BattleNews

တောင်ကုတ်မြို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ကာ မြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး

တောင်ကုတ်၊ ဩဂုတ် ၄၊ ၂၀၂၄။

တောင်ကုတ်မြို့တွင် ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးစခန်းများက တိုက်ပွဲမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ၊ မြို့တွင်းတွင် စစ်ကားဖြင့် ကင်းလှည့်ခြင်း၊ မြို့အနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်းများ ပြုလုပ်နေသောကြောင့် စိုးရိမ်စိတ်များဖြစ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

တောင်ကုတ်မြို့အနောက်ဘက် မြို့နှင့်တဆက်တစပ်တည်းရှိသည့် ဝဲကြီး၊ ဝက်ကျိတ်၊ မှိုဟင်းတောကျေးရွာများနှင့် ရွှေလင်းယုန်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်း ထိုးနေကြောင်း တောင်ကုတ်ဒေသခံတစ်ဦးကပြောသည်။

“စကခ၅ တပ်မထဲက စစ်အင်အား ၁၀၀ ကျော်တယ် စစ်ကြောင်းထိုးနေတာ၊ သူတို့ စစ်ကြောင်းကို မကြည့်ရဘူးလို့ ပြောတယ်၊ ဝဲကြီးအုပ်စုက ရွာတွေမှာ အိမ်တံခါးပိတ်ခိုင်းတယ်လို့ ကြားတယ်” ဟု ကျေးရွာများနှင့် အဆက်အသွယ်ရသည့် ဒေသခံတစ်ဦးက ဒွါရာဝတီသို့ ပြောသည်။

တောင်ကုတ်မြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက လက်နက်ကြီးပစ်သံ ၉ ချက်ခန့် ကြားရပြီး ထပ်မံ၍ မပစ်တော့ကြောင်း၊ တိုက်ပွဲတစုံတရာမရှိသော်လည်း ယင်းသို့ ပစ်ခတ်ခြင်း၊ မြို့တွင်း ကင်းလှည့်နေခြင်းများကြောင့် ထိတ်လန့်နေကြရကြောင်း မြို့ပေါ်တွင် ကျန်ရှိနေသည့် ဒေသခံများက ပြောသည်။

“တောင်ကုတ်မြို့ စကစ ၅ တပ်မထဲ ၂ချက်၊ တက္ကသိုလ်ရှေ့ ဦးထွန်းလှိုင်တောင် လက်နက်ကြီး စခန်းက ၂ချက် ဘာကိုပစ်လဲ မသိ၊ ပစ်တော့ပစ်တယ်၊ လူနေရပ်ကွက်နဲ့တော့ လွတ်တယ်” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ပြောသည်။

ဝါတွင်းကာလ ဥပုသ်သီတင်းဆောက်တည်နေသည့် အမျိုးသမီးတစ်ဦးက “ကျောင်းမှာ ဥပုသ်သွားစောင့်တာ လက်နက်ကြီးသံကြားလို့ အိမ်လည်းမပြန်ရဲသေး၊ မနက်က ကိုးနာရီခွဲလောက်က စပစ်တာ”ဟု ယနေ့နေ့လည်က ပြောသည်။

တောင်ကုတ်မြို့ပေါ်တွင် ယနေ့ နံနက် ၇ နာရီခန့်နှင့် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မြို့တွင်းသို့ စစ်ကားများဖြင့် ရဲ၊ သက်ကြီးစစ်သားများနှင့် ဘင်္ဂါလီစစ်သားတဦးတို့ ပါဝင်သည့် အင်အား ၅၀ ခန့် ကင်းလှည့်နေသည် ကို တွေ့ရကြောင်း ဒေသခံလူငယ်တစ်ဦးက ပြောသည်။

မြို့ခံအများစုမှာ အစောပိုင်းကတည်းက စစ်ဘေးရှောင်သွားကြပြီး၊ စစ်ကောင်စီတပ်များက စစ်ရှောင်နိုင်မည့်လမ်းများပိတ်ဆို့ထားခြင်း၊ သံတွဲမြို့ဘက်တွင်လည်း တိုက်များဖြစ်ပွားနေခြင်း၊ ငွေကြေးခက်ခဲခြင်းများကြောင့် တောင်ကုတ်မြို့နှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံများမှာ စစ်ရှောင်ရန် မထွက်ခွာနိုင်ကြသေးကြောင်း ဒေသခံများထံမှ သိရသည်။

လွန်ခဲ့သည့် ဇွန် ၁၅ ရက်ကလည်း စစ်ကောင်စီတပ်က ထောက်ပို့နှင့် တိုက်ခိုက်ရေးပူးတွဲသုံး Y12 အမျိုးအစား တိုက်လေယာဉ်များဖြင့် တိုက်ပွဲမရှိဘဲ တောင်ကုတ်မြို့ပြင်ဧရိယာများသို့ ပစ်ခတ်ခဲ့ ပြီးနောက် ဇွန် ၁၆ တွင် အာရက္ခတပ်တော်(အေအေ)နှင့် ၎င်းတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ဖူးသည့် အဖြစ်အပျက်တွေ့ကြုံခဲ့ဖူးသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သားအချို့သေဆုံးခဲ့သည်။

ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က တောင်ကုတ်တက္ကသိုလ် ဝန်ထမ်းအိမ်ယာသို့ လက်နက် ကြီးဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် အဆင့်မြင့်ပညာရေးဝန်ထမ်းတဦး၏ ကားတစီး ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်ကလည်း စစ်ကောင်စီသည် တောင်ကုတ်မြို့နယ်၊ ကုလားရောင် ကျွန်း အနီးရှိ လေးတောင်ဗွေကျွန်းကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် စက်သေနတ်များဖြင့်ပါ ပစ်ခတ်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button