
//အက်ဆေး//
//လင်းမြရည်//
ဒွါရာဝတီ၊ မတ် ၂၂၊ ၂၀၂၅။
ရခိုင်မှာ စာအုပ်အငှားဆိုင်တွေကို အားကိုးနေရတယ်တဲ့။ သတင်းတွေထဲ ဖတ်ရတော့ လျှပ်စစ်မီး နပ်မမှန်၊ အင်တာနက်မရှိ၊ ဖုန်းဆိုတာ ဝေးစွဆိုတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း အစိတ်၊ သုံးဆယ်က သံတွဲနေ့စွဲတွေကို ပြန်သတိရမိတယ်။
အဲဒီတုန်းက လူတွေဟာ တယောက်နဲ့ တယောက်ဆက်သွယ်ဖို့ ကြေးနန်းရယ်၊ ကြိုးဖုန်းရယ်၊ စာတိုက်ရယ်၊ အိတ်ချိန်းရုံးရယ်ကို သုံးကြရတယ်။
သံတွဲပြင်ပကမ္ဘာက သတင်းတွေသိရဖို့ ရေဒီယိုလေးကို အားကိုးရတယ်။ မိုးလေဝသသတင်းလား၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေလဲ ဒါတွေကို လက်တဖဝါးစာ ရေဒီယိုလေးကနေ ဖမ်းယူနားဆင်ခဲ့ရတယ်။ နောက်တခုက စစ်အစိုးရရဲ့ ဝါဒဖြန့် ရုပ်မြင်သံကြားသတင်းတွေနဲ့ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာတွေပေါ့။ အဲဒီတုန်းက လွတ်လပ်တဲ့သတင်းစာတွေ၊ သတင်းဌာနတွေ၊ သတင်းထောက်တွေဆိုတာ မရှိခဲ့ဘူး။ စစ်အစိုးရ ဝါဒဖြန့်သမျှ ယုံခဲ့ကြရတာပဲ။
ဗဟုသုတရစရာ၊ စာတိုပေစ ဖတ်စရာအတွက်ဆို ရပ်ကွက်စာအုပ် အငှားဆိုင်လေးတွေကို အားကိုး ခဲ့ရတယ်။ ရုပ်ပြကာတွန်းတွေ၊ အချစ်ဝတ္တုတွေ၊ ဗီဒီယိုမင်းသား၊ မင်းသမီး မျက်နှာဖုံးတွေနဲ့ လစဉ်ထုတ်အနုပညာမဂ္ဂဇင်းတွေနဲ့ ပုံပြင်စာအုပ်တချို့ အစီအရီတင်ထားတဲ့ စာအုပ်ဆိုင်ကလေးတွေက ကျမတို့မြို့မှာ ရပ်ကွက်တိုင်းမှာရှိကြတယ်။
ကျူးပစ်စာပေ၊ ပန်းသီးစာပေ၊ မြတ်စာပေ၊ ဇာနည်စာပေ၊ အလင်းရောင်စာပေ ဒါတွေက သံတွဲမြို့ပေါ်က ကျမရင်းနှီးခဲ့တဲ့ စာအုပ်အငှားဆိုင်လေးတွေပေါ့။ အဲဒီအထဲမှာ အရင်းနှီးဆုံးက ကျူးပစ်စာပေလို့ ဆိုရမယ်။ ကျူးပစ်စာပေကို ပိုရင်းနှီးရခြင်းက အကြောင်းအရင်းရှိတယ်။
စာတိုပေစတွေ ဖတ်စ ၉ တန်း ကျောင်းသူအရွယ်မှာ ကဗျာစာအုပ်လေးတွေစုထုတ်ကြမယ်ဆိုတဲ့ အတွေးရ တယ်။ သူငယ်ချင်းနဲ့တိုင်ပင်ပြီး ကဗျာစာအုပ်ထုတ်ရေး စီမံကိန်းကို စတင်ကြတယ်ပေါ့။ အမျိုးအဆွေထဲ၊ အသိမိတ်ဆွေထဲ စာနဲ့ပေနဲ့ နီးစပ်သူဆိုတာ မရှိသလောက်ဆိုတော့ ဘယ်ကနေ ဘယ်လို စရမယ်မှန်း မသိဘူး။
