LifestyleProfile

သံတွဲ သစ္စာ အပိုင်း (၆)

ဒွါရာဝတီ၊ မတ် ၁၃၊ ၂၀၂၅။

ဒွါရာဝတီသံတွဲမြို့ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅ ရက်မြောက်နေ့ဟာလည်း အသွင်တမျိုးနဲ့ထပ်ထွက်လာ တယ်။ ထူးခြားချက်က ဆန္ဒပြတပ်ဦးကို ကျောင်းသားတွေက ဦးဆောင်လာတယ်။ ကျောင်းသားသမဂ္ဂခွပ်ဒေါင်း အလံကို သပိတ်တပ်ဦးမှာ လွှင့်ထူလိုက်ကြတယ်။ ဒါဟာ ခေတ်အဆက်ဆက် အဖိနှိပ်ခံပြည်သူတွေရဲ့ ရှေ့က မားမားမတ်မတ်ရပ်တည် တိုက်ပွဲဝင်ခဲ့ကြတဲ့ သင်္ကေတ တခု။ သံတွဲမြို့ရဲ့ တော်လှန်ရေးရေချိန်ဟာ တရက်ထက် တရက် ပိုမြင့်တက်လာတယ်လို့ ဆိုရမယ်။

စစ်အာဏာရှင်နောက်လိုက် အုပ်ချုပ်သူ လူတန်းစားအမည်ခံ ရဲသတင်းပေးနဲ့ ရဲတွေကလည်း ပိုပြီး အတင့်ရဲလာ တယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲသတင်းပေးတွေဟာ ဆန္ဒပြတပ်ဦးရဲ့ထိပ်မှာ တောက်လျှောက်လိုက်ပါပြီး ပေါ်ပေါ် တင်တင်မှတ်တမ်းယူကြတယ်။ အဲဒီအထဲမှာ သံတွဲမြို့ခံ ရဲတပ်ဖွဲ့ဝင်နဲ့ ရဲသတင်းပေးတွေလည်း ပါလာကြတယ်။ တချို့က တာဝန်အရ၊ တချို့က သခင်အားရ ကျွန်ပါးဝ။

ရှေ့ရက်တွေမှာ ရဲ နဲ့ စစ်တပ်က လုံခြုံရေးတားဆီးမှုတွေပြုလုပ်ခဲ့ပေမယ့် ဆန္ဒပြပြည်သူတွေက ကျော်လွှား နိုင်ခဲ့ကြတယ်။ ဒီနေ့မှာလည်း သံတွဲမြို့ပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ လမ်းဆုံနေရာအနှံ့လိုလိုမှာ စောင့်ဆိုင်း နေကြတယ်။

ဖေဖော်ဝါရီ ၁၂ ရက် ဆန္ဒပြစစ်ကြောင်းချီတက်ရာလမ်းကြောင်းက ချင်းမကြီးတိုက်လမ်းဆုံကနေ ရန်ကုန်-ဂွ ကားလမ်းမအတိုင်း ငကျော်တောင်ဘက်ကို ချီတက်ကြတယ်။ ပြီးတော့ ညာဘက်ချိုးကွေ့ပြီး ငကျော်တောင် ကျောင်းရှေ့လမ်းအတိုင်း ဆင်းခဲ့ကြတယ်။ မဟာဗောဓိလမ်းကနေ မဟာမြိုင်လမ်းပေါ်တက်ပြီး ဆေးရုံအရှေ့ အရောက်မှာ ဘုရင့်နောင်လမ်းအတိုင်း မြို့ထဲဘက်ကို ပြန်ဝင်လာခဲ့ကြတယ်။

ဆန္ဒပြလူဦးရေဟာ အရင်နေ့တွေကထက် ပိုပြီးများများလာတယ်။ ကျောင်းသူ၊ ကျောင်းသား၊ ကျောင်းဆရာ၊ ကျောင်းဆရာမတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေ၊ ကလေးတွေ စသဖြင့် အရွယ်မျိုးစုံ အစုံအလင်ပါလာကြ တယ်။

ကြွေးကြော်သံတိုင်ပေးတဲ့သူတွေကလည်း အရင်ရက်တွေကလို လက်ကိုင်စပီကာတွေပဲ မဟုတ်တော့ဘူး၊ ဆောင်းဘောက်တွေ၊ လော်စပီကာတွေပါ အင်အားဖြည့် ကြွေးကြော်လာကြတယ်။

