
ဒွါရာဝတီ၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၄။
ရခိုင်ပြည်ကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီသည် ရခိုင်ပြည်ရှိ မြို့များအပေါ် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေသည်ကို တွေ့ရသည်။ သံတွဲမြို့၌လည်း စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခြင်းကြောင့် အရပ်သားပြည်သူသေဆုံမှု မြင့်တက်၍လာသည်။
ပြီးခဲ့သည့် စက်တင်ဘာလကဆိုလျှင် သံတွဲမြို့အထွက် စစ်ရှောင်စခန်းလုပ်ထားသည့် အဆောက်အအုံကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည့်အတွက် အရပ်သား ၁၉ ဦး သေဆုံးခဲ့ရသေးသည်။ ယခုရက်ပိုင်း တွင်လည်း သံတွဲမြို့ကို စစ်ကောင်စီက ဆက်တိုက်ဆိုသလို လေကြောင်းမှ ဗုံးကြဲလျက်ရှိသည်။
ယင်းသို့ ဗုံးကြဲခံရခြင်းသည် စစ်ကောင်စီသတင်းပေးများရှိနေခြင်းကြောင့်ဟု ပြောဆိုသံများကြားရသည်။ ပရဟိတအဖွဲ့ထဲတွင် သတင်းပေးများထည့်ကာ သံတွဲမြို့၏ မြေပြင်သတင်းများကို စစ်ကောင်စီက ထောက်လှမ်းနေသည်ဟု ဝေဖန်သံများလည်းရှိနေသည်။ အမှန်ဆိုရလျှင် ဤဝေဖန်ချက်သည် ဖြစ်နိုင်ချေ များသည်ဟု ဆိုချင်သည်။
သံတွဲမြို့ပေါ် လူဦးရေသည် ၂၀၁၄ သန်းခေါင်စာရင်းအရ ၁၄,၀၀၀ ကျော်ရှိသည်။ ကျေးရွာအုပ်စုများရှိ လူဦးရေစာရင်းပါ ထပ်ပေါင်းမည်ဆိုလျှင် လူဦးရေ ၁၃၀,၀၀၀ ကျော်ရှိသည်။ လူမျိုးပေါင်းစုံနှင့် ကိုးကွယ် ယုံကြည်မှု မတူညီကြသူများ အတူနေထိုင်ကြသည်။ အစိုးရရုံးများအခြေစိုက်သလို ဝန်ထမ်းပေါသည့်မြို့လည်း ဖြစ်သည်။
နိုင်ငံရေးအရလည်း နိုင်ငံရေးယုံကြည်ချက် မတူညီကြသူများ မျှခြေရှိသည့် မြို့ဖြစ်သည်ဟုဆိုရမည်။ ရခိုင် ပါတီများ၊ NLD နှင့် ကြံ့ခိုင်ရေးပါတီ ရှိသည်။
စစ်တပ်ထောက်ခံသူလည်းရှိသည်၊ ကြံ့ခိုင်ရေးပါတီလည်း အားကောင်းသည်၊ အလားတူ NLD ပါတီထောက်ခံသူ လည်း များသည်။ အမျိုးမျိုးကွဲပြားနေသည့် ရခိုင်ပါတီများကို ထောက်ခံသူလည်း မရှား။ ယုံကြည်ချက်ဖြင့် သော်လည်းကောင်း၊ ငွေကြေးထောက်ပံ့မှု အရသော်လည်းကောင်း တခြားသော မထင်မရှားပါတီများကို ထောက်ခံသူများလည်းရှိသည်။ သံတွဲမြို့သည် အရောင်အသွေးစုံလင်သည်။
ထို့အပြင် ရခိုင်ပါတီအရေခြုံ၊ ရခိုင်အမျိုးသားရေးအမည်ခံပြီး စစ်တပ်ထောက်ခံကာ ကိုယ်ကျိုးစီးပွားရှာနေသည့် လူပုဂ္ဂိုလ်နှင့် ဘုန်းကြီးများလည်းရှိသေးသည်။ တချို့က ဒလန်ပေါသောမြို့၊ စစ်တပ်ဘောမ ပေါသောမြို့ ဟူ၍ သမုတ်ကြသည်။
ထို့ကြောင့်လည်း ယခုသံတွဲမြို့၌ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများရှိနေခြင်းသည် ဒလန်များကြောင့်ဟု ဆိုခြင်းက ဖြစ်နိုင်ချေများသည်။ ဤနေရာတွင် ထပ်မံဖြည့်စွက်ချင်သည့်အချက်မှာ ဒလန်သတင်းပေး၍ စစ်ကောင်စီက ဗုံးကြဲသည်ဟု တပ်အပ်ပြောလိုခြင်းမဟုတ်။ စစ်ကောင်စီသည် နိုင်ငံအနှံ့ဗုံးကြဲနေခြင်းဖြစ်သည်။ သတင်းပေးခြင်းမပေးခြင်းနှင့်မပတ်သက်ဘဲ စစ်ကောင်စီကိုယ်၌ကလည်း အရပ်သားများအပေါ် လက်နက်ကြီး ဖြင့် ပစ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်းများ ကျူးလွန်လက်စဖြစ်သည်။
