
ဒွါရာဝတီ၊ ဇန်နဝါရီ ၂၅၊ ၂၀၂၅။
သစ္စာကို ရှာဖို့ သစ္စာနဲ့အတူ လမ်းတွေ လျှောက်ခဲ့ကြတယ်။ သစ္စာအတွက် တစာစာအော်ဟစ်ကြရင်း လက်သီး လက်မောင်းတွေ တန်းလို့ လက်သုံးချောင်းလည်း တောင်ခဲ့ကြတယ်။ ည အမှောင်ရိပ်ကို ခိုရင်း သစ္စာကို ပြန်ရဖို့ အရဲစွန့် ကြိုးစားခဲ့ကြတယ်။ သစ္စာဆိုတဲ့ အမှန်တရားကို ရှာဖွေတဲ့လမ်းမှာ ကျနော်နဲ့ သစ္စာ ဆုံခဲ့တယ်။
လူတစု ခိုးယူသွားတဲ့ အမှန်တရားကို ပြန်ရဖို့ သစ္စာနဲ့အတူ သံတွဲသူ၊ သံတွဲသားတွေ ထောင်သောင်းချီကာ မြို့လုံးကျွတ်နီးပါး ချီတက်ခဲ့ကြတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကြီးကို နောင်တချိန် သမိုင်းမှတ်တမ်းတင် ကြရင် သမိုင်းမှတ်တမ်းရဲ့ စာမျက်နှာတနေရာမှာ သံတွဲသမိုင်းမရိုင်းခဲ့တာကို သစ္စာနဲ့အတူ ချီတက်ခဲ့ကြတဲ့ သံတွဲမြို့ လူထုကြီးက သက်သေခံနေလိမ့်မယ်။ ဒါဟာ သံတွဲရဲ့ သစ္စာပါ။
အကျည်းတန် မနက်ခင်း
သံတွဲမြို့ရဲ့ မနက်ခင်းတိုင်းဟာ သာယာလှပတဲ့မနက်ခင်းတွေဆိုတာ သံတွဲမြို့မှာ နေဖူးသူတွေအသိဆုံးပါ။ ဒေသဓလေ့၊ တောဓလေ့တွေဟာ အပျိုရည် မပျက်သေးဘူး။
မြူတွေဆိုင်းနေတဲ့ မနက်ခင်း၊ တရားသံမျိုးစုံ လွင့်ပျံ့နေတဲ့ မနက်ခင်း၊ သစ်ရွက်ပေါ်ကို နှင်းရည်၊ နှင်းစက်တွေ ‘တဖျောက်ဖျောက်’ ကျနေသံကို အတိုင်းသား ကြားရတဲ့ မနက်ခင်း၊ ဈေးရောင်း၊ ဈေးဝယ်သူတွေဟာ အလျင်မ လိုဘဲ အေးအေးလူလူသွားလာနေကြတဲ့ မနက်ခင်း၊ အိုးအဖုံးကို ဖွင့်လိုက်ရင် အငွေ့တထောင်းထောင်းထနေတဲ့ မုန့်တီအိုး၊ အဲဒီဘေးပတ်လည်မှာ မုန့်တီထိုင်စားသူတွေကို မြင်တွေ့ရမယ့် မနက်ခင်း ဒီမြင်ကွင်းတွေဟာ သံတွဲမြို့ရဲ့ ပုံမှန်မြင်နေကျ သာယာလှတဲ့ မနက်ခင်းမြင်ကွင်းတချို့ပါ။
တောင်တန်းတွေ အထပ်ထပ်ကာရံထားတဲ့ အရှေ့အရပ်ဆီက ရောင်ခြည်မလာနိုင်သေးခင် သံတွဲမြို့ကို မြူနှင်း မြူမှုန်တွေက ရစ်သိုင်းလွှမ်းခြုံထားတတ်တယ်။ သံတွဲမြို့အနားမှာ ဖိုခနောက်ဆိုင်လိုတည်ရှိနေတဲ့ အံတော်၊ ဆံတော်၊ နံတော် ဘုရားတောင်ပေါ်ကကြည့်မယ်ဆိုရင် သံတွဲမြို့ဟာ မြူနှင်း၊ မြူမှုန်တွေရဲ့အောက်မှာ ပျောက်နေ တတ်တယ်။

သံတွဲမြို့၊ ရွှေနံတော်စေတီတော်။
မြို့ကို မမြင်ရပေမယ့် ဖြူဖွေးနေတဲ့ နှင်းမြူတွေရဲ့အောက်က လီဗာနင်းသွားတဲ့ ကားစက်သံ၊ ဆိုင်ကယ်ဟွန်းတီး သံ၊ ကြက်တွန်သံ၊ လူတွေရဲ့ စကားသံတွေ ကြားနေရလိမ့်မယ်။
