HealthNews

တောင်ကုတ်မြို့တွင် ဆေးဝါးနှင့် ရိက္ခာအချို့ ပစ္စည်းပြတ်

တောင်ကုတ်၊ ဇွန် ၂၄၊ ၂၀၂၄။

တောင်ကုတ်မြို့သို့ ကုန်စည်သယ်ယူပို့ဆောင်နိုင်မည့် လမ်းကြောင်းများပိတ်ဆို့ထားခြင်းကြောင့် မြို့တွင်းပိတ်မိနေသော ဒေသခံများ ဆေးဝါးနှင့် အခြေခံ စားနပ်ရိက္ခာများ ပစ္စည်းပြတ်လပ်လာနေပြီ၊ ကုန်ဈေးနှုန်းများ အဆမတန်ဈေးတက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ဒွါရာဝတီသို့ ပြောသည်။

“ရေယုန်လိမ်းဆေးတောင် ဝယ်မရဘူး၊ စားအုန်းဆီလည်း ပစ္စည်းပြတ်နေပြီ၊ အမျိုးတွေအတွက် ရှိတဲ့ဆန်အိတ်လေး မျှပေးဖို့ လှေနဲ့သယ်တော့လည်း လမ်းမှာသိမ်းခံကြရသူတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့သို့ ကုန်စည်စီးဆင်းနိုင်သည့် မြို့နယ်များမှာ ရခိုင်ရိုးမတဖက်တွင် ပြည်မြို့၊ မြို့၏ တောင်ဘက် မိုင် ၄၀ကျော်အကွာက သံတွဲမြို့၊ မြို့၏ မြောက်ဘက်တွင် မအီမြို့နယ်ခွဲနှင့် အနောက်ဘက် တွင် ရေကြောင်းမှတဆင့် ကုန်စည်များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းများရှိသည်။

သို့သော် သံတွဲမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး၊ မြို့လုံးကျွတ် စစ်ဘေးရှောင်နေရသည်။ အလားတူ မြို့ ၏မြောက်ဘက်ရှိ မအီမြို့နယ်ခွဲသို့ သွားလာနိုင် သည့် လမ်းများကို စစ်ကောင်စီက ဖျက်ဆီးထားခြင်း ကြောင့် အဆက်အသွယ်ပြတ်တောက်လျှက် ရှိသည်။ ရခိုင်ရိုးမပေါ်တွင် အာရက္ခတပ်တော်(အေအေ) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရိုးမဖြတ်ကျော်လမ်းကို အသုံးပြု၍ မရပေ။

တောင်ကုတ်မြို့၏ နယ်ဘက်မှ ဆန်နှင့် ဟင်းသီးဟင်းရွက်များကို ရေကြောင်းမှတဆင့် သယ်ယူ ရောင်းချကြသူများကိုလည်း စစ်တပ်က ဖမ်းဆီးကာ ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တွေ့ ကြုံရသူများ၏ ပြောကြားချက်များအပေါ်မူတည်ကာ တောင်ကုတ်ဒေသခံတဦးက ပြောသည်။

“လှေမှာ လူများများပါရင် များများပေးရတယ် ၃ သိန်းကနေ ၁၀ သိန်းကြားတောင်းတတ်တယ်၊ ရေလမ်းဖမ်းတဲ့ဂိတ်တွေက တနေရာတည်းမဟုတ်၊ တစီးနဲ့တစီး ပေးရတဲ့နေရာ အကြိမ်ရေလည်း မတူကြဘူး” ဟု အဆိုပါ တောင်ကုတ်ဒေသခံက ပြောသည်။

အလားတူ မြို့ပေါ်ရှိဆေးဆိုင်များ၊ အစိုးရဆေးရုံများတွင်လည်း ဆေးဝါးများပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကင်ဆာအဆင့် ၃ လူနာအတွက် ဆေးဝါးအရေးပေါ်လိုအပ်နေပြီး မြို့အတွင်း ဝယ်ယူမရဖြစ်နေ၍ ဆေးရှိသူများ မျှရောင်းပေးစေလိုကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

လက်ရှိမှာ တောင်ကုတ်မြို့တွင် ကြက်သွန်နီ တပိဿာ ၂ သောင်း ၂ထောင်ကျပ်၊ ကြက်သွန်ဖြူ တပိဿာ ၄သောင်းကျပ်၊ ပဲဆီ တပိသာ ၃ သောင်း ၈ ထောင်ကျပ်၊ ဆန်ကြမ်းတပြည်လျှင် ၄၅၀၀ ကျပ်မှ ၅ထောင်ကျပ်၊ ရခိုင်ဆန်ချော တပြည်လျှင် ၆ထောင်မှ ၈ ထောင်ကျပ်၊ 92 စက်သုံးဆီ တလီတာလျှင် ၁ သောင်း ၈ ထောင်ကျပ်မှ ၂ သောင်းကျပ် အကြားပေါက်ဈေးရှိနေပြီး အချို့မှာ ပစ္စည်းပြတ် လျက်ရှိကြောင်း တောင်ကုတ်မြို့တွင် ပိတ်မိနေသည့် အိမ်ရှင်မများထံမှ သိရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button