သတင်းပေးခြင်းဆိုရာတွင် စနစ်တကျသတင်းပေးနေခြင်းမျိုး ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် မပြောသင့်မပြော အပ်သည့် သတင်းစကားအချက်အလက်ကို တဖက်ရန်သူထံ ပြောမိခြင်းမျိုးဖြစ်သည်။ သို့သော် လက်ရှိ အခြေအနေ၌ အမှုမဲ့အမှတ်မဲ့လုပ်မိခြင်းသည် အသက်ပေါင်းများစွာ ဆုံးရှုံးသွားနိုင်သည်ကို သတိပြုရမည် ဖြစ်သည်။
သမိုင်း မသိ၊ လူမျိုး ချစ်စိတ်မရှိ၊ မိမိအမျိုး၊ မိမိ မိသားစုဝင်များ ဝန်ထမ်းဖြစ်ရုံမျှသော သံယောဇဉ်ဖြင့် သတင်းပေးလုပ်မိသူ၊ စစ်တပ်နှင့်အာဏာရှိသူကို မျက်နှာလုပ်ချင်သူ၊ ကိုယ်ကျိုးသမား လူပုဂ္ဂိုလ်၊ ဘုန်းကြီးများ၏ သြဇာထူထောင်ရေး အသုံးချခံဖြစ်ချင်သူ စသည့်သူများလည်း သံတွဲမြို့၌ ဆက်၍ ရှိနေဦးမည်သာဖြစ်သည်။
၎င်းတို့သည် ခေတ်မကောင်း၍ ကြောင်လက်သည်းဝှက်သကဲ့သို့ နေထိုင်ကြသည်။ ခေတ်စကားဖြင့်ဆိုရလျှင် တချို့ကလည်း အရူးကွက်နင်းနေသည်ဟု ဆိုရမည်။ အခွင့်အရေးပေးလျှင် မိုက်တွင်းဆက်နက်မည့် အခြေအနေ များကို တွေ့ရသည်။
အာရက္ခတပ်တော်(အေအေ)က ရခိုင်ပြည်တခုလုံးကို သိမ်းပိုက်ပြီးလျှင် ရခိုင်တမျိုးသားလုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ကြတော့မည်ဖြစ်သည်။ ရခိုင်တို့၏ ကံကြမ္မာကို ရခိုင်တို့ကိုယ်တိုင် ဖန်တီးရတော့ မည်ဖြစ်သည်။ ယင်းအခြေအတွင် အစိုးရဝန်ထမ်း၊ စစ်တပ်အားပေး၊ ကြံ့ခိုင်ရေးထောက်ခံ၊ ဘုန်းကြီးတပည့်များ လုပ်နေ၍ မဖြစ်။
ရခိုင်ပြည်ကို ကာကွယ်ဖို့အတွက် ရခိုင်အမျိုးသားတို့သည် တသွေးတည်း၊ တသားတည်းရှိနေရမည့်အချိန်ဖြစ် သည်။ စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုအပေါင်းက ကာကွယ်နိုင်ဖို့ ကြိုတင်တွေးတောရတော့မည်ဖြစ်သည်။ ရခိုင်ပြည် ပြန်လည်ထူထောင်ရေးအတွက် တတောင့်တနေရာမှ ပါဝင်ရတော့မည်ဖြစ်သည်။ ဤနေရာတွင် သဘောထားကွဲလွဲ၍မရ၊ ချွင်းချက်ဆိုတာ မရှိ။ အားလုံးတသားတည်းသာဖြစ်ရမည်။
သို့မဟုတ်လျှင် စစ်တပ်၏ သွေးထိုးသပ်လျှိုမှု၊ ရက်စက်ကြမ်းကြုတ်မှုအောက်တွင် လတ်လတ်ဆတ်ဆတ်ရရှိ ထားသည့် လွတ်လပ်ရေးများ တစတစဖြင့် ဆုံးရှုံးသွားနိုင်သည်။ အသက်ပေးကာ တိုက်ယူခဲ့ရသည့် အာရက္ခ တပ်တော် ရဲဘော်များ၏ အသက်များ အချည်းအနှီးဖြစ်သွားလိမ့်မည်၊ ပျက်စီးခဲ့ရသည့် ပြည်သူ့ဘဝများ၊ ရင်းနှီးခဲ့ရသည့် သောကနှင့် ဒုက္ခများ သဲထဲရေသွန်သလို ဖြစ်လိမ့်မည်။
ထို့ကြောင့် ကိုယ့်ပြည်ကို မဖျက်ဖို့၊ ကိုယ့်မြို့ကိုယ် ဖျက်ဆီးခြင်း မဖြစ်ဖို့၊ ကိုယ့်လူမျိုးကိုယ် ပြန်သတ်မိခြင်းမျိုး မဖြစ်ဖို့ အထူးလိုအပ်သည်။ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ စစ်တပ် သတင်းပေး၊ ဒလန်လုပ်ခြင်းများ ရပ်တန့်ရမည်။ သိုမဟုတ်ဘဲ ဆက်လက်သတင်း ပေး၊ ဒလန်လုပ်နေဦးမည်ဆိုပါက အဆိုပါလူတန်းစားတစုကို ဖော်ထုတ်တားဆီးရမည်။ အနာဂတ်ရခိုင်ပြည်ကို တစိတ်တဝမ်းတည်း တက်ညီလက်ညီ အမြန်ဆုံးတည်ဆောက် ရမည်သာဖြစ်သည်။
အာဏာရှင်စစ်ကျွန်စနစ်အောက်က လွတ်မြောက်ကာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်မည့် သားမြေးမြစ်များကို ရခိုင့်မြေပေါ်တွင် ချန်ရစ်နိုင်ရေးအတွက် လူတိုင်းကိုယ်စီတာဝန်ယူစိတ် မွေးမြူကြရမည်ဖြစ်သည်။