ဆန္ဒပြလူထုကြီးချီတက်လာတဲ့အခါ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မာဃလမ်းထိပ်မရောက်ခင် တံတားလေးမှာ တန်းစီ ပိတ်စောင့်နေကြပါတယ်။ ပုံမှန်ဆိုရင်တော့ ဆန္ဒပြလူတန်းကြီးက မာဃလမ်းထဲကိုဝင်ပြီး နောက်ဆုံး ဆုံရပ်ကိုသွားကြဖို့ပါ။

ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှေ့မှာ အခုလိုကာထားတဲ့အခါ ရှေ့ဆက်ဖို့က စဉ်းစား သွားကြတယ်။ အနားမှာရပ်ကြည့်နေတဲ့ လူကြီးတွေကတော့ ရှေ့မဆက်ဖို့နဲ့ ဒီနေ့ သူတို့ တကယ်ဖမ်းဖို့ စီစဉ်ထား ကြောင်း ဝိုင်းပြောကြတယ်။ အဲဒါနဲ့ ရှေ့ဆုံးက ဦးဆောင်သူတွေဟာ စံပယ်လမ်းထဲကို ကွေ့ဝင်လိုက်ကြတယ်။

လူတန်းကြီးက စံပယ်လမ်းထဲ ကွေ့ဝင်သွားတဲ့အခါ လုံခြုံရေးရဲကား ၂ စီးဟာ လမ်းလျှောက်နေတဲ့ လူတန်းကြီးရှိရာတည့်တည့်ကို ဖြည်းဖြည်းချင်းမောင်းလာတယ်။ ပြီးတော့ လမ်းထဲကွေ့ဝင်နေတဲ့ ဆန္ဒပြလမ်းလျှောက်နေသူတွေရဲ့ တည့်တည့်ကို ဖြတ်ဝင်တယ်။ ဆန္ဒပြသူတွေက ရဲကား ၂ စီးကို လမ်းဖယ်ပေး လိုက်တယ်။ ဒါပေမဲ့ ရဲကား ၂ စီးဟာ ရှေ့ဆက်မသွားဘဲ ရပ်တန့်လိုက်ပြီး ကားပေါ်လိုက်ပါလာတဲ့ လက်နက်ကိုင် ရဲတွေဟာ ရုတ်တရက်ဆင်းလာပြီး လူတွေကို လိုက်ဖမ်းပါတော့တယ်။

ရုတ်တရက်ကြုံလိုက်ရတဲ့အခါ ဆန္ဒပြပြည်သူတွေဟာ လုံခြုံရေးရဲတွေရဲ့ လက်ကနေလွတ်မြောက်ဖို့အတွက် ခြေဦးတည့်ရာ တိမ်းရှောင်ပြေးရတယ်။ ဝရုန်းသုန်းကားဖြစ်ပြီး နီးစပ်ရာတွေမှာ ပုန်းခိုလိုက်ရတယ်။ လူတန်းကြီး ဟာ ၂ ပိုင်းပြတ်သွားတယ်။ စံပယ်လမ်းထဲဝင်သွားတဲ့ ရှေ့ဆုံးကဆန္ဒပြလူတန်းကြီးဟာ ရပ်ကွက်လမ်းတွေထဲ ကနေ ဝင်သွားရတာကြောင့် နောက်ပိုင်းမှာဖြစ်လိုက်တာတွေကို သိလိုက်ပုံမရဘူး။

အဲဒီဆန္ဒပြတပ်ဦးဟာ အနော်ရထာလမ်းအတိုင်း၊ အောင်ဇေယျစတိုးဆိုင်အနားကနေ မာဃလမ်းပေါ်အတက် မှာတော့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတန်းကြီးကို အသင့်စောင့်နေတဲ့ ရဲကားက ပြေးတိုက်ပါတယ်။ အရှိန်ပြင်း ပြင်းနဲ့ ပြေးတိုက်တာမျိုးမဟုတ်လို့ အသတ် မသေပေမယ့် လမ်းလျှောက်ဆန္ဒပြနေတဲ့ကျောင်းဆရာမတဦး လဲကျသွားတယ်။ ဒါကိုမြင်တဲ့ပြည်သူတဦးက လှမ်းဆွဲပြီး ကူပေးတယ်။

အဲဒီကူညီပေးတဲ့ သံတွဲမြို့ခံအမျိုးသားတဦးကို ရဲတပ်ဖွဲ့တွေက အတင်းအဓမ္မကားပေါ်တင် ဖမ်းဆီးခေါ်သွားကြ တယ်။ လက်နက်ကိုယ်စီကိုင်ဆောင်ထားတဲ့ ကျန်ရဲတွေကလည်း ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတော့မယ့် ပုံစံမျိုးတွေလုပ်လာတာကြောင့် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေဟာ လူစုခွဲလိုက်ကြတယ်။ ဘေးကင်းရာ ကို ရှောင်လိုက်ကြတယ်။

