ဒွါရာဝတီ၊ ဩဂုတ် ၂၅၊ ၂၀၂၄။
သံတွဲမြို့နယ်အတွင်းရှိ မောင်ရွှေလေး၊ ကွင်းဝိုင်း ရေတပ်စခန်းနှင့် ကျိန္တလီမြို့တွင် အာရက္ခတပ်တော်(အေအေ) နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်ဖြစ်ပွားလျက်ရှိနေသည်ဟု အာရက္ခတပ်တော်(အေအေ)က ဩဂုတ် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ ရေတပ်စခန်းရှိရာ မောင်ရွှေလေးနှင့် ကွင်းဝိုင်းတွင် လည်းကောင်း၊ ကျိန္တလီမြို့၌ လည်းကောင်း စစ်ကောင်စီသည် ကြည်း၊ ရေ၊ လေ စုပေါင်းကာ ပြန်လည်ခုခံလျက်ရှိနေသောကြောင့် တိုက်ပွဲများသည် တရက်ပြီးတရက် ပိုမိုပြင်းထန်လျက်ရှိနေသည်ဟု အေအေက ထုတ်ပြန်သည်။
အာရက္ခတပ်တော်(အေအေ)သည် မြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိနေရာ ကျိန္တလီမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းများကို တခုမကျန်ထိုးစစ်ဆင်တိုက်ခိုက်ကာ အပြီးသတ်သိမ်းပိုက်ရယူရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆိုသည်။
ဩဂုတ်လ တတိယပတ်အတွင်း စစ်ကောင်စီသည် အာရက္ခတပ်တော်(အေအေ)၏ ထိုးစစ်ကို ကျိန္တလီမြို့အထွက် ၂ မိုင်ဝန်းကျင်အကွာရှိ ကျောက်ပါးစပ်ကျေးရွာမှ ခုခံနေပြီး၊ ကုန်းပေါ်တွင်အထိုင်ချထားသည့် လက်နက်ကြီးများ ဖြင့်လည်းကောင်း၊ ဂျက်ဖိုက်တာဖြင့်လည်းကောင်း၊ ကျိန္တလီအနီး ပင်လယ်ပြင်တွင် ပတ်မောင်းနေသည့် ရေတပ် စစ်သင်္ဘောမှ လည်းကောင်း ပစ်ကူပေးနေကြောင်း သိရသည်။
ဩဂုတ်လ ၁၈ ရက်ကလည်း ပြင်းထန်ခဲ့သည့် တိုက်ပွဲအတွင်း ကျိန္တလီမြို့၊ လယ်တီတောင်ပေါ်ကျောင်းရှိ ဘုရား ပြိုကျခဲ့ကြောင်းနှင့် စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီး ကျည်များသည် ရေလယ်ကျွန်းနှင့် ရမ္မာကျွန်း မော်ဖျားဘက်သို့ ကျရောက်ခဲ့ခြင်းကြောင်း အပျက်အစီးများရှိခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီက ဘာသာရေးအဆောက်အအုံတခုဖြစ်သည့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတကျောင်းအား လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် ယခုလ ၁၆ ရက်က စစ်ဘေးရှောင် အရပ်သား အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပြီး၊ ၁၁ ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့သည်။ အလားတူ ကျိန္တလီ ပြည်သူ့ဆေးရုံ လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
စစ်ကောင်စီ၏ ကြည်းတပ်များသည် ကျိန္တလီမြို့နယ်၊ ကျိန္တလီတံတားတဖက်ကမ်းရှိ ကုလားပြင် (ရတနာမြိုင်) ကျေးရွာ၊ ကြွေချိုင်ကျေးရွာ၊ ဆပ်သွားကျေးရွာနှင့် ဂွမြို့များတွင် အထိုင်ချတပ်စွဲကာ စစ်အင်အားများ ဖြည့်တင်း ထားသည်။