အဲဒီအချိန်မှာ အဖုံးမရှိတော့ဘဲ နွမ်းဖတ်နေတဲ့ ကဗျာစာအုပ်လေး တအုပ်ကို သူငယ်ချင်းက ယူလာတယ်။ ကဗျာလေးတွေ အပုဒ် ၂၀ လောက်ပါတဲ့ အဲဒီစာအုပ်လေးမှာ စာလုံးတွေက ကွန်ပြူတာစာစီထားတာနဲ့မတူဘဲ လက်နှိပ်စက်နဲ့ ရိုက်ထားတဲ့ စာလုံးဖောင့် မျိုးလေးတွေ။

အဲဒီစာအုပ်လေးလက်ထဲရောက်လာတော့ သဲနဲ့ဆောက်ထားတဲ့ အိမ်လေးတလုံးကို ပြိုပျက်သွားမျာစိုးလို့ လက်နှစ်ဖက်နဲ့ တယုတယပွေ့ကိုင်လိုက်ရသလိုပဲ။ အဖုံးမရှိ၊ နွမ်းဖတ်ပြီး ရိနေတဲ့စာရွက်လေးတွေကို မထိရက် မကိုင်ရက်နဲ့ တရွက်ချင်းလှန်၊ အသံတိတ်လေး ဖတ်ခဲ့ကြတယ်။ စု၊ တု၊ ပြု ခဲ့ရတဲ့ ပထမဆုံး လက်ဦးဆရာ ကဗျာစာအုပ်လေး။
အဲ့စာအုပ်ထဲမှာပါတဲ့ ကဗျာဆရာတွေက ကျမတို့မြို့သားအစ်ကိုကြီးတွေပေါ့။ အဲဒီတုန်းက တယောက်မှ မြို့မှာ မရှိကြတော့ဘူး။ သူတို့အားလုံးက အိမ်ကနေ အပြင်လောကဆီ ထွက်ခွာသွားကြပြီဖြစ်တဲ့အရွယ်တွေဆိုတော့ တခါတရံမှ မြို့ကို ပြန်လာကြတဲ့ သူတွေ။ အဲ့ဒီကဗျာဆရာတွေကို အပြင်မှာ တခါမှ မမြင်ဖူးဘူး။
အဲဒီကဗျာဆရာအစ်ကိုကြီးတွေက ကဗျာတွေရော၊ စာတွေရော ရေးနေကြတဲ့ စာရေးဆရာကြီးတွေ ဖြစ်နေကြပြီ။ မမြင်ဖူးပေမယ့် စိတ်ထဲမှာ လေးစားအားကျနေရတဲ့ လူတွေပေါ့။
စိတ်ထဲမှာ ပိုရင်းနှီးရတဲ့ ကျူးပစ်စာပေဖွင့်ထားတဲ့ အိမ်ဟာ အဲဒီကဗျာစာအုပ်လေးထဲက ကဗျာဆရာတယောက်ကို မွေးထုတ်ပေးထားတဲ့ အိမ်။ နောက်ပြီး ကျမတို့ အလယ်တန်း ကျောင်းသူဘဝမှာ သမိုင်းဘာသာရပ်ကိုသင်ပေးတဲ့ နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေးနဲ့ ချစ်ခင် နှစ်လိုဖွယ်အပြုံးလေးနဲ့ ဆရာမတို့အိမ်။ အဲဒါကြောင့် ကျူးပစ်စာပေကို စိတ်ထဲ ပိုရင်းနှီးတယ်လို့ ဆိုရတာပါ။
ကလေးဘဝမှာတော့ ဘဲဥ၊ ဘိုဘို၊ ဒီလုံး၊ ဂျာရစ်၊ တွတ်ပီ၊ ပိုးဇာ၊ သမိန်ပေါသွပ်။ နည်းနည်း ကြီးလာတော့ မိုက်မိုက်(ပြည်)၊ ဒီရဲဂျာ၊ နောက် တာယာပွကြီးစတဲ့ရုပ်ပြတွေကို ငှားဖတ်တယ်။ နောက်ပြီး မဟေသီ၊ သရဖူ၊ အပျိုစင်၊ ရွှေအမြုတေ၊ ရယ်စရာ စတဲ့ မဂ္ဂဇင်းတွေထဲက ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ အခန်းဆက် ဝတ္တုရှည်တွေ။ အဲလို လစဉ်ထုတ်မဂ္ဂဇင်းတွေက တလတကြိမ် စာအုပ်ဆိုင်ကို အမီပြေးရတဲ့ စာအုပ်အမျိုးအစားပဲ။ စာအုပ်ဆိုင်ရှင်နဲ့ ဘယ်လောက် ရင်းနှီးသလဲဆိုတဲ့အပေါ်မူတည်ပြီး လစဉ်ထုတ်မဂ္ဂဇင်းကို အစောဆုံးဖတ်ခွင့်ရကြတယ်။ လစဉ်ထုတ်မဂ္ဂဇင်းတွေမှာဆိုရင် နည်းနည်းလတ်ဆတ်တဲ့ သတင်းစကားလေးတွေ ပါတတ်တယ်။

