
ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၅။
အားလုံးရဲ့မျက်နှာမှာ ရဲရင့်မှုတွေ၊ ကျေနပ်မှုတွေနဲ့။ သမိုင်းသစ်တခုကို ရေးထိုးကြမယ်ဆိုတဲ့ ခြေလှမ်းတွေနဲ့။ အဲဒီခြေလှမ်းတွေအားလုံးရဲ့ ဆုံချက်ဟာ ဒွါရာဝတီဈေးအရှေ့ကိုပါ။ စစ်အာဏာရှင်ရွံမုန်းစိတ်တွေကို တူညီစွာ ရင်ဝယ်ပိုက်လို့ပေါ့။ ဒီနေ့ဟာ သံတွဲမြို့ရဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြမယ့် ဒုတိယမြောက်နေ့။
ပထမဆုံးပွဲဦးထွက်နေ့(ဖေဖော်ဝါရီ ၈ ရက်) ပန်းဝင်ခါနီးမှာ ရဲ နဲ့ စစ်တပ်က သေနတ်တွေကိုင်ပြီး ခြိမ်းခြောက် သလိုလို တားမြစ်သလိုလို လုပ်ခဲ့ပေမယ့် သံတွဲလူထုဟာ ရှေ့တိုးခဲ့ကြတယ်။ အဆုံးသတ် ပန်းဝင်ခဲ့ကြတယ်။ ပွဲဦးထွက် အောင်မြင်ခဲ့တာကြောင့် ဒီနေ့(ဖေဖော်ဝါရီ ၉ ရက်)မှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးဆန္ဒပြမှု ရေချိန် အတက်ပါ။
မနေ့က ဦးဆောင်သူ လူငယ်တချို့ကို ရဲ နဲ့ ထွေအုပ်က ခေါ်တွေ့ပြီး ဆန္ဒပြပွဲဆက်လုပ်ရင် ဥပဒေအရ အရေးယူ ဖမ်းဆီးမယ့်အကြောင်း၊ တခြားဒေသတွေမှာလည်း ၁၄၄ ထုတ်ပြီဖြစ်တဲ့အတွက် လိုအပ်ရင် ၁၄၄ ထုတ်မယ့် အကြောင်း ပြောဆိုဆွေးနွေးခဲ့တာရှိတယ်လို့ သိရတယ်။ ဒါကြောင့် ဒီနေ့မှာ ရှေ့ဆုံးက အလံ နဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးထွက်လာကြသူတွေဟာ မနေ့က ဦးဆောင်သူတွေမဟုတ်ဘဲ နောက်ထပ် လူငယ်တွေပါ။
သံတွဲမြို့ ဒွါရာဝတီဈေးအရှေ့မှာ လူစုကြတယ်။ လူဦးရေဟာ ပထမရက်ကထက် သိသိသာသာပိုများလာတယ်။ ပထမတော့ မနေ့ကချီတက်တဲ့ ဘုရင့်နောင်လမ်းမအတိုင်း ချီတက်ဖို့ ပြင်ပြီးခါမှ ဂွ-ရန်ကုန်သွားတဲ့လမ်းဘက်ကို ဦးတည်လိုက်ကြတယ်။

ဒွါရာဝတီဈေးအရှေ့ဟာ ဆုံချက်ဖြစ်ပေမယ့် လူတန်းကြီးက ရှည်သွားတဲ့အတွက် ဆန္ဒပြလူအုပ်ကြီးရဲ့ တပ်ဦးက ချင်းမကြီးတိုက်အရှေ့အထိ ရောက်သွားတယ်။ ဆန္ဒပြလူတန်းကြီးရဲ့ထိပ်ဆုံးမှာ “စစ်အာဏာရှင်စနစ် ကျဆုံးပါ စေ” ၊ “စစ်အုပ်ချုပ်ရေးစနစ် အလိုမရှိ” ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားကြတယ်။ အနောက်ဘက်က လေးယောက်တတန်း၊ ငါးယောက်တတန်း တန်းထားတဲ့ဆန္ဒပြပြည်သူတွေရဲ့ လက်ထဲမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး စာတမ်းတွေ ကိုယ်စီကိုင်ထားကြတယ်။
ချင်းမကြီးတိုက်၊ လမ်းဆုံ မီးပွိုင့်က စထွက်ကြတယ်။ စထွက်တဲ့နေရာဟာ ဦးဆောင်သူတွေရဲ့ ပါးနပ်မှုကို မြင်တွေ့နိုင်တယ်။ လမ်းဆုံဖြစ်တဲ့အတွက် လူအုပ်ကြီး ဘယ်ကို ချီတက်မယ်ဆိုတာ စစ်အာဏာရှင် နောက်လိုက် အလိုတော်ကြီးတွေ ရုတ်တရက် မခန့်မှန်းနိုင်ဘူး။ အဲဒီနေရာဟာ ရှေ့တည့်တည့်ကိုလည်း ချီတက် နိုင်သလို ဘယ်ဘက်၊ ညာဘက်ကိုလည်း ချီတက်လို့ရတဲ့နေရာပါ။

