ArticleNews Feature

သံတွဲ၌ ကုန်ဈေးနူန်း အဆမတန်မြင့်တက်ပြီး ဆေးဝါးပြတ်လပ်နေ

တိုက်ပွဲများပြင်းထန်လာသည့် ဇွန်လဆန်းမှာစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အခြေခံ စားသောက်ကုန်ဈေးနှုန်းများ ဆတိုးမြင့်တက်လာပြီး အချို့ကုန်စည်များမှာ ပြတ်တောက်လု နီးပါးဖြစ်နေသလို၊ ကျန်းမာရေးအတွက် ဆေးဝါးများ အလွယ်တကူ ဝယ်ယူမရသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သံတွဲမြို့နယ်အတွင်းရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အလားတူ တိုက်ပွဲများပြင်းထန်လာနေခြင်း၊ လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ် ကြားနေ ရခြင်းနှင့် အာရက္ခတပ်တော်(အေအေ)က စစ်ဘေးဇုန်မှ တိမ်းရှောင်ကြရန် သတိပေးထားပြီး နောက်ပိုင်း စစ်ရှောင်မြို့ခံဦးရေ ပိုတိုးလာကာ ဈေးဆိုင်များ ပိတ်သိမ်းထားကြခြင်းကြောင့် ဝယ်ယူရရှိနိုင်သည့် ကုန်ပစ္စည်းများလည်း အကန့်အသတ်ရှိနေကြောင်း မြို့ခံ အိမ်ရှင်မများထံမှ သိရသည်။

“အခုရက်တွေ မြို့ကို ကုန်ကားတွေ ဝင်တာမမြင်၊ ဆိုင်ရှင်တွေကလည်း ထပ်မမှာကြတော့ဘဲ ရှိတဲ့ပစ္စည်းကို လက်ကျန်ဖြတ်နေကြပုံပေါ်တယ်၊ တချို့ဆန်ဆိုင်တွေဆို ပိတ်ပြီးတော့ စစ်ရှောင် သွားကြပြီ” ဟု မိသားစု စားသောက်ရေးအတွက် မီးဖိုချောင်ကို စီမံခန့်ခွဲနေရသည့် သံတွဲမြို့မှ အိမ်ရှင်မတဦးက ဒွါရာဝတီသို့ ပြောသည်။

သံတွဲမြို့တွင် လတ်တလောဖြစ်ပျက်နေသည့် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်အချို့၏ ဈေးနှုန်းများမှာ ကြက်ဥတလုံး ၈၀၀ ကျပ်၊ ဆန်ကြမ်းတပြည် ၅၀၀၀ကျပ်/၆၀၀၀ကျပ်၊ စားဆီ (ကြော်ခံဆီ) တပိသာ ၁၇,၀၀၀ကျပ်၊ ကြက်သွန်ဖြူ တပိသာ ၂သောင်းကျပ်၊ ကြက်သွန်နီ တပိသာ ၇၀၀၀ ကျပ်၊ ခြင်ဆေးခွေ(တဘူး) ၂ထောင်ကျပ်၊ ဖယောင်းတိုင် တထုတ် ၄ထောင်ကျပ်၊ ခေါက်ဆွဲ ခြောက် တထုတ် ၁ထောင်ကျပ်၊ ဓာတ်ဆီ တလီတာ ၁၂၀၀၀ ကျပ်တို့ဖြစ်ကြောင်း ဒွါရာဝတီက စုံစမ်းသိရသည်။

အချို့ကုန်ပစ္စည်းများမှာ ပြတ်တောက်နေပြီး၊ လိုချင်တိုင်း ဝယ်မရသည့် အခြေအနေနဲ့ ရင်ဆိုင်လာရ ကြောင်းသိရသည်။

မိသားစုတစုလုံးစာအတွက် တရက်လျှင် ဆန် နို့ဆီဘူး ၁၂ လုံး(၁ပြည်ခွဲ) ချက်ရသည့် အိမ်ရှင်မတဦး ကလည်း “ထမင်းတမျိုးတည်းတင် ၉ထောင် နီးပါးကျနေပြီ၊ ဟင်းမပါသေး၊ ဟိုနေ့က ကြက်ဥ ၁၀ လုံးဝယ်လာတယ်၊ မနက် ၅လုံး၊ ည ၅လုံးချက်တယ်၊ ကလေးလူကြီး ကြက်ဥတခြမ်းနဲ့ ဝအောင်စားခိုင်း ရတယ်” ဟု တွက်ချက်ပြသည်။

အလားတူ အိမ်သုံးဆေးဝါးဝယ်ယူရရှိသည့်အခြေအနေမှာလည်း မိမိလိုချင်သည့် နာတာရှည်ရောဂါများအတွက် ပုံမှန်သုံးစွဲနေရသည့် ဆေးဝါးအမည်ကို ဆေးဆိုင်သို့ ကြိုတင်စာရင်ပေးကာ၊ ဆေးဆိုင်က စစ်ကောင်စီထံတွင် ခွင့်ပြုမိန့်တောင်းကာ ခွင့်ပြုမှ သာ ရရှိနိုင်ကြောင်းသိရသည်။