အရှေ့အရပ်က ရောင်ခြည်လာလို့ တဖြည်းဖြည်း မြူကွဲလာအချိန်ဆို သံတွဲမြို့ဟာ လိုက်ကာ အကွယ်က တဖြည်းဖြည်းချင်းထွက်လာတဲ့ မင်းသမီးတပါးလိုပါပဲ။ လှပတယ်။ မြို့ကို အနားသပ်ပြီး ကွေ့ဝိုက် စီးဆင်း သွားတဲ့ သံတွဲချောင်းဟာ မင်းသမီးတပါးရဲ့ ပါးပြင်ပေါ် က ပါးချိုင့်လေး တခုလို၊ စံပယ်တင် မှဲ့လေး တခုလို၊ ပြုံးလိုက်တဲ့အခါ ပေါ်လာတတ်တဲ့ သွားထပ်လေး တခုလို။
မင်းသမီးလေးဟာ တနေ့တမျိုး မရိုးလှအောင် ဖီးလိမ်းခြယ်သ၊ ဝတ်စားဆင်ယင်ပြီး အလှသွေးကြွယ်ပြသလို သံတွဲမြို့ရဲ့ မနက်ခင်းတိုင်းဟာလည်း တနေ့တမျိုး မရိုးနိုင်အောင် သာယာလှပတယ်ဆိုတာ သံတွဲမြို့မှာ နေဖူးသူ တွေ အသိဆုံး။
ဒီလိုသာယာလှပတဲ့ မနက်ခင်းတွေဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်ခင်းကစလို့ အကျည်းတန် မနက်ခင်းတွေ ဖြစ်ခဲ့ရတယ်။ လှပတဲ့မနက်ခင်းတွေ ပျက်စီး၊ ပျောက်ကွယ်ခဲ့ရတယ်။ အဲဒီ မနက်ခင်းကစလို့ မိုးလင်းမိုးချုပ် အကျည်းတန်တဲ့ နေ့ရက်တွေဖြစ်ခဲ့ရတယ်။
စစ်တပ်အာဏာသိမ်းပြီ
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ မနက်ခင်းကို အားလုံးမှတ်မိကြမှာပါ။ ကမ္ဘာကြီးနဲ့အဆက်ပြတ်ရုံတင်မက တဦးတ ယောက်ချင်း၊ အိမ်တအိမ်ချင်းစီပါ အဆက်အသွယ်တွေ ပြတ်ကုန်ကြတယ်။ မနက်ခင်းကြီးမှာ ပြည်သူတွေဟာ အမှောင်ကျသွားတယ်။ ဘာဖြစ်တာလဲ၊ ဘာတွေဖြစ်ကုန်ပြီလဲဆိုတဲ့ စိတ်တွေနဲ့ လူတွေဟာ အိမ်ရှေ့တွေဆီ ထွက်လာကြတယ်။ လူတွေရဲ့ မျက်နှာတွေဟာ ထိတ်လန့်နေကြတယ်။
ရှေ့ရက်တွေက စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့ လေသံတွေပစ်နေခဲ့တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာဆက်ပြီး မပေးချင်တဲ့အခါ၊ မိမိတို့အာဏာကို လက်လွှတ်ဆုံးရှုံးရတော့မယ်၊ မိမိတို့ရဲ့ အခန်း ကဏ္ဍပျောက်ဆုံးရတော့မယ်ဆိုတာကို သိနေတဲ့ စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းဖို့ လေသံပစ်နေတာဟာ မကြာခဏပါ။
၂၀၂၁ ထဲရောက်လို့ ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်ခေါ်ရမယ့်နေ့ နီးလာလေလေ စစ်တပ်ရဲ့ အာဏာသိမ်းမယ့် လေသံက ပိုညံလာလေပါ။