အဲဒီနေ့က ဆန္ဒပြလူအုပ်ကြီးဟာ ဂွ-ရန်ကုန်သွားတဲ့လမ်းဘက်ကို ဦးတည်ချီတက်ပြီး လမ်းဆုံအရောက်မှာ တာဝတီံသာလမ်းအတိုင်း သံတွဲအကျဉ်းထောင်ဘက်ကို ချိုးဝင်လိုက်တယ်။ ပြီးတော့ သံတွဲထောင်ရှေ့နားကနေ ကွေ့ပြီး မဟာမြိုင်လမ်းအတိုင်း ဆက်လက်ချီတက်ကြတယ်။

ဒီနေ့မှာ လူထုဟာ ပိုပြီးများလာတယ်။ လက်သုံးချောင်းထောင်ပြီး ကြွေးကြော်တဲ့အသံတွေ ပိုမိုကျယ်လောင် လာတယ်။ ပထမရက်နဲ့မတူတာက လူတိုင်းနီးပါးရဲ့ လက်ထဲမှာ စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ ဆန့်ကျင် ကြောင်း ရေးသားထားတဲ့ အဖြူရောင်စာရွက်တွေ ကိုယ်စီကိုင်ထားကြတယ်။ “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်လာရတယ်။ ဒီလိုနဲ့ ဆန္ဒပြမှုမှာ အစိုးရဝန်ထမ်းတွေ ပူးပေါင်းလာဖို့ စတင်နှိုးဆော်ခဲ့ကြတယ်။
ဆန္ဒပြကြွေးကြော်သံတွေ အမျိုးအစားစုံလင်လာတယ်။ အဲဒီကြွေးကြော်သံတွေကို လူတန်းကြီးရဲ့တလျှောက်မှာ လိုက်ပါလာတဲ့ လက်ကိုင်လော်စပီကာလေးတွေ ကိုင်ထားသူတွေက ရှေ့ကတိုင်ပေး၊ ကျန်သူတွေက တညီတညာ တည်း နောက်က လိုက်ဆိုကြတယ်။

ပြီးတော့ ဒီနေ့မှာ ဆန္ဒပြလူအုပ်ကြီးရဲ့ ထိပ်ဆုံးမှာ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေကိုလည်း တွေ့ရတယ်။ တချို့က မြို့ခံတွေ။ နေ့စဉ် မြို့ထဲမှာ မြင်နေရတဲ့ မျက်နှာတွေ။ သူတို့ဟာ ထိပ်ဆုံးကဦးဆောင်သူတွေကို ဓာတ်ပုံ ရိုက်မှတ်တမ်းတင်ကြတယ်။ သတင်းတွေ ပို့ကြတယ်။ သူတို့ဟာ လူအုပ်ကြီးရဲ့ ထိပ်ဆုံးမှာ တလမ်းလုံးစုန်ပြီး လိုက်လာကြတယ်။

သံတွဲမြို့ရဲ့ဆန္ဒပြလူတန်းကြီးဟာ မဟာမြိုင်လမ်းပေါ်ကနေ သံတွဲဆေးရုံရှေ့အရောက်မှာ ငပလီဘက်ကို ရှေ့ဆက်မသွားဘဲ ဘုရင့်နောင်လမ်းအတိုင်း သံတွဲမြို့ထဲဘက်ကို ဦးတည်လိုက်ကြတယ်။ ဘုရင့်နောင် လမ်းအတိုင်း ဆက်လျှောက်လာပြီး မာဃလမ်းထိပ်အရောက်မှာတော့ လမ်းထဲကို ဆက်ချိုးဝင်လိုက်တယ်။


အဲဒီလမ်းတလျှောက်ရဲ့ ဘေးဝဲယာမှာ ပြည်သူတချို့ဟာ လက်သုံးချောင်းထောင်ပြီး စောင့်ကြိုနေကြတယ်။ အားပေးထောက်ခံနေကြတယ်။ တချို့က ရေဘူးတွေ ကမ်းကြတယ်။ တချို့က ချိုချဉ်တွေ ပေးကြတယ်။ စောင့်ကြိုနေတဲ့ ပြည်သူတွေရဲ့ ပုံဟာ အောင်ပွဲခံပြန်လာတဲ့ ရှေ့တန်းပြန်စစ်ကြောင်းကြီးကို အားရဝမ်းသာနဲ့ ကြိုနေသလိုမျိုး။