“အဲဒါက လမ်းတွေပိတ်ပြီးနောက်ပိုင်း လေယာဉ်မပိတ်ခင်က ဆေးဝါးဝယ်ရတဲ့ အခြေအနေကို ပြောတာ၊ အခုလက်ရှိ လေယာဉ်ပါထပ်ပိတ်ထားတာ တပတ်ရှိပြီ” ဟု သံတွဲဒေသခံ တဦးက ပြောသည်။

သံတွဲဒေသသည် ရခိုင်ပြည်နယ်အတွင်းရှိ အခြားသော မြို့ရွာများနည်းတူ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်ကန့်သတ်ထားသည်မှာ နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ကုန်တင်ကားများက ထောက်ခံစာအဆင့်ဆင့်နှင့် တင်ဆောင်မည့် ကုန်ပစ္စည်းစာရင်းများကို ကြိုတင် ခွင့်ပြုမိန့်တောင်းကာ သယ်ယူပို့ဆောင်နေခဲ့ကြရသည်။

ဓာတ်ဆီ၊ ကလေးဒိုက်ဘာနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ကွမ်းစားဆေးရွက်ကြီးစသည့် အမယ်များ အပါအဝင် လူသုံးကုန်ပစ္စည်းအများအပြားကို တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ် ခံထားရသည်။

အဆိုပါ တားမြစ်ပစ္စည်းများကို တင်ဆောင်ခြင်း၊ လက်ဝယ်တွေ့ရှိခြင်းများကြောင့် ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်း၊ တရားရုံးတင်စွပ်စွဲခြင်း၊ ဆိုင်ကယ်၊ သုံးဘီးနှင့် ကား စသည့် ယာဉ်များကို သိမ်းဆည်းခြင်း စသည့် လုပ်ရပ်များကို စစ်ကောင်စီက အဆက်မပြတ်ပြုလုပ်ခဲ့သည်။

ဆေးဆိုင်အများစုက ဆေးဝါးများကို လေယာဉ်နှင့် သယ်ယူရောင်းချကြပြီး တန်ဆာခများမှာ တကီလိုလျှင် ၂ ထောင်မှ ၅ ထောင်၊ ၁သောင်းအထိ မြင့်တက်လာခြင်းကြောင့် လွန်ခဲ့သည့် လအနည်းငယ်ကပင် သံတွဲဒေသတွင် ဆေးဝါးဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့သည်။

အလားတူ ဆေးဆိုင်များမှ လေယာဉ်ဖြင့်တင်သွင်းလာသည့် ဆေးဝါးများကို ငပလီအခြေစိုက် ၅၅ တပ်ရင်းက ဖမ်းဆီးသိမ်းဆည်းခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် အများပြည်သူ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများကို ကြိုတင်စာရင်းတောင်းကာ အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့ရာမှ ယခု လေဆိပ်ကို ပိတ်လိုက်ပြီးနောက်ပိုင်း မြို့ပေါ်ရော၊ ကျေးလက်များ၌ပါ ဆေးဝါးဝယ်ယူရသည်မှာ ပိုမိုခက်ခဲလာကြောင်း ဒေသခံများထံမှ သိရသည်။

“ရွာက ဆိုင်မှာ ခေါင်းကိုက်လို့ ဆေးသွားဝယ်တာ ပါရာစီတမောတောင်မရလို့ သံတွဲကို မှာရတယ်” ဟု သံတွဲမြို့နယ်၊ ဉယျာဉ်ပြင်ကျေးရွာအုပ်စုတွင်နေထိုင်သူ တဦးကပြောသည်။

စစ်ကောင်စီက ရခိုင်ပြည်နယ်နှင့် ပြည်မဆက်သွယ်ရေးကို ပြီးခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာ ၁၃မှ စတင် ပိတ်ဆို့ဖြတ်တောက်လိုက်ကတည်းက ရခိုင်တပြည်နယ်လုံးတွင် ကုန်စည်ဈေးနှုန်းများ ၃ဆ၊ ၅ဆနှင့် အချို့ကုန်စည်များမှာ ၁၀ဆအထိ အသီးသီး ဈေးနှုန်းမြင့်တက်ခဲ့သည်။

အမည်မဖော်လိုသည့် သံတွဲမြို့ပေါ်ရပ်ကွက်တခုမှ နောက်အိမ်ရှင်မ တဦးက “အရင်တက်ထားတဲ့ ဈေးတွေထက် ဇွန်လဆန်းကတည်းက နောက်ထပ် ၁ ဆ၊ ၂ ဆ ထပ်တက်လာတယ်၊ မိသားစုများတဲ့ အိမ်ဆို ကြက်ဥတောင် ဝယ်စားဖို့ခက်နေပြီ၊ မိုးတွင်းလည်းဖြစ်၊ ပင်လယ်လည်း မဆင်းရတော့ ဈေးမှာလည်း ငါးတွေဟင်းတွေ ရှားတယ်”ဟု ပြောသည်။

အချို့ဆိုင်များက စားသုံးသူ ဖောက်သည်များကိုငဲ့ကာ အမြတ်နည်းနည်းနှင့် ပြန်လည် ရောင်းချ ပေးခြင်းများလည်း ရှိခဲ့ကြောင်း သံတွဲဒေသခံများထံမှ သိရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button