
မင်းသစ်
ဒွါရာဝတီ၊ ဧပြီ ၂၃၊ ၂၀၂၅။
လောကမှာ လူတချို့ဟာ တရားရှာရင်း တရားပျောက်နေကြသူတွေရှိတယ်။ ဟင်းအိုးတွေမွှေတဲ့ ယောင်းမလို လူစားမျိုးတွေလို့ ဆိုရမယ်။ ဟင်းအိုးထဲ ထည့်အမွှေခံရပေမယ့် အရသာ မသိ၊ အမှန်တရား မမြင်နိုင်ကြသူတွေ။
စာရေးသူဟာ အဲဒီလို သူတွေနဲ့ ကြုံဖူးတယ်၊ မြင်ဖူးတယ်၊ အမျိုးထဲမှာလည်း ဒီလိုလူစားမျိုးတွေရှိတယ်။ လူလို့ဆိုပေမယ့် စာရေးသူပြောချင်တဲ့သူတွေကတော့ လူဝတ်ကြောင် မဟုတ်ပါဘူး။ သင်္ကန်းဝတ်တချို့နဲ့ ယောဂီဝတ်တချို့ပါ။
တကယ်တော့ ဒီပုဂ္ဂိုလ်တွေဟာ လောကလူ့ဘောင်မှာ မပျော်မွေ့လေတော့ ဘုရားဟောတရားတွေကို ကျင့်ကြံ အားထုတ်ရင်း ဘာသာရေးလိုက်စားသူတွေ၊ တနည်းအားဖြင့် လောကရဲ့ အမှန်တရား၊ သစ္စာတရားတွေကို ရှာဖွေကြသူတွေ၊ လောဘ၊ ဒေါသ၊ မောဟ အပူမီးအပေါင်းတို့ အေးငြိမ်းရာကို ရှာဖွေကြသူတွေလို့ အကြမ်းဖျင်း အားဖြင့် စာရေးသူ နားလည်ပါတယ်။
စာရေးသူရဲ့ အမျိုးတယောက်ဆိုရင် ယောဂီဝတ်၊ တောင်ဝှေ့တချောင်း၊ ပုတီးတကုန်းလည်မှာ ဆွဲလို့ အရပ်တကာ လှည့်ပြီး သာသနာပြုတယ်။ ဘယ်မြို့၊ ဘယ်ရွာမှာ သူဘုရားတည်းခဲ့တဲ့အကြောင်း၊ ဘယ်ဘုရားတည်တဲ့ နေရာမှာ သူ အာရုံကျလို့ အဓိဌာန်ဝင်ခဲ့တဲ့အကြောင်း၊ သူ့ကို ဒကာ၊ ဒကာမတွေက ဘယ်လောက်ကြည်ညို ကြတဲ့အကြောင်း စတာတွေကို အာပေါင်အာရင်းနဲ့ ပြောတတ်တယ်။
သူဟာ သာမန်ယောဂီမဟုတ်ဘဲ အကြားအမြင်ရနေတဲ့ ယောဂီတပါးလိုလို ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ကတာ လည်း ပါသေးတယ်။ ပြီးရင် အရပ်တအာလှည့်အလှူခံတယ်။ တနေ့လုပ်စာ တနေ့စားနေရတဲ့ မရှိဆင်းရဲ မိသားစုဝင်တွေနဲ့ နိုင်စားလို့ရတဲ့အမျိုးတွေနဲ့ ဒကာ၊ ဒကာမတွေဆီကနေ အကြောင်းပြန်ချက်မျိုးစုံနဲ့ အလှူခံတယ်။
သူ့ကျောင်းလေး ပြန်ဆောက်ချင်လို့၊ အမိုး မိုးချင်လို့၊ ရာသီဥတုလေး ပူလို့ ပန်ကာလှူပါဦး၊ မနက်စောစော တရားနာချင်လို့ EVD စက်ကလေး လှူပါဦးစသဖြင့်။ စာရေးသူဆီကဆိုရင် ရုပ်ရှင်ဇာတ်လမ်း VCD တွေယူ သွားတတ်တယ်။ “ဘာလုပ်ဖို့လဲ” လို့ မေးရင် “တောထဲ၊ တောင်ထဲက ကလေးတွေကို ပြဖို့” လို့ ဆိုတတ်တယ်။
ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဘာသာရေးလုပ်နေသူတယောက် အခုလို အလုပ်တွေ လုပ်နေ တာကိုကြည့်ပြီး စာရေးသူတော့ သနားမိသလို ခံစားရတာကြောင့် ဘာမှ မပြောဖြစ်ခဲ့ဘူး။
