သံတွဲ၊ ၁၃၊ ဇူလိုင် ၊၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေ မြို့၏ တောင်ဘက်စွန်းရပ်ကွက်များဖြစ်သည့် မြပြင်နှင့် ဂျိတ္တောတွင် စစ်ကောင်စီတပ်သားများနှင့် ခိုးဆိုး လုယက်သူအချို့ က လူနေအိမ်များနှင့် ဈေးဆိုင်များကို ဖောက်ထွင်းယူငင်မှုများ အဆက်မပြတ် လုပ်နေကြောင်း ဒေသခံများ ထံမှ သတင်းရရှိသည်။
ဒေသခံများ ဘေးလွတ်ရာသို့ မြို့လုံးကျွတ်နီးပါး တိမ်းရှောင်နေကြသည့်ချိန်တွင် စစ်ကောင်စီ တပ်သား များက ဆိုင်ခန်းများကို ဖောက်ကာ ၎င်းတို့ ယူလိုသည့် ပစ္စည်းများကို ယူကာ ထွက်သွားချိန်တွင် ဒေသတွင်းနေထိုင်သည့် ခိုးဆိုးလုယက်သူများက ကျန်ပစ္စည်းများကို လုယက်ယူငင်ကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“ဟိုနေ့က ဒေါက်တာမြင့်နိုင်လမ်းက ဘဲဥဖုန်းဆိုင်နဲ့ မြပြင်က အေးခိုင် ကုန်စုံဆိုင်ကို စစ်သားတွေက နေ့ခင်းကြောင်တောင် ဖောက်တယ်၊ သူတို့ပြန်ရင် လူတွေက အလုအယက်အကုန်ဝင်ယူတယ်၊ မြပြင်မြို့ရှောင်လမ်းဘက်မှာဆို အိမ်တွေကိုလည်း အကုန်ဖောက်ပြီး မွှေယူတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
အလားတူ ဆန်ပြတ်လပ်မှုကြုံနေရသည့် ဂျိတ္တောရပ်ကွက်တွင် ဆန်ဆိုင်များက ဖောက်ထွင်းခိုးယူ ထားသည့် ဆန်များကို ဒေသတွင်းခိုးဆိုးလုယက်သူများက ပြန်လည်ရောင်းချနေပြီး ဆန်တပြည်လျှင် ကျပ် ၇ထောင်မှ ၈ထောင်အထိ ပေးဝယ်နေရကြောင်း သိရသည်။
“အုန်းဆံကြိုးစက်လမ်း၊ ချမ်းမြေ့ရေခဲဆိုင်ဘေးက အထည်ဆိုင်နဲ့ ဆန်ဆိုင်ကို ဝင်မွှေပြီး ဆန်အိတ်တွေ ခိုးကြတယ်၊ ဈေးထဲက ဆိုင်ခန်းတော်တော်များလည်း ဖောက်ယူကြတယ်၊ မြို့ရှောင်လမ်းက ဆရာလေး လမင်းအိမ်နဲ့ မျက်နှာချင်းဆိုင်အိမ်ကို ကလေးတသိုက်နဲ့တောင်းစားနေရတဲ့ အမျိုးသမီးတယောက်က နေ့ခင်းဘက်ကြီး တက်ယူနေတာ၊ အိမ်မှာ ဘာမှ မရှိတော့ဘူး ”ဟု ဂျိတ္တောရပ်ကွက်မှ တိမ်းရှောင် လာသူတဦးက သူ့မြင်တွေ့ခဲ့ရသည်များကို ဒွါရာဝတီသို့ ပြောသည်။
အလားတူ နောက်ထပ် ဒေသခံတဦးက “ဂျိတ္တောမှာ ငပလီစတိုးဆိုင်ကို နေ့ခင်းဘက်ဝင်ဖောက်ပြီး အရက်တွေဝင်ယူတာ စစ်သားနဲ့တွေ့ပြီး သေနတ်နဲ့ပစ်ခံရတာ သေတဲ့သူရှိတယ်လို့လည်း ကြားတယ်၊ ၂ယောက်မိတယ်လို့လည်း ကြားတယ်၊ ရပ်ကွက်တခုနဲ့တခု အဆက်အသွယ်တွေပြတ်နေတော့ သေချာ သိဖို့ မလွယ်ဖြစ်နေတယ်၊ ပစ်တာကတော့ နောက်ပိုင်း ထပ်ရောက်လာတဲ့စစ်သားတွေ”ဟု ပြောသည်။
အလားတူ သံတွဲမြို့ပေါ်ရပ်ကွက်များနှင့် နန်းချောင်းကျေးရွာတို့တွင်လည်း နေအိမ်ဖောက်ထွင်းခံရမှုများ အဆက်မပြတ်ဖြစ်ပွားနေကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက သံတွဲဒေသခံတဦးက ပြောသည်။
ငပလီကမ်းခြေမြို့ဧရိယာအတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဇွန် ၂ရက်က စတင်ကာ တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဒေသခံများသည် မြို့လုံးကျွတ်နီးပါး အလုံးအရင်း စစ်ဘေးရှောင်နေရသလို၊ ရွှေ့ပြောင်းသွားလာရန် မတတ်နိုင်သူအချို့ ပိတ်မိကျန်ရှိနေသေးကြောင်း သိရသည်။
ဓာတ်ပုံ- စစ်မဖြစ်မီက ငပလီကမ်းခြေမြို့ရှိ ရေလုပ်ငန်းဖွံ့ဖြိုးသည့် ဂျိတ္တောရပ်ကွက် ငါးဖမ်းဇုန်လုပ်ငန်းခွင်တနေရာ။