BattleNews

ကျိန္တလီမြို့နှင့် ကုလားပြင်တွင် သေနတ်ပစ်ခတ်သံများကြားရပြီး ဒေသခံများ ထိတ်လန့်နေ

ကျိန္တလီ၊ ဩဂုတ် ၄၊ ၂၀၂၄။

ကျိန္တလီမြို့နှင့် ကုလားပြင်ကျေးရွာ(ရတနာမြိုင်)အနီး၌ ဩဂုတ် ၃ ရက် ည ၁၁ နာရီကျော်ခန့်က သေနတ်ပစ်ခတ် သံများကြား ရသဖြင့် ဒေသခံများ ထိတ်လန့်နေကြသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်ဘဲ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များက ခြောက်လန့်သည့်သဘော မျိုးဖြင့် ပစ်ခတ်နေခြင်းဖြစ်နိုင်သည်ဟု ကျိန္တလီမြို့ခံတစ်ဦးက ပြောသည်။

ကုလားပြင်ကျေးရွာခံတစ်ဦးကလည်း “တီဗီကြည့်နေတော့ သေချာ မကြားလိုက်ဘူး။ တခြားသူတွေပြောမှ သိတာ၊ ၄ ချက်၊ ၅ ချက်လောက်ပစ်သံကြားလိုက်ရတယ်တဲ့။ ဘာလို့ပစ်လဲတော့ မသိဘူး” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကျေးရွာအနီးဝန်းကျင်မှာ ပစ်ခတ်သံများ ကြားခဲ့ရသေးသည်ဟု ဆိုသည်။

ကုလားပြင်ကျေးရွာ(ရတနာမြိုင်)၌ လွန်ခဲ့သည့် တစ်ပတ်ခန့်က ည ၇ နာရီအချိန်နောက်ပိုင်း အပြင်မထွက်ကြရန် လိုက်လံသတိပေးကြေညာထားသည်ဟုလည်း သူက ဆက်ပြောသည်။

ကုလားပြင်ကျေးရွာတွင် ယင်းကဲ့သို့ ပစ်ခတ်သံများကြားပြီးသည့်နောက် အဆိုပါကျေးရွာနှင့် မိုင် ၇ မိုင်ကျော်ဝေး သည့် ကျိန္တလီမြို့၌လည်း သေနတ်ပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု မြို့ခံတစ်ဦးနှင့်နီးစပ်သူက ဒွါရာဝတီသို့ ပြောပြသည်။

“အချက် ၅၀ ကျော်တယ်၊ အခုပစ်နေတုန်း၊ တပ်လန့်တဲ့သဘောဖြစ်မယ်” ဟု ကျိန္တလီမြို့ခံတစ်ဦးက ဩဂုတ်လ ၃ ရက် ည ၁၁ နာရီခွဲကျော်အချိန်၌ ဒွါရာဝတီသတင်းဌာနသို့ ဆက်သွယ် ပြောကြားသည်။

စစ်ကောင်စီ၏ လက်အောက်ခံတပ်များသည် ကျိန္တလီမြို့တွင်လည်းကောင်း၊ ကုလားပြင်တံတားထိပ်တွင် လည်းကောင်း၊ ဆပ်သွားတွင်လည်းကောင်း၊ ဂွမြို့၌ လည်းကောင်း အခိုင်အမာတပ်စွဲထားသည်ဟု သိရသည်။

ဂွမြို့၌လည်း ယခုရက် ညပိုင်းအချိန်များ၌ စစ်ကောင်စီ၏ လေယာဉ်တစ်စီးပျံသန်းလျက်ရှိသည်ဟု သိရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button