေးအဖွဲ့တွေက လာရောက်ကူညီကြတဲ့ အခါ ဆန်အိတ်တွေကို ရှေ့ချပြီး အုပ်စုလိုက် ဓာတ်ပုံတွေမှာ အရိုးပေါ်အရည်တင်နေတဲ့ နံရိုးပြိုင်းပြိုင်း ကလေးငယ်တွေကို ပိုမြင်လာရတယ်။
အာဟာရ မပြည့်ဝတာ ပေါ်လွင်နေတဲ့ အသွင်အပြင်နဲ့ ကိုယ်ဝန်ဆောင် မိခင်တွေကို တွေ့ရတယ်။ စစ်ရှောင်နေတဲ့အဆောက်အအုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲလို့ အစုလိုက်အပြုံလိုက် သေသွားရသူတွေရဲ့ ရုပ်အလောင်းတွေကလည်း ပိန်လှီလှီ။ နဂိုကတည်းက လူအိုဖြစ်နေပြီးသားသူတွေရဲ့ စိတ်ထောင်ကိုယ်ကြေ မျက်နှာနွမ်းဖတ်ဖတ်လေးတွေ။
သံတွဲမြို့မှာ ဇူလိုင်လလယ်ကတည်းက အာဏာသိမ်းစစ်တပ်နဲ့ ရခိုင့်တပ်တော်(အေအေ)တို့ကြား ၂ ဘက် တိုက်ပွဲတွေ ချုပ်ငြိမ်းသွားခဲ့တယ်။ လူထုလက်မခံတဲ့အာဏာသိမ်းစစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားတွေဟာ အဲဒီမတိုင်ခင်ကတည်းက နိဂုံးချုပ်ခဲ့တယ်။ မြန်မာနိုင်ငံ တနံတလျားက အာဏာရှင်တော်လှန်ရေး မြေပြင် တိုက်ပွဲတွေကို အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရတဲ့ စစ်တပ်ဟာ သံတွဲမြို့မှာလည်း အရှုံးကြီးရှုံးခဲ့တယ်။
မြေပြင်တိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်ကောင်စီဟာ တဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရှိနေနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ အရပ်သားတွေနေထိုင်ကြတဲ့ လူနေကျေးရွာ တွေကို လေကြောင်းဗုံးကြဲမှုတွေ လုပ်ခဲ့တယ်။ အာဏာရှင်လူတစုဟာ တလောကလုံးနဲ့ တယောက် ဆိုသလို အရူးမီးဝိုင်းနေတဲ့ အရှုံးသမားဖြစ်နေပြီး ကြွက်မနိုင် ကျီးမီးနဲ့ရှို့တဲ့နည်းကို ရေကုန်ရေခမ်း လက်ကိုင်ထား ကျင့်သုံးနေတဲ့ဒဏ်ကို အဲဒီလူတန်းစားတွေ အလူးအလဲ ခံစားနေကြရပါတယ်။
ပြည်တွင်းစစ်တွေမှာ လုပ်ခွင့်မရှိတဲ့ လေကြောင်းဗုံးကြဲမှုတွေ၊ ဖျက်အားပြင်းလက်နက်ကြီးတွေ၊ ထပ်ဆင့် ပေါက်ကွဲစေတဲ့ ဗုံးတွေနဲ့ မြန်မာပြည်အနှံ့က လူနေကျေးရွာတွေ၊ စာသင်ကျောင်းတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့လို့ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို၊ အိုးအိမ်ပေါင်း များစွာ ဆုံးရှုံးခဲ့ကြပြီး ဖြစ်ပါတယ်။
လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ နေဗီကနေပစ်ခတ်တာ၊ စစ်တပ်က ပစ်သ-တ်တာ၊ အရပ်သားတွေရဲ့ ဥယျာဉ်ခြံမြေတွေပေါ်မှာ မြေမြှုပ်မိုင်းတွေ မရေတွက်နိုင်လောက်အောင် ထောင်တာ စတဲ့ စစ်ကောင်စီတပ်ရဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေကြောင့် သံတွဲဒေသအပါအဝင် မြန်မာပြည်အနှံ့အပြားမှာ အရပ်သားသေဆုံးမှု၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူနှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူပေါင်း မရေတွက်နိုင်အောင် ရှိခဲ့ပြီဖြစ်တယ်။

ပုံစာ-စစ်ကောင်စီလေကြောင်းဗုံးကြဲခြင်းကြောင့် ပျက်စီးခဲ့ရသည့် သံတွဲမြို့တော်ခန်းမ။
စစ်ကောင်စီဟာ သူတို့ရဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားတွေကို အေအေ တွေလို့ စွပ်စွဲဝါဒဖြန့်ခဲ့သလို၊ စစ်တပ်အားပေးတဲ့လူတစုကလည်း ဒီလိုပဲ မျက်စိမှိတ် ယုံကြည်လက်ခံခဲ့ကြတယ်။
ဒီဇင်ဘာ နောက်ဆုံးပတ်ထဲမှာ သူတို့လက်လွှတ်ဆုံးရှုံးထားရပြီးဖြစ်တဲ့ သံတွဲမြို့ကို စစ်တပ်က ရက်ခြားဆိုသလို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတဲ့အတွက် မြို့ပေါ်နေပြည်သူတွေဟာ ဘေးလွတ်နိုင်မယ့်ရပ်ရွာတွေကို ထပ်မံစစ်ဘေးရှောင်နေကြရပြန်တယ်လို့ သတင်းအစအနကြား ရတယ်။
ပြီးခဲ့တဲ့ တပတ်က မြင်တွေ့ခွင့်ရလိုက်တဲ့ ကျမရဲ့ ဆွေမျိုးသားချင်း သက်ကြီးရွယ်အိုတွေနဲ့ ဘယ်မှ မပြေးနိုင်ဘဲ အိပ်ယာထဲလဲနေတဲ့ လူမမာ အဒေါ်တို့ ဘေးကင်းရဲ့လားဆိုတာ အခုထိ ပြန်မသိရသေးဘူး။
လေဖြတ်နေတဲ့ အဒေါ်ဝမ်းကွဲအပါအဝင် ဦးလေးတွေ၊ အဒေါ်တွေအားလုံးဟာ အသက် ၆၀ ကျော်နဲ့ အသက် ၇၀ ပြည့်လုနီးနီး အရွယ်တွေ ချည်းပါပဲ။ သူတို့လိုပဲ သံတွဲစစ်ဇုန်ထဲမှာ ကျန်နေရစ်ခဲ့ကြသူအများစုဟာ သက်ကြီး ရွယ်အိုတွေ၊ မနာကျန်းသူတွေဖြစ်ကြတယ်။ အများစုဟာ ဝေးဝေးလံလံ ထွက်ပြေးတိမ်းရှောင်ဖို့ တတ်နိုင်စွမ်း မရှိတဲ့ အခြေခံလူတန်းစားတွေဖြစ်ကြတယ်။
ရှုံးမည်းမည်းပြီး အရပ်သားတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ သူရဲဘောကြောင်မှုတွေကို တော်လှန်ရေး တပ်သားတွေက အမြန်ဆုံး အဆုံးသတ်နိုင်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ကြ ပါစေလို့ပဲ အဝေးကနေ ဆုတောင်းရုံသာ တတ်နိုင်ပါတော့တယ်။
#သံတွဲ #အေအေ #တိုက်ပွဲ #ဗုံးကြဲ #စစ်ကောင်စီ #ပြည်သူ