တောင်ကုတ်၊ ၁၆ ဩဂုတ်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နှင့် ၉မိုင်အကွာ (တောင်ကုတ်-အမ်း အဝေးပြေးကားလမ်းဘေးရှိ) ဒေသအခေါ် မိုးတောင်တန်းအနီး တည်ရှိသည့် မိုးပညာဒါန ဘုန်းတော်ကြီး သင်ပညာရေးကျောင်းကို ယနေ့ နံနက် ၃နာရီဝန်းကျင်တွင် တိုက်လေယာဉ် ဖြင့် ဗုံး ၅ လုံး ကြဲချခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဆွမ်းစားကျောင်းဗုံးထိတယ်၊ မွန်ဘုန်းကြီး ဦးနာဂ အပြင်ဒဏ်ရာ အနည်းငယ်ရတယ်၊ မပြင်းထန်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျောင်းဝန်းအတွင်း ဗုံး ၂ လုံးကျရောက် ပေါက်ကွဲကာ သာသနိက အဆောက်အဦအချို့ လုံးဝ ပျက်စီးသွားပြီး၊ အချို့ ကျောင်းဆောင် များနှင့် ပညာရေးအထောက်အကူပြု ပစ္စည်းများ ထိခိုက် ပျက်စီးမှုရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။
“ကျောင်းဆောင်တွေ အလယ်က ဆွမ်းစားဆောင် တည့်တည့်ထိပြီး၊ အနားက နားနေဆောင်နဲ့ ဘုန်းကြီးကျောင်းရော တခြား အဆောင်တွေပါ ဗုံးစ ထိကုန်တယ်၊ နားနေဆောင်တော့ အားလုံး ပျက်စီးသွားတယ်၊ ကျောင်းဝန်းထဲကို ဗုံး ၂လုံးကျတယ်၊ ကျန်သုံးလုံးက ကျောင်းဝန်းကျင် တောင်တန်း တွေကို ကျတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦး ဒွါရာဝတီသို့ ပြောသည်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်များနှင့် အနီးဝန်းကျင်ရွာများမှ ဆင်းရဲနွမ်းပါး ကလေးငယ်များကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ အထည်ချုပ် အပါအဝင် လက်မှုအသက်မွေးဝမ်းကျောင်း အတတ်ပညာ ၁၀မျိုးခန့် သင်ကြားပေးနေသည့် အခမဲ့ ပညာသင်ကျောင်းဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
စစ်ကောင်စီ လေယာဉ်များ မကြာခဏ ဖြတ်သန်းသည့် အရပ်တွင် ရှိနေသည့်အတွက် ကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များကို မကြာသေးခင်ရက်ပိုင်းကမှ နေရာရွှေ့ပြောင်းထားခဲ့ခြင်းကြောင့် လူထိခိုက်မှုနည်းပါးခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းမှာ တောင်ကုတ်က စားဝတ်နေရေးခက်ခဲနေတဲ့ စစ်ဘေးရှောင် မိသားစု ၆၀ လောက်ရှိတယ်၊ လေယာဉ်လာတဲ့လမ်းကြောင်းမှာရှိနေလို့ အရင်ရက်တွေကပဲ ဘေးလွတ်ရာကို ပြောင်းထားတာ၊ အဲ့ဒီ ကျောင်းမှာ တက်နေတဲ့ ကလေး ၁၀ယောက်လောက်လည်းပါတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါကျောင်းအနီးဝန်းကျင်သို့ မနေ့က နံနက် ၃ နာရီ ၅၇ မိနစ်ကလည်း လေယာဉ်ဖြင့် ဗုံးတလုံး ကြဲချပြီး ထိခိုက်မှုမ ရှိခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- ဒေသခံတဦး ရိုက်ကူးထားသည့် မိုးပညာဒါန ဘုန်းတော်ကြီးသင်ပညာရေးကျောင်း။ (ပုံဟောင်းများ)
တောင်ကုတ်မြို့နှင့် အနီးဝန်းကျင်တွင် တိုက်ပွဲတစုံတရာမရှိသော်လည်း စစ်ကောင်စီသည် လေကြောင်းမှ တဆင့် ရိက္ခာနှင့် စစ်လက်နက်ဖြည့်တင်းခြင်း၊ ကျေးရွာများသို့ စစ်ကြောင်း ထိုးခြင်း၊ မိုင်းများထပ်တိုးချထားခြင်း၊ ဒေသခံနေအိမ်များသို့ ရုတ်တရက် ဝင်ရောက် ဖမ်းဆီးခြင်း၊ လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကို ယခုရက်ပိုင်းအတွင်း လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
တိုက်ပွဲများနှင့် သက်ဆိုင်ခြင်းမရှိသည့် အမှတ်အသားအဖြစ် သာသနာ့အလံများကို ကျောင်းအနီးဝန်းကျင်တွင် ထင်ထင်ရှားရှားစိုက်ထူထားသော်လည်း စစ်ကောင်စီက ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၄ရက်နေ့ကလည်း တောင်ကုတ်မြို့၏ မြောက်ဘက် ၂၅ မိုင်အကွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ပေါက်အင်းရွာရှိ ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သံဃာတစ်ပါ ဗုံးစရှပ်ထိပြီး သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးသွားခဲ့ဖူးသည်။
စစ်ကောင်စီသည် ရခိုင်တောင်ပိုင်း တိုက်ပွဲများအတွင်း ဘုန်းကြီးကျောင်း၊ ဘုရားစေတီ စသည့် သာသနိကအဆောက်အအုံများတွင် တပ်စွဲခြင်းများ ပြုလုပ်ခဲ့သလို၊ စစ်ဘက်နှင့် သက်ဆိုင်ခြင်းမရှိသော စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ အရပ်သားပိုင်အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သက်သေများစွာ ရှိခဲ့သည်။
ဓာတ်ပုံ- ဒေသခံတဦး ရိုက်ကူးထားသည့် မိုးပညာဒါန ဘုန်းတော်ကြီးသင်ပညာရေးကျောင်း။ (ပုံဟောင်းများ)