
ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၅။
အိမ်အပေါ်ထပ်ရောက်သွားတဲ့အခါ အမျိုးသမီး ၄ ယောက်၊ အမျိုးသား ၄ ယောက် ဝိုင်းဖွဲ့ထိုင်ပြီး အစည်းအဝေး လုပ်နေကြတယ်။ အမျိုးသမီး ၂ ဦးက လွဲလို့ ကျန်သူတွေကို ကျနော် မမြင်ဖူး။ သူတို့ ၂ ဦးကိုလည်း မြင်ဖူးရုံမျှသာ မြင်ဖူးတာပါ။ ကျနော့်ထံ ဆက်သွယ်လာတဲ့ သစ္စာကို လည်း ကျနော် မသိ။
ဒါပေမဲ့ ဒီလူတွေဟာ ပြီးခဲ့တဲ့ ၂ ရက် ဆန္ဒပြပွဲတွေမှာ ဦးဆောင်ခဲ့တဲ့သူနဲ့ ဆန္ဒပြလူတန်းကြီးတလျှောက်ဘေးက နေ အရှေ့အနောက်ပြေးပြီး လိုက်ပါဝန်းရံပေးနေကြတဲ့သူတွေဆိုတာတော့ ကျနော် ခန့်မှန်းမိတယ်။
သစ္စာက သူ့ကိုယ်သူ မိတ်ဆက်ပြီး ကျန်သူတွေနဲ့လည်း ကျနော့်ကို မိတ်ဆက်ပေးတယ်။ သူတို့ဟာ ကျနော့်ကို အသိအမှတ်ပြုနှုတ်ဆက်ပြီးနောက် အစည်းအဝေးကို ဆက်ပြီးဆွေးနွေးတယ်။ သူတို့ အဓိက ပြောနေကြတာဟာ မနက်က လုပ်ခဲ့ဆန္ဒပြမှုရဲ့ အားသာချက်၊ အားနည်းချက်၊ ပြီးတော့ လူထုအင်အားတိုးလာတဲ့အကြောင်းနဲ့ မနက်ဖြန် ဘယ်လိုချီတက်ကြမလဲဆိုတဲ့အကြောင်းပါ။
သူတို့တွေစကားပြောနေတဲ့အချိန် သစ္စာဟာ ကျနော့်ကို သေချာကြည့်ပြီး အကဲခက်နေတယ်။ ပြီးတော့ ကျနော့် ကိုလည်း ဆွေးနွေးဖို့ပြောတယ်။ တကယ်တော့ ကျနော့်မှာက သိပ်များများစားစား ဆွေးနွေးစရာ မရှိ။ လုပ်နိုင်တဲ့ သူတွေ လုပ်နေကြတာကိုပဲ ဝန်းရံရုံသပ်သပ်မျှသာဖြစ်ကြောင်း ဦးစွာပြောပြဖြစ်တယ်။
သံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှု ၂ ရက်မြောက်နေ့မှာ လူထုအင်အားပိုမိုများပြားလာတဲ့အတွက် ကိုယ်တွေက ဦးဆောင်မှုလမ်းကျောင်းပေးဖို့နဲ့ အရှေ့အနောက်၊ ဘေးတလျှောက်ကနေ လိုက်လံဝန်းရံပေးဖို့သာ အဓိက လုပ်ဖို့ကောင်းကြောင်း ဆွေးနွေးဖြစ်တယ်။
ပြီးတော့ လူထုအင်အားများလာတဲ့အတွက် လက်ကိုင်စပီကာတွေ ပိုမိုလိုအပ်ပြီး မြို့ကြီးတွေမှာ ပြောင်းနေတဲ့ ကြွေးကြော်သံတွေအတိုင်း လိုက်ပါကြွေးကြော်နိုင်ဖို့၊ ပြီးတော့ ရဲ နဲ့ စစ်တပ်ရဲ့ ချောင်ပိတ်ဖမ်းနိုင်မယ့်နေရာတွေ ကို ရှောင်ရှားဖို့ စတဲ့အချက်လေးတွေကို ဆွေးနွေးဖြစ်တယ်။ သူတို့လည်း သတိပြုပြီးသားဖြစ်ပေမယ့် ကျနော့် အနေနဲ့ တခြားဆွေးနွေးစရာလည်း မရှိတာကြောင့် အဲဒီအချက်လေးတွေကို ထပ်လောင်းအကြံပြုဖြစ်တယ်။

