BattleNews

သံတွဲအကျဉ်းထောင်မှ နိုင်ကျဉ်းအပါအဝင် အကျဉ်းသား ၃၇၀ ကျော်ကို AA ကယ်ထုတ်၊ စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးထိမှန်ပြီး အကျဉ်းသား ၇ ဦးသေဆုံးခဲ့

သံတွဲ၊ ဩဂုတ် ၈၊ ၂၀၂၄။

စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် သံတွဲအကျဉ်းထောင်မှ အကျဉ်သား ၃၇၂ ဦးကို အာရက္ခတပ်တော်က ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများကိုလည်း ၎င်းတို့၏ မိသားစုထံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

ဩဂုတ်လ ၈ ရက် ယနေ့ထုတ်ပြန်သည့် အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

သံတွဲမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး၊ ငပလီ (မဇင်လေဆိပ်)၊ သံတွဲဟိုတယ်ဇုန်အပါအဝင် နေရာအများစုတို့အား အာရက္ခတပ်တော်မှ ဇူလိုင် ၁၆ ရက် ညနေ (၅) နာရီ (၃၀) မိနစ်အချိန်၌ အပြီးသတ် သိမ်းပိုက်ရရှိပြီးနောက် သံတွဲမြို့အကျဉ်းထောင်တွင် ပိတ်မိနေသော အကျဉ်းသားများအားလုံး ၃၇၂ ဦးကို အာရက္ခတပ်တော်မှ ဘေးကင်းလုံခြုံရာသို့ ကယ်ထုတ်ပေးခဲ့သည်ဟုဆိုသည်။

သံတွဲအကျဉ်းထောင်ထဲမှ အကျဉ်းသား စုစုပေါင်း (၃၇၂) ဦးအနက် (၇) ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးစထိမှန်ပြီး ၅ ဦးသေဆုံးခဲ့ကာ ကျန် ၂ ဦးသည်လည်း ပြင်းထန်သောဒဏ်ရာများဖြင့် ဆေးကုသမှုခံယူနေစဉ်မှာပင် သေဆုံးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အေအေက ကယ်ထုတ်လာခဲ့သည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသား ၄၃ ဦးပါဝင်ပြီး ထိုအထဲမှ ၂ ဦးမှာ ကယ်ထုတ်နေစဉ်အတွင်း အသက်ဆုံးရှုံးသွားခဲ့ရခြင်းဖြစ်သည်။

ကျန်ရှိသည့် နိုင်ငံရေးအကျဉ်းသား ၄၁ ဦးထဲတွင် ရောဂါ ဒဏ်ရာဖြင့်ပါလာသူများနှင့် ကျန်းမာရေး စောင့်ရှောက် ရန် အရေးတကြီး လိုအပ်နေသောသူ ၁၇ ဦးတို့က အေအေက ကောင်းမွန်စွာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပါသည်ဟု သိရသည်။

ယခင်ရက်များ၌ စစ်ကောင်စီ၏ ပင်လယ်ပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းအပြင် လက်နက်ဖြင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချိုအား လိုက်လံရှင်းလင်းနေရခြင်းနှင့် လတ်တလော ရေကြီးနေမှုများကြောင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ဘေးကင်းလုံခြုံရာတွင် ခေတ္တနေရာချထားခဲ့ရသည်။

သို့သော် ယခုအချိန်တွင် လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုထိ ရှိပြီဖြစ်သောကြောင့် အဆိုပါ နိုင်ငံရေး အကျဉ်းသားများအားလုံးကို ၎င်းတို့၏ နေအိမ်များနှင့် မိသားစုများထံသို့ ဩဂုတ် ၆ ရက်မှစတင်ပြီး ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်သည်ဟု အေအေက ဆိုသည်။

အဆိုပါ အကျဉ်းသား ၄၁ ဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ၏ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ တာဝန်ရှိသူများမှ အချက်အလက်များ ကောက်ယူစီစစ်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းများအရ လိုအပ်သည့် ကျန်းမာ‌ရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် လိုအပ်လျက်ရှိသော စားဝတ်နေရေး ထောက်ပံ့ကူညီမှုများကိုလည်း လုပ်ဆောင်ပေးခဲ့ပါသည်။

ထို့အတူ ရာဇဝတ်မှုကျုးလွန်ထားသော အကျဉ်းသားများကိုလည်း အေအေအနေဖြင့် ဆက်လက် ထိန်းသိမ်း ထားလျက်ရှိကာ ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများကို ပြန်လည်စစ်ဆေးလျက်ရှိပြီး တရားနည်းလမ်းကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်(အေအေ)က ထုတ်ပြန်ခဲ့သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button