ရှေ့ကနေ အလံကိုင်၊ ဆိုင်းဘုတ်တွေကိုင်ပြီး ဦးဆောင်သွားနေသူတွေဟာ ပထမရက်တုန်းကလို မာဃလမ်း အဆုံးထိမလျှောက်ဘဲ ဦးဥတ္တမလမ်းထဲ ကွေ့ဝင်လိုက်တယ်။
အဲဒီလိုချီတက်နိုင်ဖို့၊ စစ်အာဏာရှင်အလိုတော်ကြီးတွေ မျက်စီလည်သွားဖို့ လမ်းကြောင်းကြည့်၊ လုံခြုံရေးကြည့် ပေးတဲ့သူတွေကလည်း သူ့နေရာနဲ့သူ လုပ်ပေးနေကြတာကို တွေ့ရတယ်။ ဆန္ဒပြပြည်သူတွေကို ဘေးကနေ ဝန်းရံပေးတဲ့သူတွေလည်းရှိတယ်။ အမှိုက်ကောက်ပေးသူ၊ စည်းကမ်းတကျ၊ စနစ်ကျအောင် ကြိုးတန်းပေးတဲ့ သူလည်း ရှိကြတယ်။

သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြတဲ့ ဒုတိယမြောက်နေ့ဟာ လူဦးရေပိုများလာတာနဲ့အလျှောက် ပိုပြီးစနစ်ကျလာတာကို သတိပြုမိတယ်။ ဆန္ဒပြလူအုပ်ကြီးဟာ ဦးဥတ္တမလမ်းအဆုံး၊ အင်ကြင်းဖြူစတိုးဆိုင် အရှေ့၊ ပထမရက်က အဆုံးသတ်လိုက်ကြတဲ့ လမ်းဆုံမှာပဲ ရပ်နားလိုက်ကြတယ်။ ဆန္ဒပြလမ်းလျှောက်လိုက် ရတဲ့အချိန်ဟာ ၁ နာရီလောက်သာကြာလိုက်ပါတယ်။

တချို့က ဆန္ဒပြရတာ မကျေနပ်နိုင်သေးတဲ့အတွက် ဆက်လက်ချီတက်ကြဖို့ အကြံပြုကြတယ်။ ဒါပေမဲ့ ဦးဆာင်မှုပေးတဲ့သူတွေကလည်း မူလ ရည်ရွယ်ချက်အတိုင်း ဒီနေရာမှာ အဆုံးသတ်လိုက်ကြဖို့ ဖြောင်းဖျ နှစ်သိမ့်ရတယ်။
ဒီနေ့တော့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ တားဆီးတာကို မခံလိုက်ရဘူး။ အားလုံးဟာ ချောချောခြူခြူပါ။ ကျနော်လည်း အိမ်ပြန်ပြီး တခြားမြို့တွေရဲ့ အခြေအနေကို သိရအောင် သတင်းတွေလိုက်ဖတ်ကြည့်တယ်။ ရခိုင်ပြည် မာန်အောင်မြို့မှာလည်း ဒီနေ့ချီတက်ဆန္ဒပြကြတယ်။ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာတော့ မနေ့ကတည်းက ဒေသခံတွေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ချီတက်ဆန္ဒပြခဲ့ကြတယ်။

ရန်ကုန်မြို့ကြီးမှာတော့ ဆန္ဒပြသူတွေဟာ လူပင်လယ်ကြီးလိုဖြစ်ပြီး လမ်းတွေပေါ်မှာ အပြည့်ပါ။ ဆရာဝန်တွေ၊ ကျောင်းဆရာ၊ ဆရာမတွေအပြင် မီးရထားဝန်ထမ်း၊ စည်ပင်ဝန်ထမ်း၊ ထွေအုပ်ရုံးဝန်ထမ်းတွေနဲ့ တခြားသော အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း CDM လုပ်ပြီး လမ်းပေါ်ရောက်လာကြတယ်။ တချို့နေရာတွေမှာ ရဲတပ်ဖွဲ့ ဝင်တွေ CDM လုပ်ပြီး ဆန္ဒပြမိန့်ခွန်းတွေ ထွက်ပြောနေကြပါပြီ။