ပြီးတော့ ကျနော့်အသိ မိတ်ဆွေတယောက်ဟာ သတင်းမီဒီယာဘက်မှာ အတွေ့အကြုံနဲ့ အဆက်အသွယ် ကောင်းတွေရှိတာကြောင့် သံတွဲမြို့ရဲ့ ဆန္ဒပြမှုတွေကို သတင်းမီဒီယာတွေမှာ ပါနိုင်အောင်လုပ်ဖို့ လိုအပ်ကြောင်း ဖြည့်စွက် ဆွေးနွေးဖြစ်တယ်။ ကိုယ်တွေ ဘယ်လောက်ပဲ ဆန္ဒတွေပြပြ သတင်းစာမျက်နှာမှာ မပါနိုင်ရင် ဘယ်သူမှသိမှာမဟုတ်ကြောင်းနဲ့ ဒီအရေးဟာ သမိုင်းမှတ်တမ်းတင်မယ့်ကိစ္စ ဖြစ်တာကြောင့် အရေးကြီး ကြောင်း ပြောပြဖြစ်တယ်။
အဲဒီဆွေးနွေးချက်ကို သူတို့က သဘောတူတယ်၊ သူတို့မှာလည်း သတင်းသမား အဆက်အသွယ်တွေရှိကြောင်း ပြောပြတယ်။ ပြီးတော့ သတင်းစာမျက်နှာတွေမှာ ပါဖို့ကိစ္စ ကျနော့်ကို တာဝန်ပေးတယ်။ ကျနော် တလွယ် တကူပဲ ခေါင်းညိတ်လိုက်တယ်။
တကယ်တမ်းတော့ အစည်းအဝေးမှာ ဆွေးနွေးနိုင်သူ သိပ်မရှိ။ ကျနော့်အတွက် ယုံကြည်မှု၊ စေးကပ်မှုတခု လိုအပ်နေသလိုခံစားရတယ်။ သူတို့အချင်းချင်းဘယ်လို ယုံကြည်မှုတွေရှိနေတယ်ဆိုတာကို မသိပေမယ့် ကျနော်နဲ့က အခုမှ စသိတာကြောင့်လည်းဖြစ်မယ်။ ဒါကြောင့် ရင်းနှီးယုံကြည်မှုနဲ့ စေးကပ်မှု ရှိမနေတာတော့ အဆန်းတော့မဟုတ်။ အလုပ်နဲ့သက်သေပြဖို့သာရှိတယ်။
ကျနော့်ဘက်ကလည်း တချို့ကိုကြည့်ပြီး မခံချင်စိတ်ကြောင့်သာ ပါဝင်ကြခြင်းဖြစ်သော်လည်း ရှေရှည် ခရီးကြမ်းကို ချီတက်နိုင်ပါ့မလားလို့ တွေးနေမိတယ်။
အစည်းအဝေးမပြီးသေးခင် အမျိုးသမီးတဦး ထပြန်သွားတယ်။ ရှေ့ရက်တွေက ဆန္ဒပြမှုတွေမှာပါဝင်ထား တာကြောင့် ရဲတွေက သူ့ကို စောင့်ကြည့်နေတယ်လို့ ဆိုတယ်။ အိမ်အထိလာရှာတယ်လို့ ဆိုတယ်။
တခြားပြည်နယ်နဲ့တိုင်းတွေကိုကြည့်မယ်ဆိုရင်လည်း ဖေဖော်ဝါရီ ၈ ရက်၊ ၉ ရက်တွေမှာ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ်တချို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါပြီ။ ရန်ကုန်မြို့မှာဆိုရင် (ကိုကိုးကျွန်းမြို့နယ်မပါ) မြို့နယ် ၄၄ မြို့နယ်မှာ စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တမျိုးမျိုးကို အသုံးပြပြီး ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော် ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတွေ မပြုလုပ်ရန် တားမြစ်ထုတ်ပြန်လိုက်ပါတယ်။