အရုပ်မပါတဲ့စာတွေဖတ်တဲ့အရွယ်ရောက်လာတော့ တာယာမင်းဝေ၊ မင်းခိုက်စိုးစံ၊ မင်းသိင်္ခ၊ မင်းမြတ်သူရ စတာတွေကို မရမက ရှာဖွေငှားရမ်းဖတ်ရတယ်။ စာအုပ်ငှားခနဲ့ ဘယ်လောက် ကြာကြာငှားထားခွင့်ရှိသလဲဆိုတာက စာအုပ်ဘယ်လောက် အသစ်ဖြစ်သလဲ၊ ဘယ်လောက် ထူသလဲ၊ ဘယ်လောက်လူကြိုက်များသလဲ ဆိုတဲ့အပေါ်မူတည်ပြီး စာအုပ်ဆိုင်ရှင်တွေက သတ်မှတ်တယ်။ တခါတရံ ၁ ရက်၊ တခါတရံ ၃ရက် စသဖြင့်။
စာအုပ်ပြန်ပို့ရမယ့်ရက်ကို စာအုပ်နောက်ကျောအဖုံး အခေါက်လေးမှာ ဆိုင်ရှင်က ရေးပေးလိုက်တယ်။ အဲဒီနေ့ ပြန်မအပ်ရင်၊ ရက်ကျော်ရင် ဒဏ်ကြေးရှိတယ်။ ကာတွန်းကြိုက်တဲ့လူက ကာတွန်း၊ ဝတ္တုကြိုက်တဲ့လူက ဝတ္တု၊ ရတဲ့မုန့်ဖိုးတွေကို စာအုပ်ငှားခတွေအဖြစ် သုံးကြတယ်။
စာအုပ်ငှားခ မပေးရတဲ့ မြို့နယ် ပြန်/ဆက်စာကြည့်တိုက်မှာလည်း မကြာခဏ စာသွားဖတ်ပေမယ့် ပိုပြီး အပ်ဒိတ် ဖြစ်တဲ့စာအုပ်မျိုးတွေကျတော့ အငှားဆိုင်တွေကိုပဲ အားကိုးဖတ်ကြရတယ်။ ကလေးကြိုက် ရွှေသွေး၊ တေဇ၊ ရွှင်ပြုံးအစရှိတဲ့ ကာတွန်းဂျာနယ်လေးတွေ၊ မြတ်မင်္ဂလာ၊ မင်္ဂလာမောင်မယ်စတာတွေ၊ ဘာသာပြန်ဝတ္ထုလို၊ တက်ကျမ်းလို၊ သုတစွယ်စုံလို၊ မြသန်းတင့်၊ ရွှေဥဒေါင်း၊ မောင်ထင် အစရှိတဲ့ စာရေးဆရာကြီးတွေရဲ့ စာပေမျိုးတွေဆိုရင် စာကြည့်တိုက်ကို အားကိုးရတယ်။ စာကြည့်တိုက်မှာ စာအုပ်အငှားကဒ် လုပ်ထားရင် စာအုပ်ငှားဖတ်ခွင့် တပတ်အချိန်ရတယ်။
အဲဒီ အစိုးရပြန်ဆက်ရုံး စာကြည့်တိုက်မှာ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ မြဝတီဆိုတဲ့ အစိုးရဝါဒဖြန့်သတင်းစာတွေ ဖတ်ရတယ်။ နောက်ပိုင်းမှာ စစ်အစိုးရရဲ့ လက်ကိုင်တုတ် စာပေစိစစ်ရေးဌာနရဲ့ သတင်းအမှောင်ချမှုတွေကြားကနေ ထုတ်ဝေဖြန့်ချိကြရတဲ့ ပုဂ္ဂလိက သတင်းဂျာနယ်တချို့ ပေါ်လာတော့ မြန်မာပြည်တလွှားက သတင်းတွေဖတ်ခွင့်ရလာတယ်။ ထောင်မင်းသားဦးဘိုးတော်ရဲ့ အသံဝါကြီးနဲ့အော်သံလို “အားလုံးကောင်းပါသည်ခင်ဗျား” ဆိုတဲ့အတိုင်း စည်ပင်သာယာဝပြောတဲ့ မြန်မာပြည်ကြီးလို့ အထင်ရောက်စေမယ့် သတင်းမျိုးတွေသာ ကျမတို့ငယ်ငယ်က အများဆုံး ဖတ်ခွင့်ရခဲ့ကြတာ မဟုတ်လား။
