CrimeNews

သံတွဲတိုက်ပွဲအတွင်း အဆက်အသွယ်ပြတ်နေသူများ၏ မိသားစုဝင်များအား တယ်လီဖုန်းဖြင့် ခြိမ်းခြောက်ငွေညှစ်မှု ဆက်တိုက်ဖြစ်ပွားနေ

သံတွဲ၊ ဩဂုတ် ၁၊ ၂၀၂၄။

စစ်တပ်က ဖမ်းဆီးထောင်ချခြင်းခံထားရသည့် မိသားစုဝင်တဦးနှင့် သံတွဲတိုက်ပွဲ ပြင်းထန်ပြီးနောက်အဆက်အသွယ်ပြတ်တောက်နေ၍ တွေ့ရှိပါက ဆက်သွယ်နိုင်ရန် လူမှုကွန်ရက်တွင် အကူအညီ တောင်းခဲ့ရာ အမည်မသိသူများက တယ်လီဖုန်းနှင့်ဆက်သွယ်ကာ ငွေညှစ်ခြိမ်းခြောက်ခြင်းများ ကြုံနေရကြောင်း သိရသည်။

“ည ၂နာရီခွဲလောက်ကြီး ဖုန်းဆက်လာတယ်၊ စစ်တပ်ကလို့ ပြောတယ်၊ နင့်ယောကျာ်းကို ငါတို့ ဖမ်းထားတယ်၊ ရွေးမလား၊ အခုရွေးမယ်ဆို မီသေးတယ်၊ မနက်ဖြန် အသက်ကို အာမ မခံဘူးတဲ့” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တဦးက ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီကြား ဇူလိုင် ဒုတိယပတ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် အကျဉ်းထောင်အတွင်း ပိတ်မိကျန်ခဲ့သည့် အကျဉ်းသားများ အသက်ဘေးက လွတ်မြောက်ခြင်းရှိ၊ မရှိ စိုးရိမ်ပူပင်နေသည့် မိသားစုဝင်တဦးက လူမှုကွန်ရက်မှတဆင့် အကူအညီတောင်းခံခဲ့ရာ ဆက်သွယ်ရန် ဖော်ပြထားသည့် ဖုန်းနံပတ်မှတဆင့် ယခုကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။

“ဘာအလုပ်လုပ်လဲ၊ ရွေးနိုင်လားတဲ့၊ ကျမလည်း ပူထူပြီး ရွေးဖို့ကို ပိုက်ဆံ ကျိတ်ရှာနေတာ၊ နောက် သူတို့က နင့်ယောက်ျား ဘာအလုပ်လုပ်လဲလို့ မေးတော့မှ လိမ်တာမှန်းသိသွားတာ” ဟု အထက်ပါ အမျိုးသမီးကပြောသည်။

ယခုလိမ်လည်သူသည် ၎င်းတို့တွင် အဖွဲ့ဝင် ၅ဦးရှိပြီး တဦးလျှင် ကျပ် သိန်း ၃၀နှုန်းဖြင့် ကျပ် သိန်း ၁၅၀ ပေးရန် ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ လိမ်လည်သူများသည် သံတွဲမြို့ပေါ်တွင် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်ကာ မိသားစုဝင်များကြား အဆက်အသွယ်ပြတ်တောက်နေသည်ကို အခွင့်ကောင်းယူကာ စိတ်သောကရောက်နေသည့် မိသားစုဝင်များကို ပစ်မှတ်ထား ဆက်တိုက်လိမ်လည်နေခြင်းဖြစ်သည်။

အလားတူ ၎င်းတို့ဆက်သွယ်လိမ်လည်သည့် ဖုန်းနံပတ်များကို ဒွါရာဝတီသို့ ပေးပို့လာ၍ ပြီးခဲ့သည့် ရက်ပိုင်းက သတင်းအဖြစ်ထည့်သွင်းဖော်ပြခဲ့ရာ အဆိုပါ ဖုန်းနံပတ်များအနက် တလုံးမှာ လွန်ခဲ့သည့် ၃နှစ်ဝန်းကျင်ကတည်းက သုံးစွဲနေသူတဦး၏ နံပတ်ကို ပွားသုံးထားသည်ဟု သံသယဖြစ်ဖွယ် ကြုံတွေ့ခဲ့ရသည်။


“ဖုန်းရုံးကတော့ ပွားသုံးတာလုပ်လို့မရဘူးလို့တော့ ပြောတယ်၊ ကျနော်က လွန်ခဲ့တဲ့ ၃နှစ်လောက်က ဆိုင်ကနေ မှတ်ပုံတင်ပြီးသားကို ဝယ်ထားတာဆိုတော့ အခု အော်ရီဂျင်နယ်ကဒ်နဲ့ လဲချင် လဲသွားဆိုလို့ လဲဖို့ လျှောက်ခဲ့ပြီ၊ ၃၀၀၀ ကျပ်ပဲ ပေးရတယ်” ဟု လိမ်လည်သူသုံးစွဲခဲ့သည့် ဖုန်းနံပတ်တူ ကိုင်ထားသူ က ဒွါရာဝတီသို့ ဆက်သွယ်အသိပေးခဲ့သည်။

ယခုသတင်းနှင့်အတူ ဖော်ပြထားသည့် အသံဖိုင်မှာ စစ်တပ်ကဟုဆိုကာ ခြိမ်းခြောက်ငွေညှစ်သူတဦး၏ အသံဖိုင်ဖြစ်သည်။

ဒွါရာဝတီက လေ့လာချက်အရ ယခုအသံဖိုင်တွင် ပြောဆိုထားသူ၏ လေသံသည် လွန်ခဲ့သည့် လအနည်းငယ်က အမျိုးသမီးတဦးအား ခြိမ်းခြောက်ငွေညှစ်ခဲ့သည်ဟု အွန်လိုင်းပေါ်တွင် ပြန့်နှံ့ခဲ့သည့် အသံဖိုင်မှ လေသံနှင့် တူညီနေသည်ကို တွေ့ရှိရသည်။

အဆိုပါ ခြိမ်းခြောက်ငွေညှစ်မှုတွင် နိုင်ငံခြားမှ မိသားစုဝင်တယောက်က ပို့ပေးလိုက်သည့် ဟန်းဆက်အား အကောက်အခွန်မဲ့ပစ္စည်းအဖြစ် သိမ်းဆည်းထားသည့်အတွက် ဒါဏ်ငွေလာဆောင်ရန် ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လိမ်လည်သူသည် ချက်ချင်း စစ်တပ်လွှတ်၍ ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ခြင်း၊ ညစ်ညမ်းစွာ ဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button