
အခုအခါ ကျနော်တို့အားလုံး ခေတ်တစ်ခေတ်ထဲ အလျားလိုက် ဖြတ်သန်းနေကြပါတယ်။ ခေတ်ကြီးထဲကို ဖြတ်သန်းကြရာမှာ တချို့လည်း အလိုက်သင့် အလျားသင့် ဖြတ်သန်းသွားနိုင်ကြတဲ့သူတွေ ရှိတယ်။ တချို့ကတော့ ခေတ်ကြီးထဲမှာ ရုန်းရင်းကန်ရင်း ယက်ကန်ယက်ကန်နဲ့ ပါသွားကြတယ်။
တချို့မှာ ဒလိမ့်ခေါက်ကွေး မြောပါသွားတာတွေလည်း ရှိပါတယ်။ သေချာတာကတော့ ခေတ်ကြီးက ဘယ်သူ့ကိုမှ ကျောက်ချရပ်နားခွင့် ပေးမထားဘူး။ ခေတ်ရဲ့သယ်ဆောင်ရာ လိုက်ပါချင်သည်ဖြစ်စေ၊ မလိုက်ပါချင်သည်ဖြစ်စေ ငြင်းပယ်ခွင့်မရှိဘဲ အားလုံးလိုက်ပါ စီးမြောကြရစမြဲ။
ခေတ်ဆိုးစနစ်ဆိုးနဲ့ ကြုံကြိုက်လာရတဲ့အခါ လူတွေရဲ့ ကာလအတန်ကြာ ပုန်းလျှိုးနေတဲ့ အညံ့စား စိတ်တွေဟာ ခေါင်းပြူထွက်လာတတ်ကြတယ်။
ဒီနေ့ခေတ်မှာ အပြောင်းအလဲတွေက သိပ်မြန်တယ်။ လူမှုဒုက္ခတွေကလည်း ဘယ်ခေတ်နဲ့မှ မတူအောင် များပြားလှတယ်။ ကုန်ဈေးနှုန်း ဂရပ်မျဉ်းက အမြဲထောင်မတ်နေတယ်။ ဒီအထဲ ငြိတွယ်စေတတ်တဲ့ လောကီအာရုံ ကာမဂုဏ်တွေက နည်းပေါင်းစုံနဲ့ သွေးထိုးနေကြသေးတယ်။
ခေတ်ဆိုးစနစ်ဆိုးကို ကျော်ဖြတ်ကြရာမှာ တချို့သောသူတွေရဲ့ ယုံကြည်ချက် ရပ်တည်ချက်တွေက ထင်မှတ် မထားရလောက်အောင် ယိုင်နဲ့သွားကြတယ်။ ဘဝအမောတွေ သောကဗျာပါဒတွေက မီးထိုးလိုက်တဲ့အခါ အဲသည်လူတွေက ခံနိုင်ရည် မရှိကြတော့ဘူး။ အကျဉ်းအကျပ် ကြုံရတဲ့အခါ လူမှုစည်းကမ်းတွေကို မျက်နှာလွှဲခဲပစ် ကျော်လွှားကြသူတွေလည်း ရှိပါတယ်။
ဖျော်ဖြေရေးသမားအချို့လည်း ဖောက်လွှဲဖောက်ပြန် လောကဓံထဲပါဝင်တယ်။ ဒီကာလမှာပဲ အကြောင်း မညီညွတ်လို့ ငယ်စာရင်း ဖျက်လိုက်ရသူတွေသည်ပင် ရှိပါတယ်။ အရလွယ်ပြီး အချောင်ကြိုက်ကြသူတွေအဖြစ် သမိုင်းက ကမ္ဗည်းရေးထိုးသွားမှာ ဖြစ်ပါတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတော့ အဲသည်လို အဆံချောင် အချောင်သမားတွေကို ကျွန်ခေတ်မှာ လူရာဝင်ချင်တဲ့သူတွေရယ်လို့ အနာပေါ်တုတ်ကျအောင် ပြောဆိုခဲ့တယ်။ ဒါပေမဲ့ လောကဓမ္မတာအရ လောကမှာ လူဆိုးချည်း မရှိနိုင်ပါဘူး။
မျှော်လင့်စရာ လူရည်လူမွန်တွေလည်း ရှိနေပါသေးတယ်။ ကုန်ဈေးနှုန်းနဲ့ လူမှုဒုက္ခအဝဝကို ခါးစည်းခံရင်း စာရိတ္တမဏ္ဍိုင်ကို မြင့်မြင့်မားမား လွှင့်ထူထားကြသူတွေလည်းရှိတယ်။ အဲသည်လို လူတွေက လေးစားစရာပါပဲ။
