
သံတွဲ၊ ၂၄၊ ဇွန်၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဇွန်လဆန်းကတည်းက တိုက်ပွဲပြင်းထန်နေသည့် ငပလီကမ်းခြေမြို့ရှိ မဇင်လေဆိပ်(သံတွဲလေဆိပ်/ ငပလီ လေဆိပ်)ကို ယနေ့ သိမ်းဆည်းလိုက်ပြီး၊ စစ်သားနှင့် ရဲဝန်ထမ်းမိသားစု ၁၄၀ ဦး ဝန်းကျင် ဖမ်းမိထားကြောင်း အေအေနှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးထံမှ သိရသည်။
“လက်နက်မချတဲ့ စစ်သားတွေနဲ့ ရဲတွေရဲ့ မိန်းမနဲ့ သားသမီးတွေကို ဖမ်းမိထားတယ် ” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်တွေ၊ အမ်း၊ သံတွဲ စသည့် မြို့ ၃မြို့ရှိ လေဆိပ်များကို အဓိက အသုံးပြုနေပြီး၊ ယခု ငပလီလေဆိပ်သည် အေအေ သိမ်းပိုက်မိသည့် ပထမဆုံး လေဆိပ်လည်းဖြစ်သည်။
လေဆိပ်အတွင်း လေယာဉ် ၂ စီးကိုပါ ရရှိထားကြောင်း သိရသည်။
ဇွန် ၂ ရက်က အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သည့် ဂေါ့တိုက်ပွဲတွင် စစ်ကောင်စီသည် ငပလီလေဆိပ်ကို ပိတ်သိမ်းလိုက်ပြီး လေဆိပ်ထဲတွင် လက်နက်ကြီးများအထိုင်ချကာ အနီးဝန်းကျင်ကျေးရွာများကို ရှော့တိုက်ဒုံးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။
လတ်တလောတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ငပလီကမ်းခြေမြို့၊ ဇီးဖြူကုန်း ရပ်ကွက်နောက်ကျောနှင့် သံတွဲမြို့ပြင်ရှိ ရွှေကျောင်းပြင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွား လျှက်ရှိသည်။
ဓာတ်ပုံ-ငပလီမြို့၊ မဇင်လေဆိပ်(သံတွဲလေဆိပ်)။