တောင်ကုတ်၊ ၁၇ ဇူလိုင်၊ ၂၀၂၄
စစ်ကောင်စီတပ်၏ လျို့ဝှက်လက်ဖြောင့် တပ်သားအချို့ တောင်ကုတ်မြို့အလယ်ရှိ အထပ်မြင့် အဆောက်အအုံများတွင် နေရာယူနေကြသည်ကို တွေ့ရှိရကြောင်း တောင်ကုတ်မြို့မှ ဒေသခံများက ပြောသည်။
“မြို့နေလူထုအများဆုံးရှိတဲ့ ဈေးကြီးနားက ရွှေဆိုင်အပေါ်ထပ်တွေ၊ အိမ်မြင့်တွေမှာ တွေ့နေရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
တောင်ကုတ်မြို့အလယ် မြို့မဈေးကြီးအနီးရှိ အထပ်မြင့်အဆောက်အဉီများ၊ ဟိုတယ်ခေါင်မိုးများ၊ မြို့နေလူထု အများဆုံး နေထိုင်နေသည့် နေရာများတွင် စနိုက်ပါစစ်သားများကို တွေ့ရှိနေကြရ ခြင်းကြောင့် ဒေသခံများ စိုးရိမ်ပူပင်မှုများရှိနေသည်။
“ချိပ်ပိတ်ထားတဲ့ ဦးထွန်းကြွယ်တိုက်ကိုလည်း လာကြည့်သွားတာ ၄ရက်လောက် ရှိပြီ၊ အခြား အထပ်မြင့် နေရာတွေကိုလည်း ကြည့်နေတယ်” ဟု တောင်ကုတ်မြို့မှ လူငယ်ဒေသခံတစ်ဦးက ဒွါရာဝတီသို့ ပြောသည်။
ဦးထွန်းကြွယ်တိုက်သည် တောင်ကုတ်မြို့နှင့် ကိုင်းရှည် ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် တံတားထိပ်အနီး မီးပွိုင့်ဘေးတွင်တည်ရှိသည့် ၃ထပ်တိုက်ဖြစ်သည်။
ကိုင်းရှည်တံတားတွင် ရဲဂိတ်နှင့် တပ်ဂိတ် ၂ ခုရှိသည့်အတွက် အပေါ်စီးမှ မြင်ရသည့် နေရာတွင် စနိုက်အထိုင်ချနိုင်ခြေရှိကြောင်း ဒေသခံများကြား ခန့်မှန်း ပြောဆိုလျှက်ရှိသည်။
အရပ်သားပြည်သူကို အကာအကွယ်ယူကာ ခံစစ်ပြင်ဆင်နေသည်ကို သိရှိသော်လည်း စစ်ရှောင်ရန် လမ်းများပိတ်ထား၍ အခက်အခဲများကြုံတွေ့နေကြရကြောင်း ဒေသခံတဦးကပြောသည်။
တောင်ကုတ်မြို့ပေါ်တွင် ထပ်မံ၍ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသေး သော်လည်း စစ်ကောင်စီ စခန်းချရာနေရာများနှင့် တောင်ကုတ်မြို့အဝင်တံတားများ၊ ချောင်းနားကမ်းစပ်များ၊ လယ်ကွင်းများတွင် မြေမြှုပ်မိုင်းများထောင်ခြင်းတို့ကို ပြုလုပ်ထားကြောင်း တောင်ကုတ်မြို့စစ်ရေး အခြေအနေကို စောင့်ကြည့် လေ့လာနေသည့် ဒေသခံများကပြောသည်။
သံတွဲမြို့ ၅၆၆ တပ်မှာ စစ်ဆုတ်ခွာခဲ့သည့် အင်အား ၁၀၀ ခန့်ရှိသည့် စစ်သားများက ငပလီ၊ ဇီးဖြူကုန်းရှိ သုံးထပ်တိုက်တွင် စခန်းချတိုက်ခိုက်စဉ်ကလည်း စနိုက်ဘာတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဇွန်လလယ်က တောင်ကုတ်တက္ကသိုလ်အနီးတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအနီးတဝိုက်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများသို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးသည့် ကလေးလူငယ်တဦး၊ ကိုယ်ဝန်ဆောင်မျိုးသမီးတဦးအပါအဝင် အရပ်သား ၅ဦးသေဆုံးခဲ့သည်။
အလားတူ အရပ်သားများ စားဝတ်နေရေးအရ မဖြစ်မနေသွားလာရသည့် တောတောင်များတွင် စစ်ကောင်စီထောင်ထားသော မြေမြှုပ်မိုင်းများကြောင့် အရပ်သား ၃ဦး ခြေထောက်များ ဆုံးရှုံးခဲ့ရသည်။ တောင်ကုတ်မြို့နှင့် မိုင် ၄၀ကျော်အကွာရှိ သံတွဲမြို့တွင် အာရက္ခတပ်တော်က စိုးမိုးထားကာ၊ စစ်ကောင်စီအုပ်ချုပ်မှုယန္တယားများ အဆုံးသပ်သွားပြီဖြစ်သည်။ ငပလီကမ်းခြေမြို့တွင် တိုက်ပွဲလက်ကျန် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ပုံ- ဇွန်လ တတိယပတ်အတွင်းက တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏လေကြောင်းဗုံးကြဲခြင်းကို ခံခဲ့ရသည့် ပန်းတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာမှ ဗုံးထိမှန်ခံသည့် နေအိမ်တလုံး။