BattleNews

ပဒဲကောကျေးရွာသို့ လက်နက်ကြီးကျည်ကျကာ အရပ်သားအမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံး

သံတွဲ၊ ၁၁၊ ဇူလိုင်၊ ၂၀၂၄။

ယနေ့ နံနက် ၉နာရီဝန်းကျင်တွင် သံတွဲ-ဂွလမ်းပေါ်ရှိ(သံတွဲမြို့မှ ၄မိုင်ခန့်အကွာ) ပဒဲကော ကျေးရွာ ကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ကာ ဒေသခံ သက်ကြီးပိုင်းအမျိုးသမီးတဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

“ပဒဲကောအဝင် တံတားအကျော်နားက အုန်းရည်ဆိုင်နားမှာ ဖြစ်တာ၊ အစ လည်ပင်းထဲ ဝင်သွားတယ်လို့လည်းပြောတယ်၊ ဝမ်းဗိုက်ပွင့်သွားတယ်လို့လည်းပြောတယ်၊ အလောင်းက လမ်းဘေးမှာ ခုထိ မကောက်ရသေး” ဟု သံတွဲဒေသခံတဦးက ဒွါရာဝတီသို့‌ပြောသည်။

အဆိုပါအဖြစ်အပျက်ကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ရွာလုံးကျွတ် တိမ်းရှောင် နေရသလို၊ စစ်ကောင်စီ၏ ကွမ်းဝိုင်းရေတပ်မှနေ၍ အတွဲလိုက်ဒုံးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရသည်။

ယခုဖြစ်ရပ်သည် သံတွဲ-ဂွလမ်းအပိုင်းတွင် လက်နက်ကြီးကျည်ကြောင့် ပထမဆုံးဖြစ်ပွားခဲ့သည့် အရပ်သားသေဆုံးမှုဖြစ်သည်။

အလားတူ ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ဆရာစံလမ်းကိုလည်း လက်နက်ကြီး ကျည်ကျရောက်ခဲ့ကြောင်း ကနဦး သိထားရပြီး အခြေအနေအသေးစိတ်ကို သတင်း ရယူနိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငပလီကမ်းခြေ၊ ဂျိတ္တောရပ်ကွက်သို့ လက်နက်ကြီးကျည် ကျရောက်မှု ကြောင့် အရပ်သားတဦးသေဆုံးပြီး၊ သံတွဲမြို့၊ အမှတ်(၄) ရပ်ကွက်၊ ညောင်ပင်ဈေးရှိ နေအိမ်တလုံး ပေါ်သို့ကျရောက်ကာ သက်ကြီးပိုင် အိမ်ရှင်လင်မယား ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

မနေ့ညက ယနေ့ညနေပိုင်းတွင် သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသို့လည်း လေကြောင်းဗုံးကြဲခြင်း ကြောင့် အရပ်သားအမျိုးသမီးတဦးသေဆုံးခဲ့ပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင် ၇၊ ၈၊ ၉၊ ၁၀ ရက် များတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် မြို့ပေါ်ရပ်ကွက်နှင့် လူနေကျေးရွာများကို ဆက်တိုက်ဆိုသလို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း၊ ရေတပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း တို့ကို ပြုလုပ်နေပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်းတို့ ဖြစ်ပွားနေသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button