
သံတွဲ၊ ၇၊ ဇူလိုင်၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့လယ်ကောင်ရှိ သံတွဲအကျဉ်းထောင်တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းမှ စတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်းသံတွဲဒေသခံများထံမှ သတင်းရရှိသည်။
“ညနေ ၆နာရီလောက်က စပစ်တယ်၊ လက်နက်ကြီးအသံက ၄ ချက်လောက်ပစ်တယ်၊ အသံဟာ နားစည် ကွဲပြီလို့ ထင်လိုက်တယ်၊ အခု သေနတ်သံဟာ ဆက်တိုက်ပဲ၊ အခုလက်နက်ကြီးထပ်ပစ်ပြန်ပြီ၊ ဒါပဲနော” ဟု သံတွဲမြို့ပေါ်ရပ်ကွက်နေ ဒေသခံတဦးက ယခုသတင်းရေးသားနေချိန်တွင် ဒွါရာဝတီသို့ ပြောသည်။
အလားတူ ယနေ့ညနေပိုင်းတွင် စစ်ကောင်စီလေတပ်က ငပလီကမ်းခြေမြို့ရှောင်လမ်းတဝိုက်ဟု ခန့်မှန်းရသည့် အရပ်သို့ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်သံကို ကြားနေရကြောင်း၊ ယခုကဲ့သို့ မြို့လယ်ကောင်မှ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စစ်ဘေးမရှောင်ဘဲ ကျန်ရှိနေဆဲ ဒေသခံများ စိုးရိမ်လျှက်ရှိကြောင်း သံတွဲဒေသခံ တဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း သံတွဲမြို့ဈေးတန်းဓာတ်ပုံများတင်ကာ သံတွဲမြို့အခြေအနေပုံမှန်ဖြစ်နေသည်ဟုဆို ခြင်းများကြောင့် အချို့သောမြို့ခံများသည် သံတွဲမြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများရှိပြီး ၎င်းတို့ သည် မြို့တွင်းသို့ အဝင်သာရပြီး ပြန်ထွက်ခွင့်မပြုကြောင်း သိရသည်။
“စစ်တပ်က မြို့ခံတွေကို လူသားဒိုင်းလုပ်ချင်နေတာ၊ စစ်တပ်ထောက်ခံတဲ့ကောင်တွေက မြို့က အေးဆေး ဖြစ်နေပြီဆိုတာမျိုး ဝါဒတွေ ဝိုင်းဖြန့်တော့ တချို့က နားယောင်ပြီး ပြန်လာကြတယ်၊ အခုတော်တော်များ ပိတ်မိနေကြပြီ” ဟု သံတွဲမြို့ခံများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဇွန်လအတွင်း သံတွဲအကျဉ်းထောင်အတွင်း အထိုင်ချထားပြီး၊ လက်နက်ကြီးကို လွန်ခဲ့ သည့် ၃ ရက်ခန့်က စတင်တပ်ဆင်ထားခြင်းဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
“ထောင်ထဲမှာ တပ်မ ၂၂ နဲ့ ၃၃ ရှိတယ်၊ ဗျူဟာမှူးတွေနဲ့ ဒဏ်ရာရတဲ့ စစ်သားတွေရှိတယ်၊ ထောင်နား အနီးတဝိုက်မှာ စီစီတီဗီတွေ အပြည့်တပ်ထားတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ရက်ပိုင်းက သံတွဲစာတိုက်အနီးတွင်လည်းကောင်း၊ အကျဉ်းထောင်နောက်ကျောရှိ ထောင်ဝန်ထမ်းအိမ်ယာတွင်လည်းကောင်း ဝင်ရောက်နေထိုင်လျှက် ရှိသည်ကို တွေ့ရကြောင်း၊ သံတွဲအကျဉ်းထောင်ကို ခံတပ်သဖွယ်သဘောထားကာ အကာအကွယ်ယူ ထားပြီး ယခုကဲ့သို့ မြို့လယ်ကောင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော်(အေအေ)၏ အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ခံနေရပြီး၊ ဇွန်လအတွင်းက ၎င်းတို့၏ စစ်ရေးပြင်ဆင်မှုအတွက် အချက်အချာကျသည့် မဇင်လေဆိပ်ကို လည်းကောင်း၊ ခမရ ၅၆၆ တပ်ရင်းကိုလည်းကောင်း လောလောလတ်လတ်ဆုံးရှုံးထားရသည်။
ပုံစာ- စစ်ကောင်စီအထိုင်ချနေသည့် သံတွဲထောင်။