ဒွါရာဝတီ၊ ဩဂုတ် ၂၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွ-ငသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းပေါ်တွင် စစ်ကောင်စီက လက်နက်ကြီးအထိုင်ချထားပြီး ပစ်ခတ်နေကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတဦးထံမှ သတင်းရရှိသည်။
လွန်ခဲ့သည့် ၄ ရက်ဝန်းကျင်ခန့်ကစတင်ကာ လက်နက်ကြီးတွဲထားသည့် စစ်ကားတစီးကို ဂွ-ငသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်း ၁၂ မိုင်ဝန်းကျင်တွင် တွေ့ရှိခဲ့ပြီး၊ လက်နက်ကြီးစမ်းမည်ဟုဆိုကာ ယာယီလမ်းပိတ်ခဲ့ခြင်း များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပစ်တယ်၊ ဘယ်ကိုပစ်တယ်တော့မသိ၊ နားတောင် မခံနိုင်ဘူး” ဟု ယာယီလမ်းပိတ်ထားစဉ်က ကြုံတွေ့ခဲ့ရသူ တဦးက ဒွါရာဝတီသို့ပြောသည်။
အဆိုပါ လက်နက်ကြီးသည် ၁၂ လုံးတွဲ မစ်ဇိုင်းလက်နက်ကြီးများဖြစ်ပြီး ကုန်ကားကဲ့သို့ အရွယ်အစားရှိသည့် စစ်ကားတစီး၏ကားနောက်တွင် အတွဲလိုက် တပ်ဆင်ထားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“ပစ်တဲ့ကျည်ဆံကို ကားနောက်မှာ ထောင်ထားတာ ခါးလယ်လောက်ရှည်တယ်၊ လမ်းဘေးက ကျောက်တိုင်လုံး လောက်ရှိတယ်” ဟု အမည်မဖော်လိုသည့် အဆိုပါ ခရီးသွားက ပြောသည်။
၎င်းပြောကြားသည့် ကျောက်တိုင်လုံးဆိုသည်မှာ ကွန်ကရစ်မီးတိုင်အရွယ်အစားရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
အဆိုပါ လက်နက်ကြီးအထိုင်ချထားသည့်နေရာသည် ဂွမြို့မှ ၁၂ မိုင်အကွာအဝေး ရခိုင်ရိုးမပေါ်၌ဖြစ်ပြီး စစ်ကောင်စီသည် ရခိုင်ပြည်မှ တဖြည်းဖြည်းခြင်းဆုတ်ခွာကာ အထိုင်ချတပ်စွဲပြီး ခံစစ်ပြင်နေသည့်အခြေအနေ ဖြစ်သည်။
စစ်ကောင်စီသည် ဂွမြို့နယ်၊ အလယ်ရွာကျေးရွာရှိ ခမရ ၅၆၃ တွင် လက်နက်ကြီးနှင့် တင့်ကားများ ထပ်တိုး အင်အားဖြည့်ထားပြီး၊ ပြီးခဲ့သည့် ၁၇၊ ၁၈ ရက်များတွင် ဂွမြို့၏ မြောက်ဘက်(ကျိန္တလီမြို့ဘက်)သို့ ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ကောင်စီတပ်သည် ဩဂုတ်လ တတိယပတ်အတွင်း ဧရာဝတီတိုင်းဘက်မှ လက်နက်အင်အား၊ လူအင်အား များကို ရခိုင်ပြည်ဘက်သို့ ဆက်တိုက်ဖြည့်တင်းနေခြင်းဖြစ်သည်။
ဒွါရာဝတီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်ခံရရှိထားသည့် ဓာတ်ပုံများအရ ခလရ ၅၆၃ တပ်ရင်းအတွင်း မစ်ဇိုင်းဒုံးတင် စစ်ကားများ အထိုင်ချထားသည်ကို တွေ့ရသည်။
ဂွမြို့မြောက်ဘက် မိုင် ၄၀ အကွာတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုလ ၁၀ ရက်က စတင်ကာ ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဂွမြို့ဒေသခံအများအပြား စစ်ဘေးမှ တိမ်းရှောင်လျှက် ရှိကြသလို၊ ကျေးရွာများမှ စစ်ဘေးရှောင်လာသူအများအပြားလည်း ဂွမြို့ကို ဖြတ်ကျော်ကာ ဧရာဝတီတိုင်း ဘက်သို့ ထွက်ခွာခြင်း၊ ဘေးလွတ်နိုင်သည်ဟု ၎င်းတို့ယူဆသည့် ရွာငယ်များသို့ တိမ်းရှောင်ခြင်းများ ပြုလုပ် လျှက်ရှိကြသည်။