တောင်ကုတ်၊ စက်တင်ဘာ ၁၊ ၂၀၂၄။
ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီး ကျေးရွာများသို့ ဩဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်နှင့် ည ၇ နာရီကျော် အချိန်ခန့်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်ဗုံးကြဲမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
မွန်းလွဲ ၁ နာရီခန့်တွင် ၅၄၄ တပ်မှ လက်နက်ကြီး ၄ ကြိမ် ပစ်ခတ်သံကြားရပြီး၊ ဝေဟင်မှ ဗုံးတလုံး ကြဲချခဲ့ရာ ဒရုန်းဟု ယူဆရကြောင်း အသက် ၅၀ ဝန်းကျင်ခန့် ဒေသခံတဦးက ပြောသည်။
“ဒီနေ့ ၁ နာရီ ကျော် ၂ နာရီလောက်မှာ စကြားရတယ်၊ ပထမဆုံး လေယာဉ်က ချပစ်ခယာ ၁ လုံး၊ အဲနောက် အမြှောက်လေးကြိမ် ပစ်ယာ၊ ညဘက် ၇ နာရီကျော်ကျော်လောက်ဟိဖို့ ယင်းခါ တောင်ကုတ်မြို့ရဲ့ တောင်ဘက် ကို တလုံး မြောက်ဘက်ကိုတလုံး ချပစ်ခယာ” ဟု တောင်ကုတ်ဒေသခံတဦးက ည ၈ နာရီခန့်တွင် ဖြေကြား သည်။
ဒေသခံအမျိုးသမီးတဦးကလည်း “ခုညကြဲတာက ပထမ နှစ်လုံး၊ မိနစ် ၂၀ လောက်ပဲကြာတယ်၊ နောက်ထပ် တလုံး သုံးလုံးကြဲတာ၊ ဒရုန်းအကြီးထင်တယ်၊ အိမ်ပါတုန်တယ်၊ ဗုံးကြဲမသေဘဲ နှလုံးရောဂါရသေမယ်၊ အသံကြောင့် ခြေကုန်လက်ပန်းကျပြီး ဒူးတွေပါ ခွေကျတာလေ” ဟု ပြောသည်။
လူမှုကွန်ယက်စာမျက်နှာတခုတွင် “ခရိုင်ကျွန်းက တဦး ဒဏ်ရာရသူရှိတယ်ကြားတယ်၊ ခရိုင်ကျွန်းက စာသင်ကျောင်းကို တလုံး၊ ရွာလယ်နားက ဘုန်းကြီးကျောင်းနားကို တလုံး၊ ခရိုင်ရွာပတ်ဝန်းကျင်နားကို တလုံး” ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။
စစ်ကောင်စီတပ်က ဗုံးခိုကျင်းများ တူးခြင်းကို စစ်ပွဲများ မစတင်မီကပင် တားမြစ်ပိတ်ပင်ထားခဲ့ရာ လေယာဉ် ဗုံးကြဲမှုများကြောင့် ဒေသခံများ နီးစပ်ရာ ကျည်ကွယ်မျက်ကွယ်ဟု မှန်းဆရသော နေရာများကို စုပေါင်း ခိုလှုံနေကြရသောကြောင့် ဒေသခံများ ပိုမိုထိတ်လန့်နေကြရသည်ဟို ပြောသည်။
ဩဂုတ် ၂၇ ရက် ညတွင် တောင်ကုတ်မြို့ တောင်ဘက်၊ တရဂူကျေးရွာ၏ အနောက်ဘက် တောတန်းဘက်သို့ လေယာဉ်ဗုံးကြဲမှုများရှိခဲ့ပြီး ထိခိုက်မှု မရှိဟု ယူဆကြောင်း ဒေသခံများက ပြောသည်။
အာရက္ခတပ်တော်ရှိမည်ထင်သည့် နေရာများကို ခန့်မှန်းကာ လက်နက်ကြီးပစ်ခြင်း လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်သည်ဟု ယူဆသော်လည်း မြို့နှင့်အသံများ ပိုမိုနီးကပ်လာ၍ ထိတ်လန့်နေကြရကြောင်း မြို့ပေါ်ရပ်ကွက်တခုမှ ဒေသခံတဦးက ပြောသည်။
တိုက်ပွဲများမရှိဘဲ စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် တောင်ကုတ်မြို့တွင် အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများ ရှိနေသည်။
ပုံစာ- စစ်ကောင်စီ၏ ဗုံးကြဲလေယာဉ်နှင့် ဇွန်လတတိယပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် ပျက်စီးခဲ့ရသည့် ပန်းတင်းတိုက်နယ်မှ လူနေအိမ်တလုံး။
#ရခိုင် #တောင်ကုတ် #လေကြောင်း #ဗုံးကြဲ