“ငှက်ပျောပင်က နဂါးပုံ ငှက်ပျောသီးထွက်ပေါ်”၊ “ဝက်မကြီးက ဆင်ကလေးမွေး” ဆိုတဲ့ လူပိန်းကြိုက် သတင်းမျိုးတွေ၊ ငါးပွက်ရာ ငါးစာချတဲ့သတင်းမျိုးတွေမင်းမူခဲ့တဲ့ခေတ်မှာ ဖတ်ခဲ့ရတဲ့ သတင်းတွေဟာ ကျမတို့ရဲ့ ငယ်ဘဝတလျှောက်လုံး မျက်စိပိတ်၊ နားပိတ်ဖြစ်ခဲ့ရတဲ့ တကယ့် အမှတ်တရတချို့ပါပဲ။

နောက်ပိုင်းမှာ ကျမတို့လည်း အရွယ်ရောက်၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အိမ်ကို ခွဲခွာရတဲ့ အချိန်ကို ရောက်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သတင်းတွေ စာအုပ် အငှားဆိုင်လေးတွေဟာ တဖြည်းဖြည်းနဲ့ ကွယ်ပျောက်လာတော့တာပါပဲ။ ကျမစိတ်ထဲ ရင်းနှီးကျွမ်းဝင်နေတဲ့ ကျူးပစ်ဆိုတဲ့ စာပေလေးလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားတဲ့ အငှားဆိုင်စာရင်းထဲ ပါသွားတော့တယ်။
ကျူးပစ်စာပေမိသားစုက မွေးဖွားခဲ့တဲ့ ကျမတို့စီနီယာ ကဗျာဆရာ၊ စာရေးဆရာ ဆောင်းဖြူက ကျူးပစ်နဲ့ပတ်သက်ပြီး ဒီလိုလေး ရေးခဲ့ဖူးတယ်။
ကျူးပစ် တဲ့…
ကိုးတန်း၊ ဆယ်တန်းကျောင်းသားဘဝက
နယ်ကအိမ်မှာ ဖွင့်ခဲ့တဲ့ဆိုင်ကလေး။
ခေတ်ပေါ်စာအုပ်တွေကို တတ်နိုင်သမျှ မပြတ်ဝယ်သလို
အဖေ၊ အဖေ စုဆောင်းထားခဲ့တာတွေရော
ကိုယ်ဖတ်ဖို့ဝယ်ထားတာတွေပါ ဆိုင်ပေါ်တင်လိုက်တော့
အတော်အသင့်ပြည့်စုံတဲ့ ဆိုင်ကလေးတဆိုင် ဖြစ်သွားခဲ့တယ်။
……
……
……
ခုတော့ မြို့ကလေးမှာ
စာဖတ်သူတွေလည်း နည်းပါးကျဲပါးသွားခဲ့ပြီ။
ပိတ်ထားလိုက်ရတာ အတော်ကြာပြီဖြစ်တဲ့
စာအုပ်ဆိုင်အိုအိုကလေးကလည်း
စာချစ်သူတွေကို လွမ်းတဲ့စိတ်နဲ့
နာတာရှည်ဖြစ်လို့….။
ကျူးပစ်… တဲ့။

