
ကျိန္တလီ၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅။
ယနေ့ ပြည်ထောင်စုနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ရခိုင်ပြည်၊ ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့ပေါ်ရပ်ကွက်သို့ စစ်ကောင်စီက တပတ်အတွင်း ၄ ကြိမ်မြောက်အဖြစ် လေကြောင်းဗုံးကြဲခဲ့ရာ အမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးနှင့် ကွမ်းသီးစိုက်ခင်းတို့ ပျက်စီးခဲ့ကြောင်း မြေပြင်နှင့် အဆက်အသွယ်ရရှိသည့် ဒေသခံများထံမှ သတင်းရရှိသည်။

ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်၊ အနောက်ပိုင်းလမ်းကို စစ်ကောင်စီက လေကြောင်းဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်းမှ အသက် ၄၀ကျော်အရွယ် ကိုချစ်ကြီး လက်ပြင်၊ ကျောကုန်းနှင့် ဦးခေါင်းနောက်စေ့ ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။
ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များမှာ ကိုမင်းခန့်စံနေအိမ်နှင့် ဘေးကပ်လျှက် ၂အိမ်တို့ ဖြစ်ကြောင်း သိရသည်။

ယနေ့ဖြစ်စဉ်သည် ကျိန္တလီမြို့နယ်သို့ ၂ပတ်အတွင်း စစ်ကောင်စီ၏ ၄ကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး၊ ယခုလ ၁၀ရက်နေ့က ဘဝင်ကျေးရွာမှ အမျိုးသမီးတဦး တင်ပါးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။ ထို့ပြင် ယခုလ ၈ရက် မွန်းလွဲပိုင်းတွင် ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်သို့ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဘိုတဲအဆောက်အအုံတလုံး ပျက်စီးဆုံးရှုံးကာ အမျိုးသား ၁ဦးသေဆုံးပြီး၊ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ ယခုလ ၄ရက် ညနေပိုင်းက ကံ့ကော်တောင် (ကွက်သစ်)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းနှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးခဲ့သေးသည်။
Nas- နိုင်ငံတလွှား လေကြောင်းကင်းထောက်အဖွဲ့၏ မှတ်တမ်းများအရ စစ်ကောင်စီလေတပ်သည် ပုသိမ်လေယာဉ်ကွင်းကို ၂၀၂၄ခု၊ သြဂုတ်လဆန်းပိုင်းကတည်းက စတင်အသုံးပြုကာ ရခိုင်ပြည်ဘက်သို့ ကြိမ်ဖန်များစွာ ပျံသန်းခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့သည် ရခိုင်ပြည်တောင်ဘက်ခြမ်းဒေသတွင်တည်ရှိပြီး သံတွဲမြို့နှင့် ဂွမြို့ကြားရှိ နယ်နိမိတ်မြို့ဖြစ်သည်။ ကျိန္တလီမြို့နယ်သည် ၂၀၂၄ခုနှစ် ဩဂုတ် ၁၀တွင် စတင်ကာ အောက်တိုဘာ ပထမပတ်အထိ ပြင်းထန်ခဲ့သည့် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် မြို့ဖြစ်သည်။
၂၀၂၄၊ ဩဂုတ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကျိန္တလီ ဘုရားကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ၁၂ဦးထက်မနည်း သေဆုံးခဲ့ဖူးသည်။ ထို့အတူ မှတ်တမ်း မတင်နိုင်သည့် အရပ်သားသေဆုံးမှုများစွာရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ကျိန္တလီပြည်သူ့ဆေးရုံနှင့် ခရစ်ယာန်ဘုရားရှိခိုး ကျောင်း၊ ဘုရား၊ ကျောင်းကန်နှင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ ရသည်။

ကျိန္တလီမြို့နယ်အတွင်း ၂၀၂၄ ဩဂုတ်လကတည်းက တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး မြေပြင်သတင်းအချက်အလက်များ၊ လူထု ထိခိုက်နစ်နာမှုများကို လွတ်လပ်သော သတင်းမီဒီယာများက လက်လှမ်းမီခြင်း၊ မှတ်တမ်းတင်နိုင်ခြင်း မရှိသလောက်နည်းပါးလျှက်ရှိသည်။
စစ်ကောင်စီသည် ကျိန္တလီမြို့နယ်အတွင်းရှိ ချင်းကွင်းကျေးရွာတံတားနှင့် ကျိန္တလီမြစ်ကူးတံတားတို့ကို မိုင်းခွဲဖျက်ဆီးကာ ထွက်ပြေးသွားသည်မှာ ၄လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်တောင်ဘက်ခြမ်းဒေသတွင် ၂ဖက်တိုက်ပွဲများ မရှိတော့ဘဲ စစ်ကောင်စီ၏ စစ်ဥပဒေ ချိုးဖောက်သည့်လုပ်ရပ်ဖြစ်သော လေကြောင်းတိုက်ခိုက်မှုရန်ကို စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?