BattleNews

ငပလီဘက်မှ ဒဏ်ရာရ စစ်ကောင်စီ စစ်သားအချို့ သံတွဲမြို့တွင်းသို့ ပြေးလာ

သံတွဲ၊ ၇၊ ဇူလိုင်၊ ၂၀၂၄။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြင်းထန်နေသည့် ငပလီကမ်းခြေဘက်မှ ဒဏ်ရာရ စစ်သားအချို့နှင့် မိသားစုဝင်အချို့ သံတွဲမြို့တွင်းသို့ ‌ပြေးလာသည်ကို တွေ့ရကြောင်း သံတွဲမြို့ပေါ်ရပ်ကွက်ရှိ ဒေသခံများထံမှ ဒွါရာဝတီက စုံစမ်းသိရှိရသည်။

စစ်ကောင်စီအထိုင်ချထားပြီး တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိသေးသည့် သံတွဲမြို့ပေါ်သို့ ပြေးလာကြသည့် စစ်ကောင်စီစစ်သားများသည် သံတွဲနှင့် ငပလီကြားရှိ နန်းချောင်းကျေးရွာအနီးဝန်းကျင်ရှိ တောတောင် များထဲမှ ထွက်လာခြင်းဖြစ်ကြောင်း မျက်မြင်ကြုံတွေ့ခဲ့သူ တဦးက ပြောသည်။

“မနေ့တုန်းက ဒိုးဒေါင် ဒန်ဂိုဆီဆောင်နောက်ကျ တောင်တွေကနေ ပြေးလာပြီး၊ ဆီဆိုင်ကို ဖြတ်ချတာ၊ ကလေးတွေနဲ့ မိန်းမတွေလည်းပါတယ်၊ ၅၅က လက်ကျန်တွေ တောထဲက ပြေးလာတယ်လို့ ကြားတယ်” ဟု သူက ပြောသည်။

အလားတူ ယနေ့ မွန်းလွဲပိုင်းတွင်လည်း လက်နက်ပါ ဒဏ်ရာရ စကစအရာရှိနှင့် တပ်သားအချို့လည်း သံတွဲမြို့တွင်းသို့ ဝင်လာပြီး၊ ခလရ ၅၅ တပ်ရင်းမှ ပြေးလာသည့် နောက်ဆုံးလက်ကျန် အသုတ်ဖြစ် ကြောင်း အကြမ်းဖျင်းသိရသည်။

သံတွဲမြို့ခံတဦးက “စစ်သား ၄ယောက်မှာ တယောက်က သေနတ်ပါတယ်၊ သူက ဗိုလ်အဆင့်၊ သူ့ခြေထောက်ဟာ လူသေကောင်ခြေထောက်လိုပဲ ယောင်ကိုင်းနေတယ်၊ နောက်တယောက် အသက် ၆၀လောက်အရွယ် သူ့မျက်လုံးတွေဟာ ကျွတ်ကျဖို့လိုပဲ၊ ပြည်တွေကျပြီး၊ နောက်၂ယောက် ကတော့ ဒဏ်ရာမရထားဘူး” ဟု ပြောသည်။

သူက ဆက်လက်၍ “ထောက်ပို့ ပို့ပေးမယ်ဆိုပြီး စောင့်ရင်းနဲ့ တောထဲမှာနေပြီး မစားရ မသောက်ရဘဲ စောင့်နေရတာ ၁၅ရက်လောက်ကြာပြီတဲ့၊ ရမ်းသမ်းပစ်နေရတာ၊ ကိုယ့်လူကိုယ်ပစ်မိမှန်း၊ ဘယ်သူ့ ပစ်မိမှန်း မသိတဲ့” ဟု ဒွါရာဝတီသို့ပြောသည်။

ယင်းသို့ တောထဲမှ ထွက်လာကာ သံတွဲမြို့ပေါ်သို့ တက်လာသည့် ဒဏ်ရာရ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် သံတွဲအကျဉ်းထောင်က ချောဆွဲ ထားသည့် ကားဖြင့် ခေါက်တိုကြိုပို့ပေးနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်း သိရသည်။

“အကျိုးအပဲ့တွေကို ထောင်ထဲမှာ ဆေးကုနေတယ်လို့ကြားတယ်၊ မနေ့ညက ထောင်မှာတပ်စွဲထားတဲ့ စစ်သားတချို့ မြို့ပေါ်က ဆေးဆိုင်တခုမှာ အိမ်ခေါင်မိုးကို ခဲနဲ့ထုနှိုးပြီး အရေးပေါ်ဆေးတချို့ လာဝယ် တယ်” ဟု သံတွဲဒေခံတဦးက သူကြားရသည့် အခြေအနေကို ပြောသည်။

ဇွန်လ ၂ရက်နေ့မှ စတင်ခဲ့သည့် ငပလီတိုက်ပွဲများသည် အစောပိုင်းတွင် ငပလီ၏ မြောက်ဘက် အကျဆုံး ရပ်ကွက်ဖြစ်သည့် ဂေါ့ရပ်ကွက်မှ ယခုရက်ပိုင်းအတွင်း ငပလီကမ်းခြေတောင်ဘက်ပိုင်းရှိ ငပလီမြို့ရှောင်လမ်း၊ စန်းတောင်ကြီးနောက်ကျောသို့ရောက်ရှိလာကာ တိုက်ပွဲများ ပြင်းထန်နေသည်။
မြေပြင်တိုက်ပွဲများကို စစ်ကောင်စီရေတပ်၊ မြေပြင် လက်နက်ကြီးများနှင့် လေကြောင်းက ပစ်ကူ ပေးခြင်း များကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရခြင်း အရေအတွက် တိုးလာနေသည်။

လက်ရှိတွင် သံတွဲမြို့ပေါ်ရှိအကျဉ်းထောင်နှင့် သံတွဲဆေးရုံအနီးရှိ သာသနာ့ဗိမ္မာန်အနီးတွင် စစ်ကောင်စီ က တပ်စွဲထားသည်။

ဓာတ်ပုံ- အေအေ အင်ဖို။
ပုံစာ- စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့၏ တပ်မိသားစုဝင်များကို တွေ့ရစဉ်။
(ပုံဟောင်း)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button