စစ်အာဏာရှင်လက်ကိုင်တုတ် သေနတ်ကိုင်ရဲတွေရဲ့ အတင်းအဓမ္မအကြမ်းဖက်ဖြိုခွဲမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြ လမ်းလျှောက်သူတွေဟာ လူစုကွဲကုန်ကြတယ်။ လူတန်းကြီးပျောက်ပြီး လူတွေဟာ ဟိုတစုဒီတစုဖြစ်သွားကြ ပေမယ့် အိမ်ကိုတန်းမပြန်ကြဘူး။ အခင်းဖြစ်တဲ့နေရာမှာ တဝဲလည်လည်လုပ်နေကြတယ်။  ဒေါသတွေထွက်နေ ကြတယ်။ တောက်ခေါက်ကြတယ်။

အမျိုးသားတဦးအဖမ်းခံလိုက်ရတဲ့အတွက် ဆန္ဒပြပြည်သူတွေဟာ ကြောက်လန့်ပြီး ထွက်မပြေးဘူး၊ ခေါင်းမရှောင်ဘူး။ အဖမ်းခံလိုက်ရသူ ပြန်လွှတ်ပေးရေး အရေးဆိုဖို့ လူပြန်စုတယ်။ စောစောက လူစုခွဲသွားတဲ့သူတွေဟာ ချက်ချင်းဆိုသလို လူတန်းကြီး ပြန်ဖြစ်ပြီး ရဲစခန်းရှိရာကို ချီတက်ခဲ့ကြတယ်။

ရဲစခန်းရှေ့မှာ လုံခြုံရေးရဲတွေဟာ သံဆူးကြိုးတပ်အကာအရံတွေကို ဟိုဘက်ထိပ်၊ ဒီဘက်ထိပ်ချထားပြီး လမ်းပိတ်ထားလိုက်တယ်။ အကာအရံ အတားအဆီးတွေရဲ့နောက်မှာ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေက ထိုင်ခုံ တွေနဲ့ထိုင်နေကြတယ်။ သူတို့ရဲ့နောက်ဘက်မှာ ပြောက်ကျားယူနီဖောင်းဝတ် လက်နက်ကိုင်စစ်သားတွေရှိတယ်။

သံတွဲမြို့မရဲစခန်းအရှေ့၊ ဗိုလ်ချုပ်လမ်းပေါ်မှာ လက်နက်ကိုင်ရဲတွေနဲ့ ဆန္ဒပြပြည်သူတွေဟာ မျက်နှာချင်း ဆိုင်ထိုင်လိုက်ကြတယ်။ အလယ်မှာ သံဆူးကြိုး အတားအဆီးတွေက ခြားထားတယ်။ ဆန္ဒပြပြည်သူတွေဟာ လက်သုံးချောင်းထောင်ပြီး ဖမ်းဆီးသွားတဲ့အမျိုးသားကို ပြန်လွှတ်ပေးဖို့ တောင်းဆိုးကြတယ်။ အမျိုးသား ၂ ဦးဟာ ရဲအရာရှိတွေထံသွားပြီး အရေးဆိုတယ်။

ခဏကြာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးရောက်လာတယ်။ မိုက်ကိုင်၊ လက်သုံးချောင်းထောင်ပြီး အားလုံးနဲ့အတူရှိကြောင်း၊ တသဘောထားတည်းဖြစ်ကြောင်း အမူအရာနဲ့ ရော ပါးစပ်နဲ့ပါ ပြောပြတယ်။ အဖမ်းခံထားရတဲ့ ဆန္ဒပြတော်လှန်ရေးရဲဘော်ကို ဥပဒေအရ ညှိနှိုင်းတိုင်ပင်ကာ သူအာမခံပေးပြီး ပြန်လွှတ်ပေးမယ့်အကြောင်း၊ ဒီနေ့မှာတော့ ဒီမျှနဲ့ ကျေနပ်ပြီး လူစုခွဲပေးလိုက်ဖို့အကြောင်း ပြောတယ်။ ပြီးတော့ သူပြောတာကို ထောက်ခံရင် လက်ခုပ်တီးပေးကြဖို့ပြောတယ်။ သူက မိုက်နဲ့ပြောပေမယ့် သေချာမကြားရတာရော၊ ပြီးတော့ အခြေအနေကို သဘောမပေါက်တာရောကြောင့် ထိုင်သပိတ်လုပ်ဆန္ဒပြ ပြည်သူတချို့က လက်ခုပ်တွေ တီးကြတယ်။ ဒါပေမဲ့ အများစုကလည်း “မတီးနဲ့ မတီးနဲ့” ဆိုပြီးလိုက်တားတယ်။