သိက္ခာကို ရိက္ခာနဲ့ မလဲလှယ်ကြသူတွေ ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကျင့်တရားတို့ ကိုယ်ရည်ကိုယ် သွေးတို့ဟာ ကာလတိုက်စားမှုဒဏ်ကို ခံနိုင်ရည်ရှိကြရမဲ့ စံချိန်စံညွှန်းတွေသာဖြစ်ပါတယ်။ ခေတ်စနစ်ကို ယိုးမယ်ဖွဲ့ပြီး စာရိတ္တမဏ္ဍိုင်ကို ယိုင်နဲ့သွားလို့ မဖြစ်ပေဘူး။
အများမိုးခါးရေသောက်တိုင်း လိုက်သောက်စရာ လိုအပ်လို့လား။ လူညီညီ မညီညီ ဤဟာဤ ကျွဲဟာကျွဲ သာ ဖြစ်ပါတယ်။
တချို့က ခေတ်စနစ်ကို လက်ညှိုးထိုးပြီး ကိုယ့်စရိတ္တကို ကိုယ်တိုင် မြောင်းထဲဆွဲချသွားကြသူတွေလည်း ဒီကာလမှာ မမြင်ချင်မှ အဆုံးပါပဲ။ အဲဒီလိုလူတွေဟာ ခေတ်စနစ်ကောင်းမှာရော ဘယ်လောက်ထိ ကိုယ်ရည်ကိုယ်သွေး ကောင်းမှာလဲ မေးခွန်းထုတ်ရပါလိမ့်မယ်။
ဒီနေ့ခေတ်က အရွေ့မြန်သလောက် လူတိုင်းကိုယ်စီမှာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်တွေက အနည်းနဲ့ အများဆိုသလို ရှိကြတာချည်းပါပဲ။ ဒဏ်ရာအတိမ်အနက်ပေါ်မူတည်ပြီး ခံစားရတဲ့ ဝေဒနာတွေကတော့ တစ်ယောက်နဲ့တစ်ယောက် ထပ်တူမကျနိုင်ပါဘူး။
တချို့ ဒဏ်ရာတွေက သေရာပါ ဒဏ်ရာဒဏ်ချက်တွေအဖြစ် တသက်တာလုံး ထရော်မာတွေ ပါသွားကြတော့မှာ ဖြစ်ပါတယ်။ တချို့လူတွေကတော့ ကံဆိုးလွန်းစွာပဲ လောကဓံရဲ့ အထုအထောင်းကြောင့် ကိုယ်စိတ်နွမ်းကြေ ဖြေလျော့ခွေ ဖြစ်နေရပါတယ်။
သူကိုယ့်ကို ကဲ့ရဲ့ဝေဖန် ပစ်တင်မှု မလုပ်ကြဘဲ စာနာနားလည်ပေးဖို့ အထူးလိုအပ်ပါတယ်။ တသက်လုံး ကိုယ့်လယ် ကိုယ့်ယာ မက်မောလွန်းလို့ ရွာက ခြေတဖဝါးမှ မခွာချင်တဲ့ အရီးတို့ ဒွေးလေးတို့လည်း မြို့ပေါ်တိုက်ခန်းကျဉ်းကျဉ်းမှာ ကျုတ်ထဲ ကြွေပစ်နေကြရပြီ။
ဘဝမှာ မြေဖြူတစ်ချောင်းရှိရင် ထမင်းတစ်လုပ်တော့ မခဲယဉ်းပါဘူးလို့ ကြွေးကြော်ခဲ့တဲ့ လုပ်သက်ရင့် ကျောင်းဆရာတစ်ယောက်လည်း အခုတော့ လက်သုပ်ပုဝါ ခါးကြားထိုးလို့ ရှမ်းခေါက်ဆွဲသည် ဖြစ်နေပါပြီ။
ရုံးယူနီဖောင်းလေးနဲ့ စမက်ကျကျ ဖီးလိမ်းပြင်ဆင်တတ်ကြတဲ့ ရုံးစာရေးမတချို့လည်း ခေတ်ရဲ့ လိုအပ်ချက်အရ စက်ဘီးတစ်စီးနဲ့ မိုးမလင်းမီ ကတည်းက ဒယ်လီတွေ လိုက်ပို့နေပါပြီ။ လူတွေရဲ့ လူမှုဘဝဟန်ပန်တွေက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ပါတယ်။
ခေတ်ကြီးက အားလုံးကို အယုတ်အလတ် အမြတ်မရွေး ဇကာတိုက်ချလိုက်ပါပြီ။ ကိုယ်ရည်ကိုယ်သွေး ညံ့သူတွေ။ စာရိတ္တမဏ္ဍိုင် မခိုင်မာသူတွေ ။ အစွမ်းအစနည်းသူတွေ ဇကာပေါက်အောက် ဒလိမ့်ခေါက်ကွေး ကျသွားနိုင်ပါတယ်။ မိတ်ဆွေတို့ကို ကိုယ်ရည်ကိုယ်သွေးကောင်းတဲ့ ဇကာတင်ကျန်ရစ်သူတွေအဖြစ် ကျနော် လက်မထောင်ချင်ပါတယ်။ ကျနော့်ကို ဂုဏ်ယူခွင့်ပေးပါ။