သံတွဲဒေသအချို့ကျေးရွာများတွင် နေ့စေ့လစေ့ ကိုယ်ဝန်ဆောင်စစ်ရှောင်များကို အေအေ စာရင်းကောက်
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ဇွန်လဆန်းကတည်းက ပြင်းထန်ခဲ့သည့် သံတွဲနှင့် ငပလီကမ်းခြေတိုက်ပွဲများကြောင့် စစ်ဘေးမှ တိမ်းရှောင်နေကြရသည့် ကိုယ်ဝန်ဆောင် မိခင်များကို အေအေက စာရင်းလိုက်လံကောက်ယူခဲ့ကြောင်း စစ်ဘေးရှောင်ပြည်သူတဦးထံမှ သတင်းရရှိသည်။
သူက “တလောက ကိုယ်ဝန်ဆောင်တွေကို အေအေက စာရင်းလိုက်ကောက် သွားတယ်၊ လရင့်နေကြသူတွေကို မွေးခါနီး တပတ်အလိုမှာ သူတို့လာခေါ်မယ်၊ အသင့်ပြင်ဆင်ထားပါ၊ ဒီကြားထဲ အရေးပေါ်ကိစ္စဖြစ်ရင် ဆက်သွယ်ပါဆိုပြီး ဖုန်းနံပတ်ပေးခဲ့တာ၊ ဖုန်းနံပတ်ယူသွားတာတွေ လုပ်တယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
သံတွဲမြို့နှင့် မြောက်ဘက် မိုင် ၂၀ခန့်အကွာ ရွှေလှေတိုက်ပွဲများ ဖြစ်ပွားနေသည့် ဧပြီနှင့် မေလ ကတည်းက သံတွဲဆေးရုံတွင် သားဖွားမီးယပ်ဆရာဝန်မရှိတော့ဘဲ အရိုးဆရာဝန်က ခွဲစိတ်မွေးဖွား ပေးနေခဲ့ရပြီး၊ ငွေကြေးတတ်နိုင်သူ ကိုယ်ဝန်ဆောင် များက အစောပိုင်းကတည်းက ကား၊ လေယာဉ်များဖြင့် စစ်ဘေးရှောင်သွားခဲ့ကြ သည်။
“ပိုက်ဆံရှိတဲ့လူတွေကတော့ စောစောစီးစီးကတည်းက ရန်ကုန်မှာမွေးဖို့သွားကြတာ ကြာပြီ၊ လမ်းစရိတ်တွေ၊ ရန်ကုန်မှာလူခံမရှိ၊ နေစရိတ်တွေ မတတ်နိုင်လို့ မသွားနိုင်ကြလို့ ကျန်ခဲ့ကြတဲ့သူတွေပဲရှိတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတဦးက ပြီးခဲ့သည့် ဇွန်လလယ်ခန့်က ပြောသည်။
သံတွဲအနီးသို့ တိုက်ပွဲများ နီးကပ်လာသည့် ဇူလိုင်လတွင် ဆေးရုံ ဆက်လက်လည်ပတ်ခြင်းမရှိတော့ဘဲ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ကြရသည့် ကိုယ်ဝန်ဆောင်များသည် သံတွဲမြို့နှင့် ဂွမြို့ အကြားရှိ ကျောက်ကြီးဆေးရုံ၊ ကျိန္တလီဆေးရုံ၊ ဆပ်သွားဆေးရုံနှင့် ဂွ ဆေးရုံများကို အားကိုးခဲ့ရသလို တိုက်ပွဲများအတွင်း အရပ်လက်သည်နှင့် မွေးဖွားခဲ့ကြရသူများလည်း ရှိကြောင်း ကိုယ်ဝန်ဆောင် မိခင်များကို ကူညီပေးခဲ့သည့် ဒေသခံ လူမှုကူညီရေးလုပ်ကိုင်သူများထံမှ သိရသည်။
“နေ့စေ့လစေ့သမားတွေမှာ ဘယ်လိုမွေးရဖို့မှန်းမသိဖြစ်နေကြတာ၊ သူတို့ဆေးအဖွဲ့က မွေးပေးမယ်၊ မွေးပြီးရင်လည်း သူတို့ဆီမှာ ခဏခေါ်ထား ပေးမယ်ပြောသွားလို့ သွေးနုနုနဲ့ နေထိုင်စားသောက်ရေး မပူရတော့ဘူး၊ အခုမှ အလုံးကြီးကျတယ်ဆိုပြီး ဗိုက်တွေ တော်တော် ဝမ်းသာနေကြတယ်” ဟု တယ်လီဖုန်းလိုင်း ရသောအရပ်သို့ ရောက်ရှိလာသည့် သတင်းရင်းမြစ်တဦးက ဒွါရာဝတီသို့ ပြောသည်။