သူဟာ တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက် ပေါ်လာတတ်တယ်။ သူရောက်လာရင် ဘုရားတွေ တည်ပြီး သာသနာတွေပြုနေကြောင်း ပြောတတ်တယ်။ တခါတော့ စာရေးသူလည်း စိတ်ထဲ အဆင်မပြေတာနဲ့ “မြန်မာပြည်မှာ ဖူးစရာ ဘုရားတွေ တအားများနေပြီ၊ သိပ်မတည်နဲ့တော့ တော်တော့” လို့ အကြံပြုလိုက်မိတယ်။ အဲဒီနောက်ပိုင်း သူဟာ တဖြည်းဖြည်းအလာကျဲသွားတယ်။
နောက်ထပ်တဦးကတော့ ဘုန်းဘုန်းတပါးပါ။ အဝေးကနေ အမြဲလိုလိုဖုန်းဆက်တတ်တယ်။ ဘယ်မြို့က ဘယ်ကျောင်းကို ရောက်နေတဲ့အကြောင်း၊ ဒီနှစ်တော့ ဘယ်မြို့မှာ ဝါဆိုမယ့်အကြောင်း၊ ဘယ်ဆရာတော်ကြီး ကတော့ဖြင့် ဘုရားတွေတည်၊ ကျောင်းတွေ ဆောက်လုပ်လှူဒါန်းနေတဲ့အကြောင်း၊ အလှူကြီးတွေ ဘယ်လောက်တောင် ခမ်းနားနေတဲ့အကြောင်း ဖုန်းဆက်ပြောတတ်တယ်။ ပြီးရင် မိသားစုတွေ ချမ်းမာ ချမ်းသာပါစေကြောင်း မေတ္တာလှမ်းပို့တယ်။ ဖုန်းနဲ့ပြောလို့မှ အားမရရင် ဗိုက်ဘာကနေ တရားစာတွေ၊ ပရိတ်ပဌာန်းတွေ လှမ်းပို့တတ်တယ်။
စာရေးသူကလည်း ဘုန်းဘုန်းလိုရာသုံးဖို့ဆိုပြီး အဆင်ပြေတဲ့အခါ အလှူငွေ လှမ်းလွှဲပေးတယ်၊ မတတ်နိုင်တဲ့အခါ လည်း ဖုန်းဘေလ်ဖြည့်ပေးတာလောက် လုပ်ပေးတယ်။
ပုံမှန်အခြေအနေတွေတုန်းက အဆင်ပြေခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီး မြန်မာပြည်အနှံ့မှာ လူဖမ်းပွဲ၊ လူသတ်ပွဲတွေဖြစ်၊ တိုက်ပွဲတွေဖြစ်၊ လေကြောင်းဗုံးကြဲမှုတွေဖြစ်နေတဲ့ကာလ၊ ဒီလိုအနိဌာရုံသတင်းတွေကို ကြည့်ပြီး ဝမ်းနည်းနေတဲ့အချိန်မျိုးမှာ အထက်ပါ ဘုန်းဘုန်းက သူ ဘယ်မြို့မှာ ရောက်နေတဲ့အကြောင်း၊ သွားလို့လာလို့ရသေးကြောင်း၊ ဘယ်ဆရာတော်ကြီးက ဘုရားကြီးတဆူကို တည်နေတဲ့အကြောင်း၊ ဘုန်းကြီး ကျောင်းကြီးဆောက်ထားတာမှ ဘယ်လောက်ကြီးကြောင်း၊ အလှူလုပ်တဲ့ ဆရာတော်ကြီးဟာ အမေရိကက ပြန်လာပြီးရင် ဘယ်မှာ ထပ်ပြီး ဘုရားတည်မယ့်အကြောင်း စသဖြင့်ကြားရတဲ့အခါ စာရေးသူ မျက်လုံးထဲ အညာဒေသက ပြာကျသွားတဲ့လူနေအိမ်တွေ၊ တောတောင်တွေထဲမှာ ဖြစ်သလိုနေနေရတဲ့ မိသားစုတွေ၊ စာရမဲ့၊ သောက်ရမဲ့ဖြစ်နေတဲ့ ကလေးတွေကိုသာ မြင်ယောင်ပြီး ဘုန်းဘုန်းပြောသမျှကို “တင်ပါ့ ဘုရား၊ တင်ပါ့ ဘုရား” လို့သာ ပြန်ပြောမိတယ်။ ရင်ထဲမှာတော့ ဖော်ပြလို့ မရနိုင်တဲ့ ဝေဒနာတွက အလိမ့်လိုက်ပဲ။
