BattleNews

သံတွဲမြို့ပေါ် လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ထပ်မံကျရောက်ပြန်


သံတွဲ၊ ၈၊ ဇူလိုင်၊ ၂၀၂၄။

ယနေ့မွန်းလွန် ၃နာရီဝန်းကျင်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရပ်ကွက် ၂ခုရှိ လူနေအိမ်များပေါ်သို့ လက်နက်ကြီးကျည်တလုံးကျရောက်ခဲ့ပြီး၊ လူထိခိုက်မှုမရှိ ကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိသည်။

သံတွဲမြို့၊ အမှတ် ၄ရပ်ကွက်ရှိ ဦးစိုးရွှေ၏ နေအိမ်နှင့် အမှတ် ၁ရပ်ကွက်၊ ဆေးရုံပိုင်းအနီးရှိ စံပါယ်လမ်းထိပ်အနီး လူနေအိမ်တလုံးပေါ်သို့ ကျရာက်ခဲ့ခြင်းဖြစ်ပြီး ပျက်စီးမှုအသေးစိတ်ကို မသိရှိရသေးပေ။

“စံပါယ်လမ်းနားမှာ ကွမ်းဝယ်နေတုန်း ရှေ့တည့်တည့်ကအိမ်ကိုကျတာ၊ လေးဖြူကော်ဖီဆိုင်ရှေ့က အိမ်၊ ကံကောင်းလို့ လူတွေဘာလဲ မဖြစ်လိုက်” ဟု သံတွဲမြို့ခံတဦးက ပြောသည်။

အလားတူ နောက်ထပ် ဒေသခံတဦးကလည်း “အိမ်အပေါ်ကနေ ကြမ်းပြင်ကို ပေါက်ပြီးကျလာပြီး၊ အောက်ထပ်မှာ ထိုင်နေတဲ့လူတွေဘေးကနေဖြတ်ပြီး အုတ်နံရံကို ဖောက်သွားတယ်လို့ကြားတယ်၊ လူတွေလည်း လန့်နေကြတယ်”ဟု ဒွါရာဝတီသို့ ပြောသည်။

ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် Y12 လေယာဉ်တို့ ပျံသန်းကာ သံတွဲမြို့ပေါ် ရပ်ကွက်အချို့၊ နန်းချောင်း ကျေးရွာ၊ ငပလီကမ်းခြေ-လင်းသာရပ်ကွက်၊ ဆင်ခေါင်းကျေးရွာ တဝိုက်သို့ လေကြောင်းဗုံးကြဲမှုနှင့် လေယာဉ်ပေါ်မှ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒွါရာဝတီ၏ သတင်းရင်းမြစ်များ ထံမှ စုံစမ်းသိရသည်။

ရွှေလှေတိုက်နယ်အတွင်းမှ ဒေသခံတဦးက “ဆင်ခေါင်းဘက်ကို လေယာဉ်ပေါ်ကနေ စစ်သေနတ်နဲ့ ပစ်သွားတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။

သံတွဲမြို့၊ အမှတ် ၆ရပ်ကွက်ရှိ ဗောဓိကုန်းရေလှောင်တမံ ဝန်းကျင်သို့ လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေသလို လူနေရပ်ကွက်အနီးကွင်းပြင်သို့ လက်နက်ကြီးကျည်များ ကျရောက်ကာ မပေါက်ကွဲသေးဘဲ ရှိနေပြီး ပြည်သူများလည်း ထိတ်လန့်ကာ နေရာရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတဦးထံမှ သိရသည်။

သံတွဲမြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ကျရောက်ခြင်းမှာ ယခု ဒုတိယအကြိမ်ဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန်လ တတိယပတ်အတွင်းကလည်း အနော်ရထာလမ်းနှင့် မာဃလမ်းထောင့်အနီးလူနေအိမ်တလုံးပေါ်သို့ ပုံစံတူ ကျည်တလုံး ကျရောက်ခဲ့သေးသည်။

လတ်တလောတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေပြီး မြို့နှင့် တဖြည်းဖြည်းနီးကပ်လာနေသည်။ ယမန်နေ့ကလည်း သံတွဲမြို့လယ်ခေါင်ရှိ အကျဉ်းထောင်တွင် တပ်စွဲထားသည့် လက်နက်ကြီးဖြင့် အချက်များစွာ ပစ်ခတ်ခဲ့သေးသည်။

မြို့ပေါ်နေ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး၊ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်ဘဲ ကျန်ရှိနေသေးသူများလည်းရှိသည်။

ဓာတ်ပုံ- ဇွန်လနှောင်းပိုင်းတွင် သံတွဲမြို့ပေါ်ရပ်ကွက်သို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်တလုံး။ (ဒေသခံတဦး၏ လူမှုကွန်ရက်မှ)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button