
သံတွဲ၊ ဇွန် ၂၅၊ ၂၀၂၄။
သံတွဲမြို့အနီးတိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ဘေးကင်းရာသို့ တိမ်းရှောင်သွားကြသည့် စစ်ဘေးရှောင်များ အနက် လမ်းစရိတ်မတတ်နိုင်၍ လမ်းလျှောက်စစ်ရှောင်ရသူများကို ဒေသခံပရဟိတအဖွဲ့များက မော်တော်ယာဉ် များဖြင့် ပို့ဆောင်ပေးပြီး ကူညီခဲ့ရသည်ဟု သိရသည်။
သံတွဲမြို့မှ ဂွမြို့သည် ၈၅ မိုင်ဝန်းကျင်ကွာဝေးပြီး အဆိုပါ ခရီးကို လမ်းလျှောက်ကာ စစ်ရှောင်သူများလည်းရှိ သည်ဟု ဒေသခံများက ပြောသည်။

ဇွန် ၂၄ ရက် ယမန်နေ့က သံတွဲမြို့မှ ဘေးကင်းရာသို့ ရှောင်တိမ်းကြရာတွင် မော်တော်ယာဉ်၊ ဆိုင်ကယ်၊ သုံးဘီစသည့် မော်တော်ယာဉ်များဖြင့် တိမ်းရှောင်ခဲ့ကြသူများရှိသလို လမ်းစရိတ်မတတ်နိုင်၊ သွားစရာယာဉ် မရှိသဖြင့် လမ်းလျှောက်ကြရသည့် မိသားစုဝင်များသည်လည်း သံတွဲ-ဂွကားလမ်းတစ်လျှောက် အများအပြားတွေ့ခဲ့ရသည်ဟု သံတွဲမြို့မှ ဂွဘက်သို့ စစ်ရှောင်ခဲ့ရသည့် သံတွဲမြို့ခံတစ်ဦးက ပြောသည်။
ဂွမြို့နယ်အတွင်းမှ ဒေသခံတစ်ဦးက “ အသက်ကြီးတဲ့သူ၊ ကလေးနဲ့ မသန်စွမ်းတွေ သွားဖို့ခက်ခဲနေလို့ဆိုပြီး အကူအညီတောင်းကြတာတွေရှိတယ်။ ဒါတွေကိုလည်း ကူညီပေးကြတာ၊ ပြီးတော့ သွားစရာ မရှိလို့ လမ်းလျှောက်စစ်ရှောင်သူတွေကိုလည်း ပရဟိတအဖွဲ့တွေက ဝိုင်းကူညီပေးကြတာရှိတယ်” ဟု ဆိုသည်။
လူမှုကွန်ရက်ဖေ့ဘွက်စာမျက်နှာတွင် သွားလာရေးခက်ခဲသဖြင့် အကူအညီတောင်းခံသူများရှိသလို အချို့သော မော်တော်ယာဉ်ပိုင်ရှင်များကလည်း သံတွဲမှ ဂွအထိ အခမဲ့ကူညီပို့ဆောင်ပေးမည်ဆိုသော ပို့စ်များကိုလည်း မြင်တွေ့ခဲ့ရသည်။

ဂွမြို့ပေါ်ရှိ ပရဟိတအဖွဲ့တစ်ခုကလည်း သံတွဲမြို့ရွှေကျောင်းပြင်ရွာမှ စစ်ရှောင်လာသည့် မျက်မမြင်မသန်စွမ်း တစ်ဦးအပါအဝင် သက်ကြီးရွယ်အိုများနှင့် ကလေးများ စုစုပေါင်း ၂၁ ဦးကို ခေါ်ယူသယ်ဆောင်ပေးကာ တစ်ည တာအတွက် နေဖို့၊ စားဖို့ကိုပါ ကူညီစီစဉ်ပေးခဲ့ကြသည်ကို တွေ့ရသည်။
ထို့အပြင် ခရီးဆက်လိုသည့် အဆိုပါစစ်ရှောင်များအဆင်ပြေနိုင်စေရန်လည်း ဆက်လက်ကူညီပေးနိုင်မည့် သူများကို ချိတ်ဆက်ပေးခြင်းများကိုလည်း ပရဟိတအဖွဲ့တွေက လုပ်ပေးခဲ့ကြသည်။

ဇွန်လ ၂၅ ရက် ယမန်နေ့က သံတွဲမြို့မှ မြို့ခံထောင်ချီသည် သံတွဲမြို့တောင်ဘက်ရှိ နီးစပ်ရာကျေးရွာများနှင့် မြို့များသို့ စစ်ရှောင်သွားကြရာ သံတွဲမြို့သည် ခြောက်ကပ်၍ ကျန်ခဲ့သည်။
ဓာတ်ပုံ-စစ်ဘေးရှောင်ပြည်သူများကို ဒေသခံပရဟိတအဖွဲ့အချို့က ဝိုင်းဝန်းကူညီပေးကြစဉ်။ (ဒေသခံတစ်ဦး၏ ဖေ့ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)