လှိုင်သာယာကနေ ရန်ကုန်မြို့ဘက်ကို ကူးတဲ့ ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားကို လုံခြုံရေးရဲတပ်ဖွဲ့ ဝင်တွေက ပိတ်ဆို့လိုက်ကြတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလမ်းပေါ်ထွက် ဆန္ဒပြမှုတွေအားကောင်းလာခြင်းရဲ့ တခြားတဖက်မှာ စစ်တပ်ကလည်း လုံခြုံရေးအခြေအနေကို တဖြည်းဖြည်း တင်းကျပ်လာတယ်။ ဆန္ဒပြလူထုကိုတားဆီးဖို့ ကြိုးစားလာတယ်။

ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတခုဖြစ်တဲ့ လှည်းတန်းမှာဆိုရင် လူထုနဲ့ လုံခြုံရေးရဲဝန်ထမ်းတွေ ထိပ်တိုက်တိုးတဲ့အခြေအနေတွေဖြစ်လာတယ်။ နေပြည်တော် သပြေကုန်းအဝိုင်းမှာတော့ ဆန္ဒပြပြည်သူတွေကို လုံခြုံရေးရဲဝန်ထမ်းတွေက ပစ်ခတ်တာတွေ စလုပ်ပါပြီ။
အဲဒီပစ်ခတ်မှုမှာ ဆန္ဒပြပြည်သူတချို့ထိမှန် ဒဏ်ရာရခဲ့တယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ ရာဘာကျည်ဆန်မသုံးဘဲ ကျည်အစစ်ကို အသုံးပြုခဲ့တာကြောင့် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင် ရဲ့ ခေါင်းကို ကျည်ဆန်မှန်ပြီး ဆေးရုံ ရောက်ခဲ့ပါတယ်။ ပထမတော့သေဆုံးပြီဆိုတဲ့သတင်းတွေထွက်ခဲ့ပေမယ့် ဆေးရုံရောက်တဲ့အခါ အသက်လုရတဲ့ အခြေအနေလို့ သိလိုက်ရတယ်။
မမြသွဲ့သွဲ့ခိုင် သေနတ်နဲ့ပစ်ခံလိုက်ရပြီး ဆေးရုံမှာ အသက်လုနေရတယ်ဆိုတဲ့ သတင်းဟာ အာဏာရှင်စစ်တပ်ကို ရွံမုန်းနေကြတဲ့ ပြည်သူအတွက်တော့ ပိုပြီးဒေါသထွက်စေခဲ့တယ်။ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုပြီး ခိုင်မာလာတယ်။ ရှေ့ကိုဆက်တိုးမယ့် ခြေလှမ်းတွေ ပိုပြီးရဲရင့်လာကြတယ်။
သံတွဲမြို့မှာလည်း လမ်းပေါ်ထွက်ဆန္ဒပြမှုတွေအားကောင်းလာတာနဲ့အမျှ ဆန္ဒပြဦးဆောင်သူတွေလို့ နာမည်ထွက်သူတွေရဲ့ လုံခြုံရေးကလည်း သတိထားစရာဖြစ်လာတယ်။

စစ်တပ်ဘက်က ဆန္ဒပြမှုတွေကို တန်ပြန် တားဆီးမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ သံတွဲမြို့ပေါ်က စစ်တပ် ထောက်ခံသူတချို့ကလည်း ဆန္ဒပြတဲ့သူတွေကို လှောင်ပြောင်တာမျိုးတွေ လုပ်လာတယ်။ အာဏာရှင်စနစ် သက်ဆိုးရှည်စေချင်တဲ့ စစ်တပ်လက်ကိုင်တုတ်တချို့ဆိုရင် ဖေ့ဘွတ် ပေါ်မှာ ဓားကိုင်ထားတဲ့ပုံတင်ပြီး လူငယ်တွေကို ဓားကြိမ်းကြိမ်းတာမျိုးတွေ လုပ်လာကြတယ်။ ဆန္ဒပြလူငယ်တွေကို ပြက်ရယ်ပြုပြီး အားမနာပစကားတွေ ပြောလာကြတယ်။
သံတွဲမြို့လယ် မြို့နယ်ခန်းမဟောင်းနေရာမှာလည်း စစ်ကားတစီးရပ်ထားပြီး သေနတ်ကိုင်၊ ပြောက်ကျား ယူနီဖောင်းဝတ်စစ်သားတွေ ရောက်နေပါပြီ။ အချုပ်ကားနဲ့ ရဲကားတွေလည်း မြို့ထဲမှာ လှည့်ပတ်နေကြပြီ။