အဲဒီနေရာမှာ ကွဲပြားသွားတာက လူကြီးတွေက အကြောင်းအမျိုးမျိုးနဲ့ အခြေအနေတွေကို ထောက်ရှုပြီး လူစုခွဲဖို့ အားသန်နေကြတယ်။ ဒါပေမဲ့ ကျောင်းသားတွေနဲ့ လူငယ်တွေကတော့ အဖမ်းခံရသူကို ပြန်လွှတ်ပေးမယ်ဆိုတဲ့ ယုံကြည်ရတဲ့ အာမခံချက်ရမှ လူစုခွဲပေးမယ့်သဘောရှိတယ်။ အဲဒါကြောင့် ကျောင်းသားလူငယ်တွေက အလွယ် တကူညှိနှိုင်းပြောဆိုမှုကို ထောက်ခံလက်ခုပ်မတီးဖို့နဲ့ လူစုမခွဲဖို့ လိုက်လံစည်းရုံးတယ်။ အဲဒီမှာတင် လွှတ်တော် ကိုယ်စာလှယ်ဟောင်းကြီးနဲ့ လူကြီးတွေရဲ့ အစီအစဉ်ပျက်သွားတယ်။ လူငယ်တွေက လွှတ်ပေးမှ ပြန်မယ်ဖြစ် ကုန်ကြတယ်။ အားလုံးကလည်း ဖမ်းထားတဲ့သူကို ပြန်လွှတ်ပေးဖို့သာ တောင်းဆိုတယ်။ လူစုခွဲမပေးတဲ့အပြင် ရဲစခန်းရှေ့နားမှာ လူအင်အားက ပိုများလာတယ်။

ဒီအခါ ရဲအရာရှိတွေက ဆန္ဒပြဦးဆောင်သူတွေကို ဆွေးနွေးဖို့လှမ်းခေါ်တယ်။  အဲဒီအချိန် လူအုပ်ကြီး ရှေ့ဆုံးနား မှာ မတ်တတ်ရပ်နေတဲ့ လူငယ်တယောက်ထွက်လာတယ်။ သူဟာ အင်္ကျီအဖြူအဝါကြား၊ ဂျင်းဘောင်းဘီနဲ့။ ကျောပိုးအိတ် တလုံးကို လွယ်ထားတယ်။ သူ့ကို ကျနော် မမြင်ဖူးဘူး။ ကျနော်တို့အဖွဲ့ထဲက မဟုတ်ဘူး။

သူဟာ ရဲရဲရင့်ရင့်ပဲ ညှိနှိုင်းဖို့ခေါ်တဲ့သူတွေအနား လျှောက်သွားတယ်။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ရော၊ ရဲအရာရှိနဲ့ပါ အပြန်အလှန် ညှိနှိုင်းစကားပြောတာတွေလုပ်တယ်။ ဆန္ဒပြခေါင်းဆောင်ရှာနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရဲသတင်းပေးတွေဟာ အဲဒီလူငယ်ကို ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကြတယ်။ အဲဒီနေရာမှာ ရဲအရာရှိတွေရော၊ စစ်သားတွေပါ အုံကျသွားတယ်။ လူငယ်ဟာ အိန္ဒြေ မပျက်စကားပြောနေတာကို တွေ့ရတယ်။

ခဏကြာစကားပြောပြီးတော့ အဲဒီလူငယ်ဟာ လူအုပ်ကြီးရှေ့ကို ဟန်မပျက် ပြန်လျှောက်လာတယ်။ ပြီးတော့ လက်ကိုင်စပိကာတခုကိုယူကာ ထိုင်နေတဲ့ လူအုပ်ကြီးကို စကားပြောတယ်။ ဖမ်းထားတဲ့သူကို ဒီနေ့ပဲ ပြန်လွှတ်ပေးမယ့်အကြောင်းနဲ့ လူအုပ်ကြီးအနေနဲ့ အရင်ဆုံးလူစုခွဲပေးဖို့ ကမ်းလှမ်းတဲ့အကြောင်းပြောတယ်။ သူဟာ သူလုပ်စရာရှိတာ၊ ပြောစရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်သွားတာကို အားလုံးမြင်လိုက်ရတယ်။

