BattleNews

တောင်ကုတ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲ၍ အမျိုးသမီးတဦးသေဆုံး

တောင်ကုတ်၊ ဩဂုတ် ၂၂ ရက်၊ ၂၀၂၄။

တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ တောင်ကုတ်မြို့နယ် အနီးဝန်းကျင် ကျေးရွာ ၄ရွာထက်မနည်းကို စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာရှိ လူနေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသမီးတဦး ဝမ်းဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီကြဲချခဲ့သည့် လေကြောင်းဗုံးသည် တောင်ကုတ်-မအီအဝေးပြေးကားလမ်းဘေး တက္ကသိုလ်မောင်းတံဂိတ်အနီးရှိ မီးချောင်းထိုးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကလေးမိခင်တဦး ဖြစ်သည့် ဒေါ်ခင်ယုနန္ဒာထွန်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ နေ့ချင်းသင်္ဂြုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

“ထမင်းချက်နေတာ ဗုံးကျဲတော့ အိမ်တည့်တည့်ကျပြီး ဗိုက်ပွင့်လားဟာ (ဗိုက်ပွင့်သွားတာ)၊ သူ့သမီးက အဘွားအိမ်ရောက်နေလို့ ကံကောင်းသွားတယ်၊ မိသားစုဝင်တွေကတော့ ငိုလို့မဆုံး၊ ငိုနေတော့ ဖုန်းဆက်ဖို့လည်း ခက်တယ်” ဟု ရွာနှင့် အဆက်အသွယ်ရခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် မိုးတောင်၊ ရွှေကွမ်းစမ်း၊ ဇိမ်ခံထွေးစသည့် ကျေးရွာများသို့လည်း ကျရောက်ခဲ့ပြီး ဖုန်းလိုင်းပြတ်တောက်နေသောကြောင့် ထိခိုက်မှုနှင့် ပျက်စီးမှု အခြေအနေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

မိုးတောင်တန်းအနီး၊ မိုးအုပ်စုကျေးရွာများရှိ မီးချောင်းထိုးရွာနားမှ ကျေးရွာတရွာကို လေကြောင်းဗုံး ၂လုံး၊ ရွှေကွမ်းစမ်းကျေးရွာကို ၁လုံး၊ ဇိမ်ခံထွေးရွာကို ၁လုံးနှင့် မီးချောင်းထိုးရွာကို ၁လုံး အသီးသီး ကျရောက်ခဲ့ကြောင်း တောင်ကုတ်မြို့ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

တောင်ကုတ်မြို့နယ်တဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဂျက်ဖိုက်တာများ ပျံသန်းပစ်ခတ် နေသည်ကို မြင်ရ ကြားရသောကြောင့် ထိတ်လန့် ကြောက်ရွံ့နေကြရကြောင်း ယခု ဗုံးကြဲခံရသည့် ကျေးရွာများတွင် ယခင်က ကျေးရွာသူ၊ ရွာသားများအားလုံး စစ်ရှောင် နေကြသော်လည်း ဆင်းရဲချို့တဲ့သူအချို့ မိမိနေအိမ်များတွင် ပြန်လည်နေထိုင်ကြခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဇွန်လ တတိယပတ်အတွင်းက စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပန်းတင်းတိုက်နယ်အတွင်း အရပ်သားအမျိုးသမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။
အလားတူ တောင်ကုတ်မြို့နှင့် ၉မိုင်အကွာ (တောင်ကုတ်-အမ်း အဝေးပြေးကားလမ်းဘေးရှိ) ဒေသအခေါ် မိုးတောင်တန်းအနီး တည်ရှိသည့် မိုးပညာဒါန ဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ယခုလက ၁၆ရက် နံနက် ၃နာရီဝန်းကျင် အချိန်တွင် တိုက်လေယာဉ် ဖြင့် ဗုံး ၅ လုံး ကြဲချခဲ့ရာ ဆွမ်းစာကျောင်းဆောင်အပါအဝင် သာသနိကအဆောက်အအုံအချို့ နှင့် ပညာရေးအထောက်အကူပြုပစ္စည်းများ ပျက်စီးခဲ့သည်။

တောင်ကုတ်-မအီလမ်းပိုင်းအနီးရှိ ဆားပြင်ကျေးရွာအုပ်စု ကုန်းဘောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လေယာဥ်ဖြင့် ဗုံး ၂ လုံး ကြဲချကြောင်း တောင်ကုတ်မြို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့ကလည်း တောင်ကုတ်မြို့၏ မြောက်ဘက် ၂၅ မိုင်အကွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ပေါက်အင်းရွာရှိ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတစ်ပါ ဗုံးစရှပ်ထိပြီး သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးသွားခဲ့ဖူးသည်။

တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်တွင် တိုက်ပွဲတစုံတရာမရှိသော်လည်း စစ်ကောင်စီသည် လေကြောင်းမှ တဆင့် ရိက္ခာနှင့် စစ်လက်နက်ဖြည့်တင်းခြင်း၊ ကျေးရွာများသို့ စစ်ကြောင်း ထိုးခြင်း၊ မိုင်းများထပ်တိုးချထားခြင်း၊ ဒေသခံနေအိမ်များသို့ ရုတ်တရက် ဝင်ရောက် ဖမ်းဆီးခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ဩဂုတ်လဆန်းကတည်းက တကျော့ပြန် ထပ်မံ ပြုလုပ်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် ရခိုင်တောင်ပိုင်း တိုက်ပွဲများအတွင်း ဘုန်းကြီးကျောင်း၊ ဘုရားစေတီ စသည့် သာသနိကအဆောက်အအုံများတွင် တပ်စွဲခြင်းများ ပြုလုပ်ခဲ့သလို၊ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသော စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အရပ်သားပိုင်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သက်သေများစွာ ရှိခဲ့သည်။

ဓာတ်ပုံ- ဒေသခံများ။

ပုံစာ- ဇွန်လလယ်မှစတင်ကာ တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် သေဆုံး/ပျက်စီးဆုံးရှုံးခဲ့ရသည့် အရပ်သားနှင့် အဆောက်အအုံများ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
preload imagepreload image