BattleNews

ကြွေချိုင်ကမ်းခြေတွင် စစ်ကောင်စီလက်နက်ကြီးအထိုင်ချ ပစ်ခတ်နေခြင်းကြောင့် ဒေသခံ ၃ ပုံ ၂ ပုံခန့် နေရပ်စွန့်ခွာ

ဂွ၊ ဩဂုတ် ၁၆၊ ၂၀၂၄။

ရခိုင်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာတွင် စစ်ရိပ်စစ်ငွေ့သမ်း လာခြင်းကြောင့် စစ်ဘေးရှောင်နိုင်သူ ဒေသခံအများစု နေရပ်စွန့်ခွာ တိမ်းရှောင် သွားကြပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယခုလက်ရှိ တိုက်ပွဲပြင်းထန်နေသည့် ကျိန္တလီမြို့နှင့် ၁၀မိုင်ဝန်းကျင်အကွာရှိ အဆိုပါ ကြွေချိုင်ကျေးရွာထိပ်၊ ကမ်းခြေအနီး တောင်ကုန်းပေါ်တွင် စစ်ကောင်စီက လွန်ခဲ့သည့် ၃ ရက်ခန့်မှ စတင်၍ လက်နက်ကြီးအထိုင်ချကာ ကျိန္တလီတိုက်ပွဲဘက်သို့ ပစ်ကူပေးနေရာ ဒေသခံအများစု ထိတ်လန့်ကာ တိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။

“အရင်ရက်တွေက စပစ်တုန်းက အချက်ရေ နည်းနည်းပဲ၊ မနေ့ကတော့ တနေကုန် ထိုင်ပစ်နေတာ၊ အချက်ရေ အများဆုံးပဲ၊ တဖက်က ပြန်ပစ်တာမရှိတော့ ရွာထဲမှာ ထိခိုက်ပျက်စီးတာ မရှိဘူး” ဟု ကြွေချိုင်ကျေးရွာမှ စစ်ဘေးရှောင်လာသည့် ဒေသခံ တဦးက ဒွါရာဝတီသို့ ပြောသည်။

ပုံ-ကြွေချိုင်ကျေးရွာ ပင်လယ်ကမ်းခြေ။

ကြွေချိုင်ကျေးရွာသည် ကျိန္တလီမြို့နှင့် ဂွမြို့ကြားရှိ ရွာတန်းရှည်ကျေးရွာကြီးတရွာ ဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစတင်ကာ ခရီးသွားလုပ်ငန်း စတင်ဖွံ့ဖြိုးလာသလို ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် ကမ်းခြေရွာတရွာဖြစ်သည်။

စစ်ရိပ်စစ်ငွေ့သမ်းလာသလို၊ လက်နက်ကြီးသံများ အဆက်မပြတ်ကြားလာ ရခြင်းကြောင့် အခြားဒေသသို့ ရွှေ့ပြောင်း စစ်ဘေးရှောင်သူဦးရေ တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။

“လမ်းဘေးဝဲယာက အိမ်တွေနဲ့ စားဝတ်နေရေးပြေလည်သူတွေက ဧရာဝတီတိုင်း ဘက်ကို စစ်ရှောင်ဖို့ ဆင်းသွားကြပြီ၊ ရွာမှာက ငါးရှာ၊ ဖားရှာနဲ့ အခြေခံ လက်လုပ် လက်စားသမားတွေ၊ သွားလာဖို့ လမ်းစရိတ်မရှိ၊ အခြားနေရာရောက်ရင် စားဖို့တောင် မရှိကြတော့ ဖြစ်လာရင် အခြေအနေကြည့်ရှောင်မယ့်သူတွေပဲ ကျန်ခဲ့တယ်” ဟု ကြွေချိုင် ဒေသခံတဦးက ပြောသည်။

လူသူကင်းမဲ့သွားသည့် လူနေအိမ်များ၊ ဈေးဆိုင်များကို ဖောက်ထွင်းခိုးယူ ခံရမှုများလည်း ရှိလာကြောင်း ၎င်းကပြောသည်။

ယနေ့မွန်လွဲပိုင်းအထိ လက်နက်ကြီးပစ်သံမကြားရဘဲ တိတ်ဆိတ်နေကြောင်း သိရသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ဧပြီလလယ်ကတည်းက စတင်ခဲ့သည့် တိုက်ပွဲများသည် သံတွဲမြောက်ဘက် မိုင် ၂၀ အကွာမှ တဖြည်းဖြည်း တောင်ဘက်ခြမ်းသို့ ရောက်ရှိလာကာ ယခု ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် တိုက်ပွဲများ ပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းနှင့် ရေတပ်မှ ပစ်ကူနေရသည်။

ကြွေချိုင်ကျေးရွာနှင့် ၁၀မိုင်ခန့်အကွာရှိ ကျိန္တလီတိုက်ပွဲသည် ယခုလ ၁၀ရက်နေ့ ညနေပိုင်းတွင် စတင်ခဲ့သည်။

Related Articles

One Comment

Leave a Reply to Бонус за регистрацию в binance Cancel reply

Your email address will not be published. Required fields are marked *

Back to top button