
သံတွဲ၊ ဇူလိုင် ၁၄၊ ၂၀၂၄။
ကမ္ဘာကျော် ငပလီကမ်းခြေ၊ လင်းသာဟိုတယ်ဇုန်ရှိ ဟိုတယ်အချို့ကို လက်နက်ကြီး ထိမှန်ကာ ယနေ့မွန်းလွဲပိုင်းမှစတင်ကာ မီးလောင်နေကြောင်း ဒေသခံများထံမှ ယနေ့ညနေပိုင်းက သတင်းရရှိသည်။
“ဘာကြောင့်လောင်တာလဲ အတိအကျ မသိပေမယ့် သိလိုက်တဲ့တယောက်က လေယာဉ်ဗုးကြဲတာလို့ပြောတယ်”ဟု ဂျိတ္တောရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းမှ ညနေစောင်းသည်အထိ မီးလောင်နေသည်ကို မြင်တွေ့ရသည့် နေရာတဝိုက်သည် တွင် Bayview Hotel, Lin Thar Oo Lodge, Memento Resort ၊ Lagoon Lodge, BT Bay, The Lodge Blus Ocean တို့ရှိသည်။

“မြင်ရသလောက်ဆိုရင် လင်းသာဦးနဲ့ မင်မင်တိုနားမှာလောင်နေတာ၊ Bay View ဘက်ထိ မရောက်ဘူး”ဟု မီးလောင်နေသည့်မြင်ကွင်းကို ကိုယ်တိုင်သွားကြည့်ခဲ့သူတဦးက ပြောသည်။
အဆိုပါ မီးလောင်နေသည့် ပတ်ဝန်းကျင်သည် မြပြင်ရပ်ကွက်နှင့် လင်းသာရပ်ကွက် အစပ်ရှိ အများပြည်သူအပန်းဖြေဧရိယာအနီးတွင်ရှိသည်။
“ဒီနေ့တော့ လက်နက်ငယ်သံမကြားရဘူး၊ လက်နက်ကြီးနဲ့အဆက်မပြတ် လှမ်းထုနေ တယ်၊ ရေတပ်ထဲကနေ အမြှောက်နဲ့ထုနေတာ၊ ကျည်အောင်ပါစေ ဆုတောင်းနေရတယ်၊ ဟိုနေ့က မအောင်လို့ လမ်းမှာကျကွဲတယ်”ဟု ဂျိတ္တောဒေသခံတဦးက ဒွါရာဝတီသို့ပြောသည်။
ငပလီကမ်းခြေ၏ တောင်ဘက်အစွန်းရှိ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်းအပိုင်းတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း တို့ကို အဆက်မပြတ်ပြုတ်လုပ်နေခြင်းကြောင့် ဂျိတ္တောဒေသခံလူငယ်တဦး ကျည်ထိမှန် သေဆုံးခဲ့ကာ မိသားစုဝင်များ အလောင်းကောက်ယူခွင့်မရခဲ့ပေ။
အလားတူ လမ်းသွား လမ်းလာ ဒေသခံအချို့ကို စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းများ ရှိနေပြီး၊ အချို့မှာ အသက်ဆုံးရှုံးမှုများ ရှိနေသည်။
နေရာရွှေ့ပြောင်းသွားလာရန် ငွေကြေးလုံးဝမတတ်နိုင်သူများနှင့် နေအိမ်စောင့်ကျန်ခဲ့ကြ သူများမှလွဲလျှင် ၈၀ရာခိုင်နှုန်းသော ဒေသခံများမှာ စစ်ဘေးအန္တရာယ်မှ လွတ်မြောက် ရန်အတွက် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်။