BattleNews

ငပလီကမ်းခြေတိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

သံတွဲ၊ ဇူလိုင် ၁၄၊ ၂၀၂၄။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား ဇူလိုင် ၁၂ရက်မွန်းလွဲကတည်းက ငပလီကမ်းခြေမြို့၊ မြပြင်ရပ်ကွက် မြရတနာကွက်သစ်ရှိ မြရတနာ ဆုတောင်းပြည့် ဘုရားနောက်ဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

“၁၂ရက် နေ့လည် ၁နာရီလောက်မှာ မြရတနာကွက်သစ်က မောင်ဆန်းအောင်နဲ့ မဲညိုလေးအိမ်နားကစပြီး ပစ်ကြခတ်ကြတာ၊ တိုက်နေရင်းနဲ့ စကစဘက်က မြန်မာစကားနားမလည်တဲ့အဖွဲ့နဲ့ မြန်မာစကားတတ်တဲ့အဖွဲ့ ကိုယ့်လူကိုယ် မှားပစ်တာ အလောင်းတောင်မကောက်နိုင်ခဲ့လို့ သိရတယ်”ဟု ဂျိတ္တောရပ်ကွက်မှ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် ရှုံးနိမ့်နေပြီး၊ စခန်းများကို တခုပြီးတခု လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် လေကြောင်းမှ လေယာဉ် ၃စီးကို အသုံးပြု၍ လည်းကောင်း၊ ရေတပ်မှ လက်နက်ကြီးများဖြင့်လည်းကောင်း ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ငပလီကမ်းခြေမြို့နှင့် သံတွဲမြို့ပေါ်ရပ်ကွက်အနှံ့အပြားနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပျက်စီးခဲ့ရသော လူနေအိမ်အချို့

“ဂျိတ္တောကို တလုံးထိပြီး အမှတ် ၂ရပ်ကွက်က ဒေါ်ခိုင်ခိုင်မော်ခြံမှာ အုန်းပင်ပြတ် ထွက်တယ်၊ အိမ်နောက်ဖက်ကို ကာထားတဲ့ သွပ်ပြားတွေ ဇကာပေါက်ဖြစ်တယ်၊ ဒေါ်မေစုအောင်အိမ် တခြမ်းပြိုကျတာ တွေ့ခဲ့ရတယ်”ဟု ဂျိတ္တောဒေသခံ စစ်ရှောင်ပြည်သူတဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် ငပလီကမ်းခြေမြို့၏ တောင်ဘက်အစွန်ဆုံး ရပ်ကွက် တခုဖြစ်သည့် ဂျိတ္တောရပ်ကွက်ရှိ ပုလဲကျောင်းနှင့် ဂျိတ္တောကျောင်းကြီးတွင် လည်းကောင်း၊ မြပြင်ရပ်ကွက် မြတောင်တွင်လည်းကောင်းအသီးသီးတပ်စွဲထားပြီး အချို့ စစ်ကောင်စီတပ်သားများသည် မြန်မာစကားနားမလည်သလို၊ မပြောတတ်ကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ပျက်စီးခဲ့ရသော လူနေအိမ်အချို့

“အမျိုးသမီးတွေတွေ့ရင်ခေါ်တယ်၊ စစ်တယ်၊ ပြန်လွှတ်တယ်၊ အမျိုးသားတွေကိုတော့ လမ်းပြဖို့ခေါ်တယ်၊ လွတ်လာသူလည်း လွတ်တယ်၊ မလွတ်သူလည်း မလွတ်သေးဘူး၊ တချို့စိတ်ကောင်းရှိတဲ့ စစ်သားတွေက မုန့်၊ ဆန်နဲ့ လက်ဖက်ရည်ပေးပြီး ပြန်လွှတ်တယ်၊ အိပ်မက်လှလှမက်ပါစေ ပြောလိုက်တယ်တဲ့၊ တချို့က မထင်ရင်မထင်သလို သေနတ်နဲ့ ပစ်သ-တ်သွားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

ထို့ပြင် အာရက္ခတပ်တော်(အေအေ)ထံတွင် မဇင်လေဆိပ်၊ ခမရ ၅၆၆၊ ခလရ ၅၅နှင့် အဏ္ဏဝါရိပ်သာတို့ကို ဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်များမှ တပ်သားများသည် အေအေထံတွင် လက်နက်နှင့်အလင်းဝင်ခြင်း၊ လက်နက်စွန့်ခွာထွက်ပြေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

“နေ့တိုင်း ထွက်ပြေးလာတဲ့လူတွေ သူအဖွဲ့နဲ့သူ တွေ့ရတယ်၊ တချို့က လက်ဗလာ ခြေဗလာနဲ့၊ တချို့က လက်နက်တွေလွှင့်ပစ်ခဲ့တာမျိုးလုပ်တယ်၊ အဝတ်အစားတွေ တောင်းဝတ်တယ်၊ ထမင်းကို ဆိုင်မှာစားတယ်၊ သူတို့ကိုဖမ်းဖို့ဆိုပြီး စစ်ကြောင်းက ထိုးလာတော့ စစ်ရှောင်နေကြရတဲ့ အရပ်သားတွေကြောက်နေရတယ်”ဟု သံတွဲမြို့မှ စစ်ဘေးရှောင်ပြည်သူတဦးက ပြောသည်။

ငပလီအနီး ပင်လယ်ပြင်တွင် ရပ်နားထားသည့် နေဗီသင်္ဘော။

ငပလီကမ်းခြေတိုက်ပွဲများသည် ဇွန် ၂ရက်နေ့တွင် ငပလီကမ်းခြေ၏ မြောက်ဘက် အကျဆုံး ဂေါ့ရပ်ကွက်တွင် စတင်ဖြစ်ပွားခဲ့ရာမှ ယခု တလခွဲနီးပါး
အကြာတွင် မဇင်လေဆိပ်၊ ခမရ ၅၆၆နှင့် ခလရ ၅၅ တပ်ရင်းများကို ကျော်လွန်ကာ ယခုလက်ရှိတွင် တောင်ဘက်အစွန်ဆုံး ဂျိတ္တောရပ်ကွက်နှင့် မြပြင်ကျေးရွာအစပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အလားတူ စစ်ကောင်စီ၏ ရေတပ်စစ်သင်္ဘော ၃စီးသည်လည်း ငပလီအနီး ပင်လယ်ပြင်တွင် ရပ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ နောက်ဆုံးလက်ကျန် ကွမ်းဝိုင်းရေတပ်သည် ဂျိတ္တောကမ်းမှ မှုန်ပျပျ လှမ်းမြင်နေရသည့် အကွာအဝေးတွင် တည်ရှိသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button