ဒါပေမဲ့ သံတွဲမြို့နယ်အတွင်းက ပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ တတိယနေ့ကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီနေ့ စုရပ်က ဘုရင့်နောင်လမ်းပေါ်၊ ဒွါရာဝတီဈေးအရှေ့၊ လုံးသာ(ဂျိတ္တော) ကားဂိတ်နားက စထွက်ကြတယ်။
လမ်းကြောင်းက ဘုရင့်နောင်လမ်းအတိုင်းချီတက်ပြီး ရတနာလမ်းအရောက်မှာ EPC ရုံးဘက်ကို ကွေ့လိုက် ကြတယ်။ ပြီးတော့ မဟာမြိုင်လမ်းအတိုင်း သံတွဲဆေးရုံ အရှေ့အထိ။ အဲဒီကနေ ဘုရင့်နောင်လမ်းအတိုင်း မြို့ထဲကို ပြန်ဝင်လာပြီး မာဃလမ်းထဲ ဝင်လိုက်ကြတယ်။ ပြီးတော့ အနော်ရထာလမ်းထဲ ကွေ့ဝင်ပြီး သစ္စာလမ်း အရောက်မှာ လူစုခွဲလိုက်ကြတယ်။
ဆန္ဒပြချိန်တိုတောင်းတာကြောင့် တချို့က လူအုပ်ကြီးထဲဝင်ပြီး ဆန္ဒပြရုံရှိသေးတယ် လူစုက ခွဲလိုက်ပြီလား ဆိုပြီး အားမလို အားမရဖြစ်ကြတယ်။ အဲတော့ တချို့က ဆက်ပြချင်ကြတယ်။ အရှိန်မသေနိုင်သေးတဲ့ လူငယ်တချို့ကတော့ လူစုခွဲလိုက်တဲ့ နေရာမှာ အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို အုပ်စုလိုက် အော်ဟစ်နေကြသေးတယ်။

ဆန္ဒပြချီတက်ကြတဲ့လမ်းကြောင်းကလည်း အရင်ရက်တွေက နည်းတူဖြစ်တာရော၊ အချိန်တိုတောင်းတာ ရောကြောင့် သုံးရက်မြောက်နေ့ဆန္ဒပြရတာဟာ အီလည်လည် ဖြစ်ကုန်ကြတယ်။
ဒါကြောင့် ဆန္ဒပြလူစုခွဲပြီးတဲ့နောက် ရန်ကုန်မြို့ရဲ့အခြေအနေကို လေ့လာကြည့်တယ်။ ရန်ကုန်မြို့ရဲ့ ဆန္ဒပြမှု တွေဟာ ပုံစံပြောင်းသွားတာကို သတိပြုမိတယ်။
တချို့တွေက ဆန္ဒပြတာမှာ ပျော်ပွဲစားထွက်လာတဲ့ပုံစံမျိုး ချက်ပြုတ်စားသောက်ရင်း ဆန္ဒပြတာ၊ တချို့က မင်္ဂလာဆောင် သတို့သမီးဝတ်စုံတွေ ဝတ်ပြီး ဆန္ဒပြကြတာ၊ GYM ဆော့တဲ့ အမျိုးသားတွေကလည်း အပေါ်အင်္ကျီမဝတ်ဘဲ သူတို့ရဲ့ လှပတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကို ပြရင်း အဖွဲ့လိုက် ဆန္ဒပြကြတာမျိုး တွေလုပ်လာကြတယ်။
တိရစ္ဆာန်ချစ်သူတွေကလည်း သူတို့မွေးထားတဲ့ ဖွတ်တွေ၊ မြွေတွေကို ယူလာပြီး လမ်းပေါ်ထွက် ဆန္ဒပြကြတယ်။ ပြီးတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံတွေကို ကားလမ်းပေါ်ကပ်ပြီး ဖနောင့်နဲ့ ဝိုင်းပေါက်ကြတဲ့ နည်းလမ်းတွေနဲ့ ဆန္ဒပြကြတယ်။
