စက်တင်ဘာ ၂၈၊ ၂၀၂၄။
ရခိုင်တောင်ပိုင်းဒေသ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအနီးတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အေအေ၏ စက်တင်ဘာ ၂၇ ညသန်းခေါင် ထုတ်ပြန်ချက်အရသိရသည်။
ဂွမြို့နယ်၊ ကျောက်ပါးစပ်ရွာအနီး၊ အရှေ့တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာ ကျိန္တလီကားလမ်းမအနီးရှိ တောင်ကုန်းတွင်လည်း စက်တင်ဘာလ (၂၄) ရက်နေ့၊ နေ့လယ် (၁) နာရီ (၅၀) မိနစ်မှ နေ့လယ် (၃) နာရီ (၂၀) မိနစ်အထိ နှစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အေအေထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျိန္တလီမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဩဂုတ် ၁၀ ရက်က စတင်ခဲ့သည့် ကျိန္တလီတိုက်ပွဲများသည် ဩဂုတ် ၁၈ ရက်တွင် ကျိန္တလီမြို့၏ တောင်ဘက် ၂ မိုင်အကွာရှိ (ဂွဘက်သို့အထွက်ဘက်) ကျောက်ပါးစပ်ကျေးရွာသို့ ရွေ့လျားလာပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် သြဂုတ်လ နှောင်းပိုင်းတွင် ကျောက်ပါးစပ်ကျေးရွာမှ ဆက်လက်ရွေ့လျားကာ ကျိန္တလီမြို့ နှင့် ၅မိုင်ခန့်အကွာ ကံ့ကော်တောင်ကျေးရွာအနီးတွင် ကာလအတန်ကြာ ဆက်လက်တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ တိုက်ပွဲသံများသည် သြဂုတ်နှောင်းပိုင်းနှင့် စက်တင်ဘာလလယ် အတွင်း ရက်အတန်ကြာ တိတ်ဆိတ်သွားခြင်း၊ ပြန်လည်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်ပွားနေခဲ့ကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။
သြဂုတ် ၁၀ရက်နေ့တွင် စတင်ခဲ့သည့် ကျိန္တလီမြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ဆေးရုံ၊ သာသနိက အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အအုံများ ပျက်စီးခဲ့ရသည်။
စစ်ရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းအား ဩဂုတ် ၁၂ ရက်က လေကြောင်းဗုံးကြဲ ခံရခြင်းကြောင့် အရပ်သား ၁၂ ဦးထက်မနည်း အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည်။
ကျိန္တလီမြို့ တိုက်ပွဲများအတွင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံများ၏ ပြောကြားချက်အရ တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးများကြောင့် သေဆုံးသူ အများအပြားမြင်တွေ့ခဲ့ရကြောင်း သိရသည်။
သို့သော် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မြေပြင် သတင်းအချက် အလက်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို မှတ်တမ်းတင်နိုင်ရန် ခက်ခဲနေဆဲဖြစ်သည်။
ဒေသခံများ၏အဆိုအရ စစ်ကောင်စီက သွားလာဆက်သွယ်ရေးနှင့် အခြေခံစားသောက် ကုန်စည်များသယ်ဆောင်ခြင်းကို ပိတ်ဆို့ဖြတ်တောက်ထားသည့်အတွက် ကျိန္တလီနှင့် ဂွမြို့ကြားရှိ ကျေးရွာများတွင် ခိုလှုံနေသည့် စစ်ရှောင် ပြည်သူများနှင့် ဒေသခံပြည်သူများသည် စားနပ်ရိက္ခာများ ပြတ်တောက်နေကြပြီး၊ အရေးပေါ် အကူအညီလိုအပ်နေသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ကျိန္တလီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲသည် ကာလအားဖြင့် ၁လခွဲဝန်းကျင် ကြာမြင့် လာပြီဖြစ်သည်။