သံတွဲမြို့မှာ တိုက်ပွဲတွေဖြစ်၊ မြို့ခံတွေ ပိုင်ဆိုင်သမျှပစ္စည်းတွေ အကုန်ထားပြီး ပြေးခဲ့ရတဲ့အချိန်၊ ကိုယ့်အရပ်၊ ကိုယ့်ဒေသမဟုတ်တဲ့နေရာမှာ ဖြစ်သလိုနေ၊ ကြုံရာအလုပ်လုပ်နေရာတဲ့အချိန်၊ ကိုယ်ကိုယ်တိုင်လည်း မိသားစု စားဝတ်နေရေးကျပ်တည်းနေတဲ့အချိန်မှာ ဘုန်းဘုန်းဆီက ဖုန်းဝင်လာတယ်။ ဗုဒ္ဓဂါယာသွားဖို့ အလှူခံတယ်၊ ဘယ်သူ့တွေဆီလည်း အလှူခံတဲ့အကြောင်း ပြောပြတယ်။ သူအလှူခံတဲ့သူတွေ အားလုံးကလည်း ရခိုင်ပြည်က ပိုင်ဆိုင်သမျှကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့ စစ်ရှောင်တွေပဲ။
စာရေးသူစိတ်ထဲ ဘယ်လိုရှင်းပြန်ရမှန်း မသိပေမယ့် ကိုယ်တတ်နိုင်တဲ့အခါ တတ်နိုင်သလောက် လှူဒါန်းလိုက် တာပေါ့ဆိုတဲ့အတွေးနဲ့ “တင်ပါ့ ဘုရား တပည့်တော် တတ်နိုင်သမျှ လှူဒါန်းပါ့မယ်” လို့ ပြန်ပြောမိလိုက်တယ်။ သူကတော့ သာဓုသုံးကြိမ်ခေါ်ပြီး ဖုန်းချသွားတယ်။ ကိုယ်ကတော့ သက်ပြင်းအရှည်ကြီးပဲ ချမိလိုက်တယ်။
ဘုန်းဘုန်းဟာ ထပ်ပြီးဖုန်းဆက်လာတယ်။ စာရေးသူမှာ အိမ်ငှားစရိတ်၊ မိသားစုဝမ်းရေး၊ ကလေးတွေ ကျောင်းထားဖို့အရေးတွေတောင် အလျင်မမီဘူးဖြစ်နေတော့ ဘုန်းဘုန်းကို ပေးထားတဲ့ကတိ မတည်ဘူးဖြစ် ရတယ်။ နောက်ထပ်ဖုန်းတွေ ထပ်ဆက်လာတဲ့အချိန် အိမ်မှာ ဈေးသွားဖို့တောင် ပိုက်ဆံမရှိတဲ့အခြေအနေ၊ စာရေးသူ စိတ်မဆိုးဘဲ ရယ်နေမိတယ်။ မိမိတို့အဆင်မပြေ ကျပ်တည်းနေတဲ့အကြောင်း တဖက်လှည့်နဲ့ အသိပေးဖြစ်တယ်။ နောက်ပိုင်းတော့ ဘုန်းဘုန်းလှမ်းပို့တဲ့ ဗိုက်ဘာမက်ဆေ့တွေလည်း စာမပြန်ဖြစ်တော့ဘူး။
တိုင်းပြည်မှာ ဒီလောက်ဆင်းရဲကျပ်တည်းပြီး လူတွေဒုက္ခအမျိုးမျိုးကြုံနေရတဲ့အချိန်မှာ အခုလို လုပ်ရက်ကြ တာ၊ ဘာမှ မဖြစ်သလို နေနိုင်ရက်ကြတာ၊ ဒုက္ခမျိုးစုံနဲ့ထွက်ပြေးနေရတဲ့ ဒကာ၊ ဒကာမတွေဆီကနေ ကိုယ့်လိုဘ အတွက် အလှူခံရက်ကြတာကို အတော်ပဲ ဝမ်းနည်းသလို ခံစားရတယ်။ သူတို့မှာ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ဘုရားဟောကြားထားတဲ့ တရားဓမ္မတွေရော ရှိကြရဲ့လားလို့ စာရေးသူ မေးခွန်းထုတ်မိတယ်။
စာရေးသူ အပေါ်မှာ ဖော်ပြခဲ့တဲ့ ယောဂီဝတ်နဲ့ ဘုန်းဘုန်းတပါးဟာ အညတရမျှသာပါ။ သူတို့အလှူခံတဲ့ ငွေကြေးပမာဏဟာ ဘာမှ မပြောပလောက်တဲ့ ပမာဏပါ။ ဒါပေမဲ့ သူတို့နှစ်ဦးနဲ့အလားသဏ္ဍာန်တူသူ ကျားကြီးခြေရာကြီးတဲ့ ဘုန်းဘုန်းတွေလည်း များစွာရှိပါသေးတယ်။
