
သံတွဲ၊ ဇူလိုင် ၂၀၊ ၂၀၂၄။
မနေ့ညနေကစတင်ကာ စစ်ကောင်စီတပ်က သံတွဲမြို့တောင်ဘက် ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းပေါ်ရှိ ကျေးရွာချင်းဆက်တံတားများကို ချိုးဖျက်လိုက်ကြောင်း အမည်မဖော်လိုသည့် ဒေသခံများထံမှ သတင်း ရရှိသည်။
ဇလွန်-သပြုချိုင်ဆိပ်ကမ်း ကားလမ်းမပေါ်ရှိ ဆင်ဒင်ကြီးကျေးရွာနှင့် ဆင်ဒင်လေးကျေးရွာကြားရှိ သာယာကုန်းတံတားနှင့် သရပ်ပင်ကွင်းကျေးရွာရှိ သရက်ပင်ကွင်းတံတားတို့ကို ယမန်နေ့ညနေပိုင်းက မိုင်းခွဲချိုးဖျက်လိုက်ပြီး၊ ယနေ့နံနက်ပိုင်းတွင် ဆင်ဒင်ကြီးရွာအနီးမှ ဝင်ရသည့် အုန်းပင်ဝအမည်ရ ပင်လယ်ကမ်းနားရွာရှိ တံတားကိုလည်း ထပ်မံဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
“အဲ့လမ်းကနေ စစ်ရှောင်ကြရတဲ့ လူတွေ အခု သွားဖို့လာဖို့ ခက်ခဲသွားပြီ၊ ဒီနေ့မနက် ကျမအသိက ရွာမှာကျန်ခဲ့တဲ့ အမျိုးကို ပြန်ခေါ်တာ ပိန်းတောကြီးကနေဖြတ်တာ ဆင်ဒင်လေးကို အဝင်မခံတော့ဘူးလို့ ပြောတယ်”ဟု သံတွဲမြို့ခံ စစ်ရှောင်ပြည်သူတဦးက ဒွါရာဝတီသို့ ပြောသည်။
အဆိုပါလမ်းကြောင်းသည် ငပလီကမ်းခြေတိုက်ပွဲများရှိရာသို့ ၎င်းတို့ စစ်အင်အားဖြည့်တင်းရန် အဆက်မပြတ် အသုံးပြုခဲ့သည့် ကားလမ်းမ တခုလည်းဖြစ်သည်။
သံတွဲမြို့နယ်နှင့် တိုက်ပွဲများပိုမိုနီးကပ်လာခဲ့သည့် ဇွန်လဆန်းမှစတင်ကာ စစ်ဇုန်အတွင်း ကျရောက်နေသည့် ဒေသခံအများစုသည် မြို့ကိုစွန့်ခွာကာ သံတွဲမြို့၏ တောင်ဘက်ခြမ်း သံတွဲ-ဂွလမ်းတလျှောက် ကျေးရွာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးသားချင်းအိမ်များတွင် ခိုလှုံနေကြရသည်။
စစ်ကောင်စီသည် စစ်ရှောင်များ ခိုလှုံနေသည့် ကျေးရွာများအနက် အချို့ဖြစ်သည့် ပဒဲကော၊ မဲနယ်ကွင်းနှင့် အဘဲ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် အရပ်သားသေဆုံးမှုနှုန်း မြင့်တက် လာနေသည်။ ယခုထပ်မံ၍ ပြည်သူများ စစ်ဘေးရှောင်နိုင်မည့် လမ်းကြောင်းပေါ်ရှိ တံတားများကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
ပုံစာ- ဇလွန်-သပြုချိုင်ဆိပ်ကမ်းလမ်းအပိုင်းတနေရာ။