အမှန်ပါပဲ။ ကျမတို့မြို့ကလေးမှာ စာအုပ်အငှားဆိုင်တွေပျောက်ကွယ်သွားခဲ့တာ ကာလမနည်း ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုလောက်ကတည်းက တခြားအစားထိုးဖျော်ဖြေရေးတွေ ပေါ်ပေါက်လာတဲ့ နောက်ပိုင်း စာအုပ်အငှားဆိုင်ယဉ်ကျေးမှုတွေ ပျောက်ဆုံးသွားခဲ့တာ။ စာဖတ်သူတွေနည်းပါး၊ ကျဲပါးလာတဲ့ခေတ်ကို ဘယ်အငှားဆိုင်ကမှ ပင့်ကူမျှင်တွေကြားက စာအုပ်စင်တွေနဲ့အတူ အံမတုနိုင်ခဲ့ကြဘူး။ မြတ်စာပေကိုလည်း ကျမတို့ ဆုံးရှုံးခဲ့ကြတယ်။ ပန်းသီးစာပေကိုလည်း ကျမတို့ လက်လွှတ်ခဲ့ရတယ်။ ဇာနည်စာပေ၊ ကျူးပစ်၊ အလင်းရောင်။ ကျမရင်းနှီးသိကျွမ်းသမျှတွေဟာ တစတစ ပျောက်ဆုံးခဲ့ကြတာ။
အခုတော့ လျှပ်စစ်မီးမရှိ၊ အင်တာနက်မရှိ၊ ရုပ်မြင်သံကြားအစီအစဉ်တွေ မရှိ၊ အသိအမြင်ဗဟုသုတရစရာတွေ တခုမှမရှိတဲ့ စစ်အတွင်းကာလကို ကျော်ဖြတ်နေရတဲ့ ရခိုင်ပြည်သူတွေဟာ စာအုပ်အငှားဆိုင်လေးတွေကို ပြန်အားကိုးနေကြရပြီတဲ့။ သတင်းတွေက ပြောပြတယ်။

ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်နေတဲ့ ရခိုင်ပြည်သူတွေဟာ အသိအမြင်ဗဟုသုတတွေကို စာအုပ်အငှားဆိုင် လေးတွေကနေ ပြန်လည်ထူထောင်နေတဲ့အခြေအနေသတင်းတွေဖတ်ရတာ ဝမ်းနည်းဝမ်းသာ ဖြစ်ရတယ်။ လွန်ခဲ့တဲ့ အနှစ်အစိတ်၊ သုံးဆယ်ကလိုတောင်မှ ရုပ်မြင်သံကြား မရှိ၊ သတင်းစာမရှိ၊ ရေဒီယိုမရှိ၊ စာပို့တိုက်စနစ် မရှိ၊ ကြေးနန်းစနစ် မရှိ၊ တယ်လီဖုန်းလိုင်း မရှိဘဲ သတင်းအချက်အလက်နဲ့ အသိပညာ ဗဟုသုတ ရပိုင်ခွင့်တွေ ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ကမ္ဘာထဲမှာ ဒီအငှားဆိုင်လေးတွေက အလင်းတခုများ ပေးနိုင်မယ့်လမ်းစဖြစ်မလားလို့ မျှော်လင့်မိတယ်။




Taya888 is a solid online casino! Its got a great selection of games, plus the bonuses can be quite generous which is a huge plus for me: taya888
Razawin’s pretty solid. I’ve been playing there for a while now, and their bonuses are pretty generous. Good variety of games too. Check it out: razawin
Easy and quick Okiebetlogin, can’t complain! Gets me straight to the games I want to play. Nothing worse than a complicated login! Login here: okiebetlogin