ဖေ့ဘွတ်ပေါ်က သတင်းတွေကို လိုက်ဖတ်နေချိန် မက်ဆင်ဂျာကနေ ကျနော့်ဆီ မက်ဆေ့တစောင် ဝင်လာတယ်။
“အစ်ကိုရေ ဒီနေ့ အစည်းအဝေး လုပ်တဲ့အခါ လာပေးလို့ ရမလား၊ အဆင်ပြေလား ရှင့်” တဲ့။ သူ့အမေးကို မဖြေသေးခင် သူ့အကောင့်ထဲ ဝင်ကြည့်လိုက်တယ်။ သံတွဲမြို့မှာ ဆန္ဒပြဖို့ ဆွေးနွေးနေကြတဲ့ ဖေ့ဘွတ်ချက် ဂရုထဲက တယောက်။ အရင်ရက်တွေက သူ ဆွေးနွေးခဲ့တာတွေကို လိုက်ဖတ်ကြည့်ပြီး စိတ်ချရတယ်လို့ ယူဆတာနဲ့ “ဟုတ်ကဲ့ ဘယ်မှာ လုပ်မှာလဲ၊ လာခဲ့လိုက်မယ်” လို့ ပြန်ဖြေလိုက်တယ်။

“ခဏနေရင် နေရာနဲ့အချိန် ပြန်ပြောပေးမယ်နော်” ဆိုပြီး ပျောက်သွားတယ်။ “ငါဘာလုပ်မှာလဲ၊ တကယ်လုပ်မှာ လား” လို့ တွေးရင်း ကျနော် ရင်ခုန်သံတွေ မြန်လာတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ငါက ဘာတာဝန်ယူ မှာလဲ၊ ဘာအကြံဥာဏ်တွေပေးမှာလဲ၊ ငါတကယ်ရော လုပ်ရဲလားလို့ ကိုယ့်ကိုယ်ကို မေးခွန်းတွေ ပြန်မေးနေမိ တယ်။ ရှေ့တိုးဖို့အတွက် ဆုံးဖြတ်ချက်ချပြီးနောက် တဖက်က ပြန်လာမယ့် မက်ဆေ့ကို ကျနော် စောင့်နေလိုက် တယ်။
နောက်တနာရီလောက်ကြတော့ စောစောက တယောက်က အစည်းအဝေးနေရာနဲ့ အချိန်ကို မက်ဆေ့လှမ်းပို့ တယ်။ ပြီးတော့ “ ကျမ နာမည် သစ္စာပါ၊ အစ်ကိုရောက်ရင် ဖုန်းဆက်လိုက်” ဆိုပြီး ဖုန်းနံပါတ်ပေးတယ်။ ကျနော့် ဖုန်းထဲမှာ ‘သစ္စာ’ နာမည်ကို မှတ်ထားလိုက်တယ်။

သူတို့ချိန်းဆိုတဲ့နေရာက သံတွဲမြို့ပေါ်က အိမ်တလုံးပါ။ မနက်ပိုင်းက ဆန္ဒပြတဲ့သူတွေနဲ့ စည်ကားနေတဲ့ သံတွဲမြို့ ဟာ အခုလိုမွန်းလွဲပိုင်း နေပူနေတဲ့အချိန်မှာတော့ လမ်းပေါ်မှာ လူရှင်းနေတယ်။ လူမြင်မခံချင်တဲ့ ကျနော့်အတွက် အခြေအနေက မျက်နှာသာပေးနေသလိုပင်။
ချိန်းဆိုထားတဲ့အိမ်ရှေ့ရောက်တော့ ဆိုင်ကယ်ရပ်ပြီး ဖုန်းဆက်ဖို့ ပြင်လိုက်တယ်။ အိမ်ပေါက်ဝနဲ့ အပေါ်ထပ် တက်တဲ့လှေခါးရင်းမှာ ဖိနပ်တွေ တရံမှ မတွေ့တာနဲ့ လူတွေမရောက်သေးဘူးလို့ ထင်လိုက်တယ်။ တကယ်က အိမ်ပိုင်ရှင်အမျိုသမီးက ဖိနပ်တွေကို သိမ်းပေးထားတာပါ။

အိမ်ရှေ့ရောက်နေတဲ့အကြောင်း ဖုန်းဆက်ပြီး လှမ်းပြောလိုက်တော့ အပေါ်ထပ်တက်လာခဲ့ဖို့ပြောတယ်။ ကျနော့် ကို ကြည့်နေတဲ့အိမ်ရှင်ကို “သစ္စာ နဲ့ ချိန်းထားတာပါ” လို့ ပြောလိုက်တော့ အပေါ်ထပ်တက်သွားဖို့ ပြောတယ်။ အဲဒါနဲ့ ကျနော် အိမ်အပေါ်ထပ်ကို ဟန်မပျက်တက်သွားလိုက်တယ်။
-ဆက်လက်ဖော်ပြပါမည်။
#သံတွဲ #သစ္စာ #နွေဦးတော်လှန်ရေး #စစ်အာဏာရှင် #ဆန္ဒပြ