စစ်အတွင်း ကလေးမီးဖွားကြရမည့် ယင်းကိုယ်ဝန်ဆောင်များသည် ကိုယ်ဝန်ဆောင်ကာလ ကာကွယ်ဆေးထိုးနှံနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးများ ပုံမှန်သောက်သုံးနိုင်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်မိခင် အာဟာရပြည့်ဝစွာ စားသောက်နိုင်ခြင်း၊ ကျွမ်းကျင် ကျန်းမာရေးဝန်ထမ်းနှင့် စမ်းသပ်စစ်ဆေးမှုခံယူနိုင်ခြင်း၊ မွေးကင်းစကလေး ကာကွယ်ဆေးထိုးနှံခွင့်များ မရှိတော့ဘဲ စစ်ဘေးမှ တိမ်းရှောင်နေကြရသည်မှာ ရက်သတ္တပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။
ယခုလက်ရှိတွင် သံတွဲနှင့် ဂွမြို့နယ်ကြားရှိ အထက်ပါဆေးရုံများအားလုံး ဆက်လက်လည်ပတ်နိုင်ခြင်း မရှိတော့သလို ဆေးဝါးများလည်း ပြတ်တောက်နေပြီဖြစ်ကြောင်း ဒေသခံ စစ်ရှောင်များထံမှ သိရသည်။ ဩဂုတ် ၁၀ရက်မှ ၁၆ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည့် ကျိန္တလီမြို့တိုက်ပွဲအတွင်း ကျိန္တလီ ပြည်သူ့ဆေးရုံသည် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ပျက်စီးသွားခဲ့သည်။
သံတွဲမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသည် ဇူလိုင် ၁၃ ရက်နေ့လည်ကစတင်ကာ တယ်လီဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး၊ အဝေးရောက် မိသားစုနှင့် ဆွေမျိုးသားချင်းများထံ ဆက်သွယ်နိုင်ရန်အတွက် သံတွဲမြို့မှ မိုင် ၂၀မှ ၃၀နှင့်အထက် ဝေးကွာသည့် ကျေးရွာများရှိ ဖုန်းလိုင်းမိသော နေရာများကို ရှာဖွေကာ ဆက်သွယ်ခဲ့ကြရသည်။
သံတွဲမြို့ မြောက်ဘက်ရှိ တောင်ကုတ်မြို့တွင် ပြည်သူ့ဆေးရုံဖွင့်လှစ်လည်ပတ်နိုင်နေဆဲဖြစ်သော်လည်း တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းဦးရေ နည်းပါးနေသလို၊ ဆေးဝါးလုံလောက်မှုလည်း မရှိကြောင်း၊ တောင်ကုတ်မြို့တွင်လည်း မြေမြှုပ်မိုင်းလူနာ၊ လက်နက်ကြီးထိမှန်သည့်လူနာ စသည့် အရေးပေါ်လူနာများ အမြဲတစေ ရှိနေကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။
အလားတူ ယခုလ ဒုတိယပတ်မှ စတင်ကာ ပြင်းထန်နေသည့် ကျိန္တလီတိုက်ပွဲများကြောင့် ဂွမြို့နယ်ဘက် ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်လာသည့် ထောင်နှင့်ချီသော စစ်ဘေးရှောင်များအနက် မွေးဖွား ကာနီး စစ်ရှောင်ကိုယ်ဝန်ဆောင်များလည်း ပါဝင်သည်ကိုတွေ့ရကြောင်း ဂွမြို့နယ်အတွင်း နေထိုင်သူ တဦးက ဒွါရာဝတီသို့ ပြောသည်။
သူက “မွေးကာနီးစစ်ရှောင်တွေပါတာတွေ့တယ်၊ ရွာမှာတော့ အရပ်လက်သည် ရှိပေမယ့် ရိုးရိုးမွေးလို့ ရတဲ့သူလား၊ ခွဲမွေးမှ ရဖို့လူလားဆိုတာမျိုးတော့ မမေးကြည့်မိလို့ မသိ၊ အခုဆိုးတာက ဆေးဝါး မရှိတာ” ဟု ပြောသည်။
ယခုလက်ရှိတွင် သံတွဲမြို့နှင့် အနီးဝန်းကျင်ကျေးရွာများသည် မြောက်ဘက် မိုင် ၄၀ အကွာတွင် ၂ဖက်လက်နက်ကိုင်များကြား စစ်ရေးတင်းမာနေသည့် တောင်ကုတ်မြို့၊ တောင်ဘက်မိုင် ၄၀အကွာတွင် တိုက်ပွဲပြင်းထန်နေသည့် ကျိန္တလီမြို့ တို့ရှိပြီး၊ ပြည်သူများ တမြို့နှင့်တမြို့ ဆက်သွယ်သွားလာနိုင်ခြင်း မရှိပေ။