ပြီးတော့ လှည်းတန်းလမ်းဆုံ ကုန်းတံတားမှာဆိုရင် ဖေဖော်ဝါရီ ၉ ရက်က နေပြည်တော်မှာ သေနတ်နဲ့ အပစ်ခံလိုက်ရတဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ပိုစတာအကြီးကြီးကို ချိတ်ဆွဲပြီး ဆန္ဒပြကြတယ်။ ရန်ကုန်မြို့ရဲ့ ဆန္ဒပြမှု ပုံစံဟာ ဖက်ရှင်ဒီဇိုင်း၊ နည်းမျိုးစုံနဲ့ တနေ့တမျိုး မရိုးရအောင် စစ်အာဏာရှင်ဆန္ဒပြမှုကြီးကို ဦးဆောင်ပေး လိုက်တယ်။
ဖေဖော်ဝါရီ ၁၀ ဆန္ဒပြပွဲတွေမှာ အနုပညာရှင်တွေလည်း ပါဝင်လာကြပါပြီ။ အလားတူ ဆရာဝန်၊ သူနာပြု၊ ကျောင်းဆရာ၊ ဆရာမ၊ ရဲဝန်ထမ်း၊ မီးရထားဝန်ထမ်း စတဲ့ အစိုးရဝန်ထမ်းပေါင်းများစွာကလည်း သူတို့ဌာန အလိုက် သပိတ်စစ်ကြောင်းတွေ ထွက်လာကြပါပြီ။

ဒါကြောင့် ကျနော်တို့ ဖေဖော်ဝါရီ ၁၀ ရက် အစည်းအဝေးလုပ်တဲ့အခါ အဲဒီအကြောင်းတွေကို ဆွေးနွေးဖြစ် ကြတယ်။ ရန်ကုန်မြို့ရဲ့ ဖက်ရှင်ဒီဇိုင်းတွေ နည်းတူ ဆန္ဒပြကြဖို့ အစီအစဉ်တွေ ဆွဲဖြစ်တယ်။ နည်းလမ်းတွေ စဉ်းစားတယ်။ သံတွဲမြို့ပေါ်က လူငယ်တချို့ကလည်း သူတို့နည်း၊ သူတို့ဟန်နဲ့ မနက်ဖြန်မှာ ဆန္ဒကြဖို့ ပြင်ဆင်နေကြတဲ့ သတင်းစကားတွေလည်းကြားရတယ်။
အဲဒီနေ့ကတော့ ပျော်စရာကောင်းတဲ့ ဆွေးနွေးပွဲပါ။ အစီအစဉ်တွေ ကိုယ်စီရှိနေကြတယ်။ ကျနော်တို့ကလည်း နီးစပ်ရာတွေကို လိုက်လံနှိုးဆော်တယ်။ တချို့က ဆံပင်အတုတွေ ရှာကြတယ်၊ ဘေထုတ်ဆိုင်တွေမှာ အင်္ကျီတွေ ဖွကြတယ်၊ မိတ်ကပ်တွေ၊ နှုတ်ခမ်းနီတွေ လိုက်တောင်းကြ၊ လိုက်ဝယ်ကြတယ်။ လူတွေဟာ မနက်ဖြန်ဆန္ဒပြပွဲ အတွက် ပြင်ဆင်ကြရင်း စိတ်လှုပ်ရှားနေကြတယ်။ သံတွဲဟာ မနက်ဖြန်ဆန္ဒပြပွဲအတွက် တက်ကြွနေကြတယ်။
အဲဒီနေ့အစည်းအဝေးမှာ မနက်ဖြန်အတွက် လမ်းကြောင်းဆွဲတဲ့အခါ အစိုးရရုံးဘက်တွေကို ချီတက်ကြဖို့ ပြင်ဆင်လိုက်တယ်။ အဓိက ရည်ရွယ်ချက်က ဆန္ဒပြပွဲတွေမှာ အစိုးရဝန်ထမ်းတွေပါဝင်လာစေဖို့၊ CDM လုပ်သူတွေ များလာစေဖို့ပါ။
ဒါကြောင့် မနက်ဖြန် ဆန္ဒပြစုရပ်က ဆင်ခေါင်းကားဂိတ်ရှေ့။ သံတွဲ-ဂွ-ရန်ကုန် ကားလမ်းအတိုင်းစထွက်မယ်။ သံတွဲမီးသတ်ဘေးလမ်းကနေ အစိုးရလူကြီးတွေ နေထိုင်ရာ ဘိုကုန်းကို ပတ်မယ်။ ပြီးတော့ လေးမျက်နှာကုန်းကနေ မြို့ထဲကို ပြန်ဝင်မယ်ပေါ့။
အဲဒီနေ့က သံတွဲမြို့မီးသတ်ဌာနမှာတော့ အနီရောင်မီးသတ်ကားကြီးကို အဖြူရောင် စတေကာတွေကပ်ပြီး အဓိကရုန်းနိုမ်နင်းတဲ့နေရာမှာ အသုံးပြုတဲ့ကားပုံစံအဖြစ် အသွင်ပြောင်းနေကြပါပြီ။
-ဆက်လက်ဖော်ပြပါမည်။