မောင်တော၊ ဩဂုတ် ၂၇၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့၌ အာရက္ခတပ်တော်(အေအေ)က မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ၃ ရက်တာကာလ အတွင်း စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါ နောက်လိုက်များအပါအဝင် လူပေါင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်ခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်များကို သိမ်းဆည်းရမိခဲ့သည်ဟု ဩဂုတ်လ ၂၆ ရက်တွင် အေအေက ထုတ်ပြန်သည်။
အာရက္ခတပ်တော်သည် မောင်တောမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှလျက်ရှိသောကြောင့် မောင်တောမြို့ အတွင်း တိုက်ပွဲများ ယနေ့အထိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ မောင်တောမြို့၊ အမှတ် (၂) ရပ်ကွက်၊ (ဖေဇီရွာ နှင့် မောင်နီရွာ) အတွင်းမှ အဆင့်ဆင့်ခုခံစစ်ဆင်နွှနေခဲ့သော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီ သင်တန်းဆင်းပြီး ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင် အဖွဲ့များ အပြင် ARSA၊ RSO၊ ARA အကြမ်းဖက်တပ်ဖွဲ့ဝင်များ၏ ခံစစ်နေရာ အများစုအား အာရက္ခတပ်တော်မှ တခုပြီးတခု သိမ်းပိုက်ရရှိထားခဲ့ပြီးဖြစ်သည်ဟု အေအေက ထုတ်ပြန်သည်။
AA က သိမ်းပိုက်ရရှိထားသောနေရာများမှ စစ်ကောင်စီ နှင့် အကြမ်းဖက် မူဆလင်တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊ သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဩဂုတ် (၂၄/၂၅/၂၆) သုံးရက်အတွင်း စစ်ကောင်စီနှင့် အပေါင်းအပါ အလောင်း ၁၀၀ ကျော်ကို ကောင်းမွန်စွာ မြေမြှုပ်ပေးနိုင်သကဲ့သို့ သုံ့ပန်းအချို့ကိုလည်း မောင်တောမြို့တွင်း၊ မြို့ပြင်များမှ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
တပြိုင်နက်တည်းတွင် လက်နက်ကိုင်ပြီး ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံချေမှုန်း လျက်ရှိပြီး ရန်သူ၏ လက်ကျန်ခံစစ်စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသောကြောင့် မောင်တောမြို့၏ အခြားနေရာအချို့ ၌လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု သိရသည်။