BattleNews

စစ်တွေအနီး စစ်တပ်နှင့် AA ကြား လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်၊ ရခိုင်ရိုးမပေါ်ရှိ စစ်တပ်စခန်းများကို AA က ဆက်တိုက်သိမ်းပိုက်

ဒွါရာဝတီ၊ ဇန်နဝါရီ ၂၈၊ ၂၀၂၅။

ရခိုင်ပြည်မြို့တော်၊ စစ်တွေမြို့အနီးဝန်ကျင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(အေအေ)ကြား လက်နက် ကြီး၊ စနိုက်ပါ၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေပြီး ရခိုင်ရိုးမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကိုလည်း AA က ဆက်လက်သိမ်းပိုက်လျက်ရှိသည်ဟု သိရသည်။

အာရက္ခတပ်တော်သည် ရခိုင်ရိုးမတောင်တန်းတလျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီသည် ပဲခူးတိုင်းဘက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ကြောင့် ပဲခူးတိုင်း-ရခိုင် အစပ်နေရာများနှင့် ရခိုင်ရိုးမတောင်တန်းထက်တွင်လည်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွား လျက်ရှိသည်ဟု အာရက္ခတပ်တော်(အေအေ)က ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်သည်။

ရခိုင်ပြည်၊ တောင်ကုတ်မြိုနယ်၊ ရခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ စခန်းတခုဖြစ်သည့် မိုးထိတောင်စခန်းကို ဇန်နဝါရီ ၂၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ရက်ခန့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။

ထို့အပြင် ဧရာဝတီ-ရခိုင်အစပ်၊ ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသည့် ပွိင့် (၂၆၃) စခန်းကို ရန်သူသည် ဇန်နဝါရီ ၂၇ ၌ လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခတပ်တော်သည် ပွိင့် (၂၆၃) စခန်းကို ဇန်နဝါရီ ၂၆  ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ဇန်နဝါရီ ၂၁  ရက်ကလည်း ပွိင့် (၃၆၉) စခန်းကို သိမ်းပိုက်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

မကွေးတိုင်း၊ ငဖဲမြိုနယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် ဇန်နဝါရီ ၂၇ ယနေ့ နေ့၌လည်း စစ်ကောင်စီ၏ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့သည် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အေအေ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီသည် ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားသဖြင့် လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်ဟု အေအေက ထုတ်ပြန်သည်။

#ရခိုင် #အေအေ #မကွေး #စခန်းသိမ်း

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button