မဲစာရင်းတွေနဲ့ပတ်သက်ပြီး စစ်တပ်ကလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ “ တပ်မတော်အနေနဲ့ အာဏာ မသိမ်း ဘူးလို့ မှတ်ယူလို့ရမလား” ဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကို စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မရပါဘူး” လို့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းတော့မယ်ဆိုတဲ့ စကားသံတွေ ညံနေတဲ့အချိန်ကာလမှာ အခုလို စကားထွက်လာတာဟာ စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းတော့မယ်ဆိုတာ ပိုပြီး ကျိန်းသေလာတာပါ။
ဒါ့အပြင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစား မလိုက်နာရင် ဖျက်ပစ်ရမယ်လို့ ထပ်မံ ကြုံးဝါးခဲ့ပါတယ်။
အဲဒီရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်မြို့မှာ အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေက စစ်တပ် ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ ဆန္ဒပြပွဲတွေဟာ လူမိုက်ဆန်ဆန် ရမ်းကာတဲ့ အပြုအမှုတွေ ပြုလုပ်လာတယ်။ ပဋိပက္ခတွေကို မဖြစ်၊ ဖြစ်အောင် ဖန်တီးလာတာတွေ့ရတယ်။
ဒီလိုရှုပ်ထွေးမှုတွေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမယ့် စကားသံတွေ ထပ်ခါထပ်ခါကြားလာရတဲ့အခါ ပြည်တွင်း နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပြည်ပနိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတင်းမာနေတဲ့ အခြအနေကို ညှိနှိုင်းအဖြေရှာဖို့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာကြပါတယ်။ တချို့ ပြည်သူတွေကလည်း သိမ်းချင်ရင် စစ်တပ်အနေနဲ့ အမှိုက်လာသိမ်းဆိုပြီး လှောင်ပြောင်ပြောဆိုတာတွေ လုပ်ခဲ့ကြတယ်။
ကျနော်ကိုယ်တိုင်လည်း ကိုယ့်စိတ်ထဲမှာတော့ လက်ရှိအခြေအနေ၊ လက်ရှိအချိန်ကာလမှာ အာဏာသိမ်းဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အာဏာသိမ်းတဲ့သူအတွက်လည်း မဖြစ်နိုင်သလို တိုင်းပြည်အတွက်လည်း နစ်နာစရာတွေ အများကြီးမြင်မိတာကြောင့် အာဏာသိမ်းမှုဖြစ်လိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားမိဘူး။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ဟာ ရွေးကောက်ပွဲအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ခေါ်ရမယ့် နေ့ပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေပြတ်၊ တီဗီလိုင်းတွေပြတ်သွားတာဟာ ထိတ်လန့်စရာပါ။ စိတ်ထဲမှာ အာဏာသိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးထားတာကြောင့် အာဏာ သိမ်းတယ်လို့ လုံးဝ မထင်ခဲ့မိဘူး။
