
တောင်ကုတ်၊ ၉၊ ဇူလိုင်၊ ၂၀၂၄။
စစ်ကောင်စီတပ်က အမြှောက်လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိခြင်းကြောင့် တောင်ကုတ်မြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ တောင်ကုတ်ခရိုင် တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်း ကျေးရွာအုပ်စု၊ ခွေးတောက်ရွာအတွင်းသို့ ယနေ့ နံနက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် နေအိမ် ၁ လုံး ပြိုကျသွားပြီး အချို့နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း တောင်ကုတ်မြို့ ဒေသခံတစ်ဦးကပြောသည်။
လက်နက်ကြီးကျရောက်မှုကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း တောင်ကုတ်-ပြည် ရိုးမဖြတ်ကျော်လမ်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန် နေခြင်းကြောင့် ဒွါရာဝတီက အတည်ပြုနိုင်ရန် ခက်ခဲနေသည်။

“ခွေးတောက်ရွာဆိုတာ ရိုးပေါ်က ချင်းနဲ့ရခိုင် ပေါင်းနေကြတဲ့ရွာ၊ လက်နက်ကြီးကျည်ထိတာ အိမ် ၂လုံးထိတယ်ကြားတယ်၊ ဒီနေ့ နေ့လည် ၂ နာရီလောက်ကစ ရိုးပေါ်တိုက်ပွဲပြင်းထန်နေလို့ လိုင်းတွေအကုန်ဖြတ်ချထားတယ်” ဟု တောင်ကုတ်ဒေသခံတဦးက ပြောသည်။
ဇူလိုင်လ ၄ ရက်နေ့က စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကျဲခြင်းကြောင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၏ မြောက်ဘက် ၂၅ မိုင်အကွာရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် ပေါက်အင်းရွာရှိ ဘုန်းတော်ကြီးကျောင်း သာသနိက အဆောက်အဦတချို့ ထိခိုက်ပျက်စီးခဲ့ပြီး သံဃာတစ်ပါ ဗုံးစရှပ်ထိခဲ့ပြီး၊ လက်ရှိတွင် ဒဏ်ရာသက်သာလာပြီဖြစ်ကြောင်း အဆိုပါကျေးရွာနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိရာ အရပ်သား ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု တစတစပိုမိုတိုးလာလျက်ရှိသည်။
တောင်ကုတ်မြို့တွင် ဇွန် ၁၅ရက်ညပိုင်းမှ စတင်ကာ တိုက်ပွဲစတင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ၏ လေကြောင်းဗုံးကြဲခြင်းကြောင့် သင်ချီကိုင်းကျေးရွာမှ ကိုယ်ဝန်ဆောင် အမျိုးသမီးငယ်တဦး အပါအဝင် အမျိုးသမီး ၂ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။
အလားတူ အသက် ၁၇နှစ် ဝန်းကျင်အရွယ် မောင်အောင်လှိုင်ဝင်းကို လေကြောင်းမှကြဲသည့် ဗုံးစထိမှန်ခဲ့ကာ ဇွန်လ ၁၆ရက်တွင် တောင်ကုတ်ဆေးရုံသို့ပို့ဆောင် ဆေးကုသမှုခံယူနေစဉ် အသက်ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ ပန်းတင်းတိုက်နယ်၊ ကံဆိပ်ကျေးရွာသို့ ဇွန် ၁၈ နံနက် ၁၀နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲသဖြင့် အရပ်သား အမျိုးသမီး ၂ဦး သေဆုံးခဲ့သည်။
ဓာတ်ပုံ- ဒေသခံများ၏လူမှုကွန်ရက်စာမျက်နှာ