ကားမကောင်းလို့ ကားအသစ်လဲချင်တဲ့ ဘုန်းဘုန်း၊ ရာသီဥတုပူလွန်းလို့ အဲယားကွန်းတပ်ချင်တဲ့ဘုန်းဘုန်း၊ ဘုန်းကြီးကျောင်းလာတဲ့လမ်း ဗွက်ပေါက်လို့ လမ်းခင်းချင်တာ၊ ရေတွင်းတူးချင်တာ၊ ရခိုင်စာလေး သတိရလို့ ဘုန်းပေးချင်တာစသဖြင့် ဆိုရှယ်မီဒီယာကြီးအသုံးပြုပြီး ခေတ်မီမီ ထိုင်ရာက မထ၊ လိုတိုင်းတ ရချင်နေတဲ့ ဘုန်းဘုန်းတွေလည်း ဒုနဲ့ဒေးပါ။
ကိုဗစ်အလွန်ကာလ လူတွေအလုပ်လက်မဲ့တွေဖြစ်၊ စက်သုံးဆီတွေ ဈေးတက်၊ စစ်တပ်က အာဏာသိမ်း၊ စီးပွားရေးကျပ်တည်း၊ အဖမ်းအဆီးတွေနဲ့ တလောကလုံးသောကရောက်နေတဲ့အချိန် ကိုယ့်တပါးတည်းနေဖို့ ဘုန်းကြီးကျောင်းကို နန်းတော်ကြီးတခုလိုဆောက်တယ်၊ ဘုန်းကြီးကျောင်းမှာ ဘယ်လို မီးလုံး၊ ဘယ်လိုမီးဆိုင်းတွေ တပ်လိုက်တယ်၊ ဘယ်လိုထိုင်ခုံကတော့ဖြင့် ဇိမ်ရှိတယ်စသဖြင့် လူတကာသိအောင် အွန်လိုင်းပေါ်တက်ကြွားတယ်။ အရှက် မရှိ၊ ရှက်ရကောင်းမှန်းလည်း မသိ။
ချမ်းသာတဲ့သူလည်း ချမ်းသာတဲ့အလျှောက်၊ ဆင်းရဲတဲ့သူလည်း ဆင်းရဲတဲ့အလျှောက် ဒုက္ခကိုယ်စီရောက်နေ ကြတဲ့အချိန် အထက်ပါ ဘုန်းဘုန်းတွေ၊ ဘာသာရေးလုပ်သူတွေဟာ လူတွေထက် ပိုပြီး လိုအင်ဆန္ဒတွေများကြ တယ်၊ အလုပ်တွေ ရှုပ်ကြတယ်၊ လူတွေထက် ပိုပြီး ငြီးထွားတတ်ကြတယ်။
ဦးခေါင်းထက်မှာ ဆံပင်တွေသာရှိခဲ့ရင်၊ ညနေစာ ဆွမ်းများ ဘုန်းခွင့်ပြုခဲ့ရင်၊ သင်္ကန်းတွေကို အရောင်မျိုးစုံ ဝတ်ခွင့်ပြုခဲ့ရင် ဘယ်လိုများတောင်ဖြစ်နေမလဲလို့ စာရေးသူတွေးမိတယ်။
အထက်မှာဖော်ပြခဲ့တဲ့ သာသနာ့ဘောင်ထဲက ပုဂ္ဂိုလ်တွေဟာ ဘုရားဟောကြားခဲ့တဲ့ တရားဓမ္မတွေကို တကယ်ရော ကျင့်ကြံအားထုတ်ပါရဲ့လား၊ တကယ်ရော လိုက်နာကျင့်သုံးပါရဲ့လားလို့ သံသယဝင်မိတယ်။
ကျိန်းသေတာတခုကတော့ သူတို့တွေရဲ့အပြုအမှု၊ အပြောအဆိုတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဟာ ဘုရားဟောကြားခဲ့တဲ့ သစ္စာတရားတွေရဲ့ဝေးရာအရပ်ကို ကျောခိုင်းထွက်ခွာနေတယ်ဆိုတာပါပဲ။ သူတို့ဟာ သစ္စာရှာရင်း သစ္စာပျောက်နေသူတွေ၊ မေတ္တာတရား တည်ရာအရပ်မှာ နေထိုင်ရင်း မေတ္တာတရား ခေါင်းပါးနေသူတွေ၊ ဘုရားဟော တရားတွေ၊ ကိုယ်ချင်းစားမှုတွေ၊ မေတ္တာတရားတွေရှိရာ အရပ်ကို လျှောက်လှမ်းရင် အဲဒီအရပ်နဲ့ဝေးရာကို ကျောခိုင်းထွက်ခွာနေကြသူတွေလို့သာ စာရေးသူ မြင်မိတော့တယ်။
လူတွေအားလုံး တဦးပေါ်တဦး မေတ္တာတရား၊ သစ္စာတရားတွေ ထားနိုင်ကြပါစေ၊ ကိုယ်ချင်းစာတရားတွေ ပွားများနိုင်ကြပါစေလို့သာ ဆုတောင်းမိတော့တယ်။