ဆန္ဒပြလူအုပ်ကြီးကလည်း သူ့အပေါ်ယုံယုံကြည်ကြည်နဲ့ပဲ လူစုခွဲပေးလိုက်ကြတယ်။ အဲဒီလူငယ်ဟာ ပြောစရာရှိတာတွေ ပြောဆိုပြီး ပျောက်သွားတယ်။ ဒါကိုကြည့်ပြီး ကျနော့်စိတ်ထဲ တွဲတိုင်းမှာ စက်ခေါင်းပါ တယ်ဆိုတဲ့ စကားကို ပြေးမြင်မိတယ်။ လိုအပ်တဲ့အချိန်မှာ ဦးဆောင်လုပ်ပေးမယ့်သူတယောက်ဟာ သူ့အလိုလို ပေါ်လာတတ်တာကို သတိထားမိတယ်။ နောက်ထပ်သတိထားမိတာတခုကတော့ ဆန္ဒပြပြည်သူတွေဟာ မျိုးဆက်သစ်လူငယ်တွေအပေါ် ပိုမိုယုံကြည်ကြတယ်။  Generation Z တွေကို ယုံကြည်အားကိုးကြတယ် ဆိုတာပဲ။

ရဲစခန်းရှေ့ထိုင်သပိတ်လုပ်နေကြတဲ့ လူအုပ်ကြီးဟာ လေးလံတဲ့ခြေလှမ်းတွေနဲ့ လူစုခွဲလိုက်ကြတယ်။ တချို့က လည်း ပြန်လွတ်လာမယ့်သူကို မာဃလမ်းထဲကနေ စောင့်ဆိုင်းနေကြတယ်။

မိနစ် ၃၀ လောက်အကြာမှာတော့ အဖမ်းခံထားရတဲ့သူ ပြန်လွတ်လာပြီဆိုတာ ကြားလိုက်ရတယ်။ မာဃလမ်း ထဲစောင့်ဆိုင်းနေတဲ့ သူတွေဟာ ပြန်စုရုံးသွားကြတယ်။ မာဃလမ်းရဲ့ ဘယ်ညာနှစ်ဘက်မှာ အလိုက်သင့် တန်းစီ လိုက်ကြပြီး ပြန်လွတ်လာတဲ့သူကို လက်ခုပ်လက်ဝါးတီးကာ အော်ဟစ်ကြိုဆိုကြတယ်။

ပြန်လွတ်လာတဲ့ အမျိုးသားဟာ လူတန်း ၂ ခုကြားကနေ လက်သုံးချောင်းထောင်ပြီး အောင်နိုင်သူအသွင်နဲ့ လျှောက်လှမ်းလာတယ်။ ရဲကားနဲ့ဝင်တိုးလို့ လဲကျသွားတဲ့ဆရာမကို သူက အမြင်မတော်လို့ ဝင်ထူပေးတယ်။ ဒါကိုပဲ ရဲက သူ့ကိုဖမ်းသွားတယ်။

မတရားမှုကို မကြည့်ရက်နိုင်တဲ့သူ။ မတရားမှုကိုကာကွယ်ရင်း အဖမ်းခံလိုက်ရတဲ့သူ။ တရားတာကိုလုပ်လို့ အဖမ်းခံလိုက်ရတဲ့သူ။ အခုလို ပြန်လွတ်မြောက်လာတဲ့အခါမှာ သူ့အတွက် အခုအချိန်ဟာ ဂုဏ်ယူစရာအခိုက် အတန့်၊ မမေ့နိုင်စရာအဖြစ်အပျက်။ သူ့ကိုမြင်လိုက်ရတဲ့အခါ လူတွေအားလုံးဟာ မြူးတူးခုန်ပေါက်ပြီး ပျော်ရွှင် သွားကြတယ်။ တကယ့်ကို ပျော်စရာ ကောင်းတဲ့အခိုက်အတန့်၊ အားတက်စရာကောင်းတဲ့ တဒင်္ဂ။

ဒီနေ့တရက်တည်းမှာတင် စိတ်အားတက်ကြွစရာ၊ ထိတ်လန့်စရာ၊ ဒေါသထွက်စရာ၊ အားငယ်စရာ၊ ပျော်ရွှင်စရာ၊ ကြည်နူးစရာ ရသမျိုးစုံ ခံစားလိုက်ရတယ်။ ဒီနေ့မှာလည်း သံတွဲမြို့နယ်အတွင်းက အာဏာရှင်ဆန့်ကျင်ဆန္ဒပြ ပြည်သူတွေဟာ အောင်မြင်မှုတွေနဲ့ အဆုံးသတ်ခဲ့ကြတယ်။

-ဆက်လက်ဖော်ပြပါမည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button