BattleNews

စစ်ကောင်စီရေတပ်၏ ပစ်ခတ်မှုကြောင့် အဘဲရွာက စစ်ရှောင် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ

သံတွဲ၊ ဇူလိုင် ၁၉၊ ၂၀၂၄။

သံတွဲစစ်ဇုန်အတွင်းမှ တိမ်းရှောင်လာသည့်စစ်ဘေးရှောင်များ ယာယီခိုလှုံနေသော ကျေးရွာများအနက် သံတွဲမြို့တောင်ဘက် မဲနယ်ကွင်းကျေးရွာနှင့် အဘဲကျေးရွာများသို့ စစ်ကောင်စီရေတပ်က လက်နက်ကြီး ဖြင့် ပစ်ခတ်ခဲ့ပြီး၊ အဘဲကျေးရွာတွင် အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သည့် ဒေသခံ တဦးထံမှ သတင်းရရှိသည်။

“အဘဲမှာ လက်နက်ကြီးထိလို့သေတာက အဘဲရွာခံတယောက်နဲ့ ဂျိတ္တော ဦးမြင့်နိုင်လမ်းမှာနေတဲ့ ကုန်ခြောက် ရောင်းတဲ့အမျိုးသမီးလို့သိရပါတယ်၊ အခုညနေ မြေမြှုပ်ဖို့လုပ်နေတယ်လို့ ရွာနဲ့ အဆက်အသွယ် ရတယ်”ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

အလားတူ စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး ဗုံးဆံထိမှန်ကာ အဘဲတွင်ပင် စစ်ရှောင်နေသည့် ဂျိတ္တော ဦးမြင့်နိုင်လမ်းမှ ကလေးငယ်တဦးလည်း လက်နှင့်ခြေထောက်များတွင် ဒါဏ်ရာရရှိကာ အနာရှိန်ကြောင့် အဖျားတက်နေသည်ဟု သတင်းရရှိကြောင်း သူက ပြောသည်။

ထို့ပြင် သံတွဲမြို့တောင်ဘက် ၈မိုင်ဝန်းကျင်အကွာရှိ မဲနယ်ကွင်းကျေးရွာဘုန်းတော်ကြီးကျောင်းကိုလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို မသိရသေးကြောင်း သံတွဲမြို့မှ စစ်ရှောင်ပြည်သူတဦးထံမှ သိရသည်။

“ကျမတို့ မဲနယ်ကွင်း နားကဖြတ်သွားပြီး သိပ်မကြာခင် လက်နက်ကြီးကျတာပဲ၊ ကျမတို့လည်း ကုသိုလ်ကံက ဒီလောက်တောင်ကောင်းနေသေးတာလား၊ အိပ်မက်လားတောင် မပြောတတ်တော့ဘူး၊ လက်နက်ကြီးဘေးကနေ သီသီလေးတွေ လွတ်နေတယ်”ဟု သူက ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည့်သံတွဲမြို့၏ တောင်ဘက် သံတွဲ-ဂွလမ်းတလျှောက်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးသားချင်းတို့၏အိမ်များတွင် အသီးသီးစစ်ဘေးရှောင်နေကြရသည့် ပြည်သူ ရာပေါင်းများစွာရှိနေကြရာ ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ဒုတိယအကြိမ်ဖြစ်သည်။

တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် မေလလယ်က အရပ်သား ၁၀ဦးသေဆုံးခဲ့ရသလို ဆုံးရှုံးခဲ့ရသည့် နေအိမ်များအနက် တလုံး။

ပထမအကြိမ်မှာ ဇူလိုင် ၁၁ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နှင့် ၄မိုင်ခန့်အကွာ သံတွဲ-ဂွလမ်းမပေါ်ရှိပဒဲကောကျေးရွာမှ အရပ်သားအမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးခဲ့ဖူးသည်။

ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းများတွင် စစ်ကောင်စီရေတပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေပြီး၊ ကျရောက်ပေါက်ကွဲသံများလည်းကြားနေရကြောင်း၊ တိုက်ပွဲများဖြစ်ပွားနေသည့် ငပလီကမ်းခြေ၊ လင်းသာရပ်ကွက်ဝန်းကျင်အနီးတဝိုက်သို့ တနေကုန်ပစ်ခတ်နေကြောင်း ဒေသခံတဦးထံမှ သတင်းရရှိသည်။

တိုက်ပွဲများ စတင်ခဲ့သည့် ဧပြီလလယ်မှစတင်ကာ ယခုဇူလိုင်လအထိ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှု၊ လက်နက်ငယ်ဖြင့် အနီးကပ်ပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုနှင့် မြေမြှုပ်မိုင်းများ လက်လွတ်စပါယ်ထောင်မှုများကြောင့် သေဆုံးရသူအရပ်သား ရာဂဏာန်းဝန်းကျင်ထိ ရှိလာနေပြီဖြစ်သည်။

အလားတူ သာသနိက အဆောက်အအုံများ၊ ဟိုတယ်များ၊ စာသင်ကျောင်းများ၊ လူနေအိမ်များစွာလည်း ပျက်စီးဆုံးရှုံးလျှက်ရှိသည်။

ဓာတ်ပုံ- ဒေသခံများ။

ပုံစာ- (၁) စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဇွန်လအတွင်းက ပျက်စီးဆုံးရှုံးခဲ့ရသည့် ရွှေကျောင်းပြင်ရွာမှ နေအိမ်တလုံး။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button