
ကျိန္တလီ၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၅။
ယနေ့မွန်းလွန် ၁နာရီဝန်းကျင်တွင် ရခိုင်ပြည်၊ ကျိန္တလီမြို့၊ အမှတ်(၁)ရပ်ကွက်သို့ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဘိုတဲအဆောက်အအုံတလုံး ပျက်စီးဆုံးရှုံးကာ အမျိုးသား ၁ဦးသေဆုံးပြီး၊ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်နှင့် အဆက်အသွယ်ရရှိသူတဦးထံမှ သတင်းရရှိသည်။
ထိခိုက်ဒဏ်ရာရရှိသူများက ဒဏ်ရာမပြင်းထန်ကြောင်း သိရပြီး၊ မြေပြင်တွင် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် အသေးစိတ်အချက်အလက်များကို စုံစမ်းမေးမြန်းနိုင်ခြင်း မရှိသေးပေ။
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်တောင်ဘက်ခြမ်းဒေသသို့ စစ်ကောင်စီလေယာဉ်အသွားအလာ ရှိနေပြီး လွန်ခဲ့သည့် ၄ရက် (ဖေဖော်ဝါရီ ၄ရက် ညနေပိုင်း)က ဂွမြို့နယ်အပိုင်၊ ကျိန္တလီမြို့နယ်၊ ကံ့ကော်တောင် (ကွက်သစ်)ကျေးရွာသို့ လေကြောင်းဗုံးကြဲမှုကြောင့် ဘုန်းတော်ကြီးကျောင်းတကျောင်းနှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးခဲ့သေးသည်။
Nas- နိုင်ငံတလွှား လေကြောင်းကင်းထောက်အဖွဲ့၏ မှတ်တမ်းများအရ စစ်ကောင်စီလေတပ်သည် ပုသိမ်လေယာဉ်ကွင်းကို ၂၀၂၄ခု၊ သြဂုတ်လဆန်းပိုင်းကတည်းက စတင်အသုံးပြုကာ ရခိုင်ပြည်ဘက်သို့ ကြိမ်ဖန်များစွာ ပျံသန်းခဲ့ကြောင်း သိရသည်။
“အနည်းဆုံး ပုသိမ်လေယာဉ်ကွင်းကို သိမ်းနိုင်ရင်တောင် ကြဲခံရတာ နည်းနည်းသက်သာဖို့”ဟု အဝေးရောက် ကျိန္တလီဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ကျိန္တလီမြို့သည် ရခိုင်ပြည်တောင်ဘက်ခြမ်းဒေသတွင်တည်ရှိပြီး သံတွဲမြို့နှင့် ဂွမြို့ကြားရှိ နယ်နိမိတ်မြို့ဖြစ်သည်။ ကျိန္တလီမြို့နယ်သည် ၂၀၂၄ခုနှစ် ဩဂုတ် ၁၀တွင် စတင်ကာ အောက်တိုဘာပထမပတ်အထိ ပြင်းထန်ခဲ့သည့် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် မြို့ဖြစ်သည်။
၂၀၂၄၊ ဩဂုတ်လအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ကျိန္တလီ ဘုရားကျောင်းအတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်ပြည်သူ ၁၂ဦးထက်မနည်း သေဆုံးခဲ့ဖူးသည်။ ထို့အတူ မှတ်တမ်းမတင်နိုင်သည့် အရပ်သားသေဆုံးမှုများစွာရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ကျိန္တလီပြည်သူ့ဆေးရုံနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ ဘုရား၊ ကျောင်းကန်နှင့် သာသနိကအဆောက်အအုံများ၊ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ကျိန္တလီမြို့နယ်အတွင်း ၂၀၂၄ ဩဂုတ်လကတည်းက တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး မြေပြင်သတင်းအချက်အလက်များ၊ လူထု ထိခိုက်နစ်နာမှုများကို လွတ်လပ်သော သတင်းမီဒီယာများက လက်လှမ်းမီခြင်း၊ မှတ်တမ်းတင်နိုင်ခြင်း မရှိသလောက်နည်းပါးလျှက်ရှိသည်။
စစ်ကောင်စီသည် ကျိန္တလီမြို့နယ်အတွင်းရှိ ချင်းကွင်းကျေးရွာတံတားနှင့် ကျိန္တလီမြစ်ကူးတံတားတို့ကို မိုင်းခွဲဖျက်ဆီးကာ ထွက်ပြေးသွားသည်မှာ ၄လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သည်။
ရခိုင်ပြည်တောင်ဘက်ခြမ်းဒေသတွင် ၂ဖက်တိုက်ပွဲများ မရှိတော့ဘဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုရန် စိုးရိမ်ရသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
ဓာတ်ပုံ- ABN