ဒါပေမဲ့ အာဏာသိမ်းလိုက်ပြီလားဆိုတဲ့အတွေးနဲ့ ကျနော့်ရင်တွေ တဒိတ်ဒိတ်ခုန်နေမိတယ်။ ဒါကြောင့် လက်တွေ့ သိရအောင် ကျနော် ဆိုင်ကယ်စီးပြီး ငပလီကမ်းခြေက ၅၅ တပ်ရင်းဆီကို ထွက်ခဲ့တယ်။ မနက်ခင်းက ချမ်းအေး နေတယ်။ ဆိုင်ကယ်က လေတိုးတာကြောင့် ပိုပြီးအေးနေတယ်။ ဒါပေမဲ့ ရင်ထဲမှာ ပူလောင်နေတာပဲသိတယ်။ ၅၅ တပ်ရင်းရှေ့မှာ ဘာမြင်ရမလဲဆိုတဲ့ စိတ်ပဲရှိတယ်။
နန်းချောင်းကိုကျော်၊ ရာဘာတောင်ကို ကွေ့၊ Ngapali Hillock Resort ရှေ့နားအရောက်မှာ သေနတ်ကိုယ်စီနဲ့ ယူနီဖောင်းဝတ်ထားတဲ့ စစ်သား ၂ ယောက် ဆိုင်ကယ်ကို အမြန်မောင်းသွားတာ မြင်လိုက်ရတယ်။ ကျနော့် ရင်ခုန်သံတွေ ပိုမြန်လာတယ်။ ၅၅ တပ်ရင်းအရှေ့ ဆီ ဆိုင်ကယ်ကို အမြန်မောင်းသွားလိုက်တယ်။ တပ်ဂိတ် အရှေ့မှာ ဘာမှ ထူးထူးခြားခြားမတွေ့ဘူး။ ဒါနဲ့ ငပလီလမ်းဆုံမှာ ဆိုင်ကယ်ကို ကွေ့ပြီး ကျနော် သံတွဲဘက်ကို ပြန်မောင်းခဲ့တယ်။
သံတွဲရုံးကြီးရှေ့ဆီ ဆိုင်ကယ်ကို ဆက်မောင်းခဲ့တယ်။ သံတွဲမြို့ရဲ့ အုပ်ချုပ်ရေးရုံး။ ခရိုင်အုပ်ချုပ်ရေးအပါအဝင် အစိုးရအုပ်ချုပ်ရေးရုံးတွေ အခြေစိုက်ရာ ရုံးကြီး။ ရုံးကြီးရှေ့ရောက်တော့ ကျနော် ဆိုင်ကယ်ကို အသာအရှိန် သတ်ပြီး ရုံးထဲကို လှမ်းကြည့်လိုက်တယ်။ ရုံးခြံဝင်းထဲမှာ စစ်သားတွေရော၊ စစ်ကားတွေပါ မြင်လိုက်ရတယ်။ အားလုံးဟာ အေးအေးဆေးဆေးပဲ။ တိုက်ပုံ၊ အရပ်ဝတ် ဝတ်ထားတဲ့သူတွေကလည်း အေးဆေးပါပဲ။ ဘာမှ မဖြစ်သလို အေးဆေးပဲ။ “ရောက်လာတာ နောက်ကျလိုက်တာ စစ်သားကြီးတို့ရယ်” လို့ တွေးနေကြသလားလို့ တောင် ထင်ရတယ်။
အာဏာသိမ်းလိုက်ပြီဆိုတာ ကျိန်းသေသလောက်ရှိသွားပြီ။ ကျနော် အိမ်ပြန်ရောက်တော့ စစ်တပ်ပိုင် မြဝတီ ရုပ်သံက အာဏာသိမ်းလိုက်တဲ့သတင်းထုတ်လွှင့်သွားကြောင်း မိသားစုက ပြောပြတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ် တာဝန်ယူပြီး နိုင်ငံတော်ကို အရေးပေါ် ကာလ ၁ နှစ်သတ်မှတ် ကြောင်းနဲ့ အတူ မဲစာရင်းတွေ မရှင်းလင်းတာ၊ ဥပဒေအရဆောင်ရွက်ရန်ရှိတာတွေကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်ကြောင်း စစ်တပ်ပိုင် မြ၀တီရုပ်သံက ကြေညာသွားပါတယ်။
ကျနော့် ခေါင်းထဲမှာ ဗလာ ကျင်းဖြစ်သွားတယ်။ ခန္ဓာကိုယ်တွေ လေးလံသွားတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ၊ ငါ ဘာဆက် လုပ်ရမလဲ၊ ငါဘာလုပ်မလဲ ဆိုတဲ့မေးခွန်းတွေ ထပ်ခါထပ်ခါ တွေးမိတယ်။
-ဆက်လက်ဖော်ပြပါမည်။